စပါးအသင်းသည် အသင်းတိုက်စစ်မှူး ဟာရီကိန်းအတွက် မန်ယူအသင်းမှ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀၀)ဖြင့်ကမ်းလှမ်းလာလျှင် ရောင်းချဖွယ်ရှိကြောင်း Daily Mail က ဖော်ပြခဲ့သည်။
စပါ်းအသင်းဥက္ကဋ္ဌ လီဗီသည် ကိုရိုနာကပ်ဘေးအတွင်း အသင်းမှထွက်ခွာဖွယ်ရှိဟု ဟာရီကိန်း၏အရိပ်အမြွက်ပြောစကားကြောင့် မကြည်မလင်ဖြစ်နေပြီး အသင်း၏ဘဏ္ဍာရေးအခြေအနေကြောင့်လည်း ခွင့်ပြုရဖွယ်ရှိနေသည်။
စပါးအသင်းသည် အခြားပရီးမီးယားလိဂ်အသင်းများထက် ဘဏ္ဍာရေးစိုးရိမ်ကြောင့်ကြရမှု ပိုမြင့်နေပြီး ပေါင်တစ်ဘီလီယံကွင်းသစ်အတွက် အကြွေးများပေးချေရန်ရှိနေသည်။
သတင်းများအရ စပါးအသင်းမှာ ကွင်းသစ်ကို ချေးငွေ ပေါင်(၆၃၇)သန်းရယူကာ တည်ဆောက်ခဲ့ပြီး အပြောင်းအရွှေ့များတွင်လည်း ပေါင်(၈၃)သန်း ကြွေးမြီရှိနေကြောင်း သိရသည်။
ထို့ပြင် စပါးအသင်းအနေဖြင့် အသင်းဝန်ထမ်းများ၏လစာငွေအတွက် အစိုးရထံမှအကူအညီရယူထားရပြီး ယင်းသို့လုပ်ဆောင်မှုမှာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းများထဲတွင် တစ်သင်းတည်းသောအသင်းဖြစ်သည်။
ဟာရီကိန်းသည် ဇန်နဝါရီလတွင် တံကောက်ကြောဒဏ်ရာရပြီးကတည်းက ပွဲများမကစားနိုင်တော့ဘဲ လက်ရှိတွင် ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်လျက်ရှိသည်။
လက်ရှိကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးမှာ ၂၀၁၇ ခုနှစ်က နေမာ ဘာစီလိုနာမှ PSGအသင်းသို့ပြောင်းရွှေ့မှုတွင် ပေါင်(၁၉၈)သန်းဖြင့် စံချိန်တင်ထားခြင်းဖြစ်သည်။