တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ နယ်မြေသုံးခုနှင့် လမ်းသုံးခုတို့ကို ဆေးဖြန်းပြီး ၂၁ ရက် Lockdown ပြုလုပ်ထား

တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ နယ်မြေသုံးခုနှင့် လမ်းသုံးခုတို့ကို ဆေးဖြန်းပြီး ၂၁ ရက် Lockdown ပြုလုပ်ထား
Published 12 April 2020

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ နယ်မြေသုံးခုနှင့် လမ်းသုံးခုတို့ကို ဆေးဖြန်းပြီး ၂၁ ရက် Lockdown ပြုလုပ်ထားကြောင်း ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ နယ်မြေ (၅) (၆) (၇) တို့ရှိ ရှမ်းလမ်း၊ ဥသြလမ်းနှင့် မေတ္တာလမ်းတို့ကို ယမန်နေ့ ညဘက်အချိန်တွင် လမ်းများ၊ ပိုးတွေ့လူနာနေအိမ်နှင့် မော်တော်ယာဉ်တို့ကိုလည်း ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ အဆိုပါ လမ်း (၃) လမ်းကို (၂၁) ရက် Lockdown ပြုလုပ်ကာ ခေတ္တပိတ်ထားပြီး၊ အများပြည်သူ သိရှိနိုင်စေရန်အတွက် ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ လမ်းထိပ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အသံချဲ့စက်ဖြင့် လိုက်နာသိရှိနိုင်စေရန် ကြေညာပေးနေကြောင်း သိရသည်။

အဆိုပါ လမ်း (၃) ခုထိပ်တွင် တာဝန်ရှိသူများ စောင့်ကြပ်နေပြီး၊ လမ်းသုံးခု အတွင်းရှိ နေအိမ်များမှ ပြင်ပ မထွက်ခွာစေဘဲ၊ လုံခြုံရေး တာဝန်ရှိသူများက PPE ဝတ်စုံများဖြင့် စားသောက်စရာများကို ဝယ်ခြမ်းပြီး သွားရောက် ပေးပို့နေကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာ (Case-029) သည် Quarantine ရက် (၁၄) ရက် ပြည့်သော ညနေခင်းတွင် ကလောမြို့သို့ ပြန်မည့်သူနှင့် ခရီးလမ်းကြုံ လိုက်ပါလာခြင်းဖြစ်ပြီး၊ တောင်ကြီးမြို့မှ မိခင်နှင့် အမဖြစ်သူတို့မှ ကလောမြို့တွင် သွားရောက်ကြိုခဲ့ခြင်းဖြစ်ပြီး လမ်းတစ်ဝက်တွင် MOHS အဖြေထွက်မှန်း သိသဖြင့် အိမ်ကိုမပြန်စေတော့ဘဲ တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ တန်းမောင်းစေပြီး သီးသန့်ဆောင်တွင် ထားရှိကြပ်မတ်လျက် ရှိကြောင်း သိရသည်။

၎င်း၏ မိသားစုဝင်ဖြစ်သော လာကြိုခဲ့သည့် မိခင်နှင့် အမဖြစ်သူတို့သည် ဆေးရုံတွင် မနေဘဲ နေအိမ်ကို ပြန်လာသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ညောင်ရွှေဟော်ကုန်းရပ်ကွက် နေအိမ်ကို လာရောက် ခေါ်ဆောင်ခြင်းဖြစ်ပြီး စဝ်စံထွန်းဆေးရုံရှိ သီးသန့်ဆောင်တွင် ထားရှိစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာ (Case-029) လမ်းကြုံလိုက်စီးခဲ့သော ကလောမြို့ နေထိုင်သူကိုလည်း Quarantine ဆောင်ရွက်ထားပြီး၊ လမ်းခရီးတွင် ကလောမြို့၊ နှစ်ထပ်လမ်း ကျန်းမာရေး စစ်ဆေးရေးဂိတ်နှင့် တောင်လေးလုံးတို့ရှိ စစ်ဆေးရေး ဂိတ်တို့တွင်လည်း ကျန်းမာရေး စစ်ဆေးခဲ့ကြသဖြင့် အဆိုပါ ဂိတ်များတွင် တာဝန်ထမ်းဆောင်နေကြသော စေတနာ့ဝန်ထမ်းများကိုလည်း Quarantine ခံယူရန် ဆောင်ရွက်သင့်ကြောင်း မြို့ခံများက ဝေဖန်နေကြသည်။

 

Most Read

Most Recent