လီဗာပူးလ်ဂန္ထဝင် ဆာကန်နီဒဲလ်ဂလစ်ရှ်သည် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ခံထားရသဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ၎င်း၏မိသားစုက အတည်ပြုပြောကြားခဲ့သည်။
လီဗာပူးလ်ဂန္ထဝင် ဆာကန်နီဒဲလ်ဂလစ်ရှ်သည် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ခံထားရသဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ၎င်း၏မိသားစုက အတည်ပြုပြောကြားခဲ့သည်။
အသက် (၆၉)နှစ်အရွယ်ရှိပြီဖြစ်သည့် စကော့တလန်လူမျိုး ကန်နီဒဲလ်ဂလစ်ရှ်သည် လီဗာပူးလ်အသင်းသမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားတစ်ဦးဖြစ်ပြီး အသင်းနှင့်အတူ ကစားသမားဘဝတွင်သာမက နည်းပြဘဝတွင်ပါ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူဖြစ်သည်။
၎င်းသည် သွေးပြန်ကြောပြဿနာကြောင့် ဧပြီလ (၈)ရက်နေ့ကတည်းက ဆေးရုံတက်ရောက်ကာ ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ခံရထားကြောင်း ၎င်း၏မိသားစုက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ခံထားရသော်လည်း ကန်နီဒဲလ်ဂလစ်ရှ်၏ ကျန်းမာရေးမှာ အခြေအနေကောင်းမွန်ကြောင်း ၎င်း၏မိသားစုက ထုတ်ပြန်ခဲ့သည်။ သို့သော် လီဗာပူးလ်အသင်းပရိသတ်များသည် ကန်နီဒဲဂလစ်ရှ်အတွက် စိတ်ပူနေကြကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ကန်နီဒဲဂလစ်ရှ်မိသားစု၏ ထုတ်ပြန်ချက်တွင် "ဆာကန်နီ(ဒဲလ်ဂလစ်ရှ်)အနေဖြင့် သွေးလည်ပတ်မှုမကောင်းသဖြင့် ဧပြီလ (၈)ရက်တွင် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ကြောင်း၊ ယင်းသို့ ဆေးကုသမှုခံယူနေစဉ်အတွင်း ကန်နီဒဲလ်ဂလစ်ရှ်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ခံထားရကြောင်း သိရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ကန်နီဒဲလ်ဂလစ်ရှ်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါလက္ခဏာပြသခြင်းမရှိခဲ့ကြောင်း၊ သို့သော် ကံမကောင်းစွာဖြင့် ကန်နီဒဲလ်ဂလစ်ရှ်သည် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ခံထားရပြီး လက်ရှိအချိန်ထိလည်း ရောဂါလက္ခဏာပြသခြင်း မရှိသေးကြောင်း၊ လက်ရှိတွင် ကန်နီဒဲလ်ဂလစ်ရှ်အနေဖြင့် သီခြားခွဲခြားကာ ဆေးကုသမှုခံယူနေပြီး အစိုးရနှင့် ကျန်းမာရေးပညာရှင်များ၏ ညွှန်ကြားချက်ကို လိုက်နာရန် တိုက်တွန်းခဲ့ကြောင်း"ဖော်ပြပါရှိသည်။
ကန်နီဒဲလ်ဂလစ်ရှ်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ခံထားရကြောင်း သတင်းထွက်ပေါ်လာပြီးနောက် လီဗာပူးလ်ကစားသမားဟောင်း စတီဗင်ဂျရတ်(လက်ရှိ ရိန်းဂျားစ်နည်းပြ)အပါအဝင် လီဗာပူးလ်ကစားသမားဟောင်းများ၊ ဘောလုံးလောကမှ နာမည်ကျော်များနှင့် ပရိသတ်များက ၎င်းအတွက် ဆုမွန်ကောင်းများတောင်းပေးခဲ့ကြကြောင်း သိရသည်။
ကန်နီဒဲလ်ဂလစ်ရှ်သည် လီဗာပူးလ်အသင်းတွင် ၁၉၇၇ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ကစားခဲ့ပြီး အင်္ဂလန်ပထမတန်း (ယခု ပရီးမီးယားလိဂ်) ချန်ပီယံဆု (၆)ကြိမ်၊ ဥရောပဖလား (ယခု ချန်ပီယံလိဂ်) (၃)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၂၀)အထိ ရယူနိုင်ခဲ့သူဖြစ်သည်။
ထို့ပြင် ၎င်းသည် လီဗာပူးလ်အသင်းကို နည်းပြအဖြစ် (၂)ကြိမ် (၁၉၈၅ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ)ကိုင်တွယ်ခဲ့ရာတွင်လည်း အင်္ဂလန်ပထမတန်း (ယခု ပရီးမီးယားလိဂ်) ချန်ပီယံဆု (၃)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၁၁)လုံးအထိ ရယူပေးနိုင်ခဲ့သည်။