ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ဥက္ကဋ္ဌ အင်ဖန်တီနိုက ကိုရိုနာကပ်စ်ရောဂါဖြစ်ပွားနေချိန်တွင် ဘောလုံးပြိုင်ပွဲများကိုအလျင်အမြန်ပြန်လည်ကစားခြင်း မပြုလုပ်သင့်ကြောင်း သတိပေးပြောကြားခဲ့သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ဥက္ကဋ္ဌ အင်ဖန်တီနိုက ကိုရိုနာကပ်စ်ရောဂါဖြစ်ပွားနေချိန်တွင် ဘောလုံးပြိုင်ပွဲများကိုအလျင်အမြန်ပြန်လည်ကစားခြင်း မပြုလုပ်သင့်ကြောင်း သတိပေးပြောကြားခဲ့သည်။
ကမ္ဘာအနှံ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနေခြင်းကြောင့် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများကို ရပ်နားထားရပြီး ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများကို ပြန်လည်ကစားရန် စီစဉ်နေကြကြောင်း သိရသည်။
ဘွန်ဒစ်လီဂါပြိုင်ပွဲကို မေလလယ်ပိုင်းတွင် ပြန်ကစားရန် စီစဉ်သလို၊ အခြားဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများကိုလည်း မေလကုန်ပိုင်း သို့မဟုတ် ဇွန်လအစပိုင်းတွင် ကစားရန် စီစဉ်နေကြကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။
သို့သော် အင်ဖန်တီနိုက ကျန်းမာရေးမှာ အရေးအကြီးဆုံးဖြစ်ပြီး ကျန်းမာရေးကို အာမခံချက်မပေးနိုင်ဘဲ ဘောလုံးပွဲများ ပြန်ကစားခြင်းမှာ တာဝန်မဲ့သည့်လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အင်ဖန်တီနိုက "အခုအချိန်မှာ ကျွန်တော်တို့အားလုံးအတွက် အရေးအကြီးဆုံးအရာက ကျန်းမာရေးပါ။ ဒါက ကျွန်တော်တို့ နံပါတ် (၁)နေရာမှာ ထားရမယ့်အရာဖြစ်ပြီး တခြားလူတွေကိုလည်း လိုက်နာဖို့ တိုက်တွန်းရမှာပါ။ လူ့အသက်ထက် ဘယ်လိဂ်ပြိုင်ပွဲ၊ ဘယ်ပြိုင်ပွဲ၊ ဘယ်ဘောလုံးပွဲမှ အရေးမကြီးပါဘူး။ ဒါကို လူတိုင်း သိထားရမယ်။ အခုအခြေအနေမှာ (၁၀၀) ရာခိုင်နှုန်း လုံခြုံမှုမရှိဘဲ ဘောလုံးပြိုင်ပွဲတွေကို ပြန်ကစားမယ်ဆိုရင် ဒါက တာဝန်မဲ့တဲ့ လုပ်ရပ်ပဲ ဖြစ်မှာပါ။ တကယ်လို့
ကျွန်တော်တို့အနေနဲ့ အခြေအနေတည်ငြိမ်အောင် စောင့်ရမယ်ဆိုရင်လည်း စောင့်ရမှာပါ။ ဒီအခြေအနေမှာ စွန့်စားတာထက် စောင့်လိုက်တာက ပိုကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုရာသီ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများကို ဖျက်သိမ်းခဲ့ပါက လိဂ်ပြိုင်ပွဲများနှင့် ကလပ်အသင်းများမှာ ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းအတွက် မိမိတို့အနေဖြင့် ကူညီရန်အသင့်ရှိကြောင်းလည်း အင်ဖန်တီနိုက ပြောကြားခဲ့သည်။