နည်းပြ အာတီတာ ကစားလိုသည့်ပုံစံနှင့်ကိုက်ညီသည့်ကစားသမားများ အာဆင်နယ်အသင်းတွင်မရှိဟု အသင်းတိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်က မှတ်ချက်ပြုခဲ့သည်။
ကီဗင်ကမ်းဘဲလ်က အာဆင်နယ်အသင်းအနေဖြင့် မှန်ကန်သည့်ကစားသမားဖြည့်တင်းမှုများ လုပ်ဆောင်သွားရမည်ဟုလည်း တိုက်တွန်းခဲ့သည်။
ထို့ပြင် မန်စီးတီးအသင်းတွင် ဂွါဒီယိုလာ ပြုလုပ်နေသည့်ပုံစံအတိုင်း အာတီတာမှာ အာဆင်နယ်အသင်းကို တည်ဆောင်နေကြောင်းလည်း ၎င်းက ယုံကြည်လျက်ရှိသည်။
''ကံမကောင်းစွာပဲ အာတီတာဟာ ဒီရာသီမှာ အသင်းရဲ့တတိယမြောက်နည်းပြပါ။ ဒါကြောင့် သူ့အတွက် အခက်အခဲတွေ့မှုက ကြာရှည်နိုင်ပါတယ်။ အသင်းအတွက် သူဟာ သင့်တော်တဲ့နည်းပြလို့ ကျွန်တော် ယူဆပါတယ်။ အခုကစပြီး ကျွန်တော်တို့အနေနဲ့ အသင်းနဲ့အံ့ဝင်မယ့် ကစားသမားသစ်တွေကို ရှာဖွေသွားရမှာပါ။ လက်ရှိကစားသမားတွေနဲ့ အာတီတာ လိုချင်တဲ့ပုံစံအတိုင်း အံဝင်ခွင်ကျ ဖြစ်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး''ဟု ကီဗင်ကမ်းဘဲလ်က The Chronicles of a Gooner podcast သို့ ပြောကြားခဲ့သည်။
ကီဗင်ကမ်းဘဲလ်သည် အာဆင်နယ်အသင်းတွင် ၁၉၈၈ခုနှစ်မှာ ၁၉၉၅ ခုနှစ်အထိ လိဂ်ပွဲပေါင်း (၂၂၈)ပွဲကစားကာ (၄၆)ဂိုး သွင်းပေးခဲ့သည်။
ထို့ပြင် အသင်းနှင့်အတူ အမှတ်ပေးချန်ပီယံ(၁)ကြိမ်၊ ကွန်မြူနတီဒိုင်း(၁)ကြိမ်နှင့် Cup Winners' Cup (၁)ကြိမ် ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။
အာဆင်နယ်အသင်းသည် အာတီတာလက်ထက်တွင် ရှုံးပွဲ(၂)ပွဲသာရှိသေးသော်လည်း အသင်းအနေဖြင့် အရှိန်မြှင့်တင်ရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း သိရသည်။