ရန်ကုန်တိုင်းအတွင်း သတ်မှတ်ထားသည့် Stay Home ကာလကို ထပ်မံ တိုးမြှင့်ရန် ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း လူမှုရေးဝန်ကြီး ပြောကြား

ရန်ကုန်တိုင်းအတွင်း သတ်မှတ်ထားသည့် Stay Home ကာလကို ထပ်မံ တိုးမြှင့်ရန် ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း လူမှုရေးဝန်ကြီး ပြောကြား
Stay Home ကာလအတွင်း ရန်ကုန်မြို့အား တွေ့ရစဉ် (ဓာတ်ပုံ - သီဟအောင်)
Stay Home ကာလအတွင်း ရန်ကုန်မြို့အား တွေ့ရစဉ် (ဓာတ်ပုံ - သီဟအောင်)
Published 15 April 2020
ပြည့်ဖြိုးအောင်

ရန်ကုန်တိုင်းအတွင်း သတ်မှတ်ထားသည့်  Stay  Home ကာလကို ထပ်မံ တိုးမြှင့်ရန် ဝန်ကြီးချုပ်ထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊လူမူရေးဝန်ကြီး ဦးနိုင်ငံလင်းက ဧပြီ ၁၅ ရက်တွင် ပြောကြားသည်။

 

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း  Stay  Home ကာလကို ဧပြီ ၁၀  ရက်မှ ဧပြီ ၁၉  ရက် အထိ သတ်မှတ်ထားသည်။

 

"‌အဲ့ဒါက ကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်ကြီး ညွန်ကြားမှဖြစ်မှာပါ။ကျွန်တော်ကတော့ တင်ပြထားတယ်။ပြည်ထောင်စုကလည်း ထပ်ညွန်ကြားမှ လုပ်လို့ရမှာပါ"ဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

 

သင်္ကြန် ရုံးပိတ်ရက် ဧပြီ ၁၀ ရက် မှ ၁၉ရက်ထိ ကျန်းမာရေး ကိစ္စနှင့် အစားအသောက် ဝယ်ယူရန်မှအပ မိမိအိမ်တွင်သာနေထိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမိုးဟိန်းလက်မှတ်ဖြင့် ဧပြီ ၂ ရက် ရက်စွဲဖြင့် ညွှန်ကြားစာတစ်စောင် ထုတ်ပြန်ထားသည်။

 

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည့်စာတွင် မတ် ၂၅ ရက်တွင် ကျင်းပပြုလုပ်သည့် COVID-19 ရောဂါနှင့်ပတ်သက်သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညိီ စောင့်ရှောက်ပေးမူနှင့် သတ်မှတ်နေရာအ ဆောက်အဦးများတွင် ထားရှိပြီးအသွားအလာကန့်သတ်ခြင်း အစီအစဉ်နှင့် လုပ်ငန်းများတွင် ပြည်သူများမှ ပူးပေါင်းကူညီပါဝင်နိုင်ရေး သံသယလူနာများနှင့် ထိတွေ့မူရှိသူများကို ဖုန်းကွယ်ထားမူမရှိစေရေး ဆောင်ရွက်ရန် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ မတ် ၂၈တွင် အကြောင်းကြားလာကြောင်း ဖော်ပြထားသည်။

 

ထို့ကြောင့် COVID -19 ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီပံပိုးထောက်ပံရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူများမှအပ ပြည်သူများအနေဖြင့် သင်္ကြန် ကာလ ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၁၀ ရက်မှ ၁၉ရက်အထိ မဖြစ်မနေ ဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက် ဝယ်ယူခြင်း ကိစ္စရပ်မှလွဲပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းများ မပြုလုပ်ဘဲ မိမိနေအိမ်၌ ( Stay Home )နေထိုင်ခြင်းဖြင့် အသွားအလာ ကန့်သတ်ခြင်း အစီအစဉ်နှင့် လုပ်ငန်းများတွင် ပြည်သူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ယင်းစာတွင်ဖော်ပြထားသည်။

 

ထို့ပြင် ရပ်ကွက်များအတွင်း အပြင် ထွက်ရာတွင် ကဒ်ပြားများ ထုတ်ဝေနေသည့် ဆိုသော သတင်းများမှာ မဟုတ်ကြောင်း ဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

 

"အဲ့ဒါက လုံးဝမဟုတ်ပါဘူး။ ပုံမှန်က ကျွန်တော်တို့ ကဒ်ပေးတယ်ဆိုတာက လူတိုင်းကိုပေးတယ်ဆိုတာက Quarantine နဲ့ပတ်သက်ပြီး ထမ်းဆောင်တဲ့သူတွေ လိုအပ်သူတွေကို ‌ပေးထားတာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒါတောင်မလိုအပ်ဘူး။ ကျွန်တော်တို့ မေတ္တာရပ်ခံထားတာ stay at home ပဲ လုပ်ထားတာ။ အမိန့်လဲ ထုတ်ထားတာမဟုတ်ဘူး။ Lockdown လုပ်ထားတာလည်း မဟုတ်ဘူး"ဟု ဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

 

 

Most Read

Most Recent