ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအား ဖျက်သိမ်းပြီး လီဗာပူးလ်ကို ချန်ပီယံဆုပေးသင့်သည်ဟု ဟိုလီဘတ်စ် ပြောကြား

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအား ဖျက်သိမ်းပြီး လီဗာပူးလ်ကို ချန်ပီယံဆုပေးသင့်သည်ဟု ဟိုလီဘတ်စ် ပြောကြား
Photos: Getty Images
Photos: Getty Images
Published 10 April 2020

ဝက်ဖို့ဒ်နောက်ခံလူ ဟိုလီဘတ်စ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရပ်နားထားရသည့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအား ဖျက်သိမ်းသင့်ပြီး လီဗာပူးလ်အသင်းကို ချန်ပီယံဆုပေးသင့်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၉)အပြီးတွင် ရမှတ် (၈၂)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဒုတိယနေရာမှ(ပွဲကျန်တစ်ပွဲကစားရန် ကျန်ရှိနေသေးသည့်) မန်စီးတီးအသင်း (၅၇ မှတ်)ကို (၂၅)မှတ်အထိ ဖြတ်ထားသည်။

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးရန် (၉)ပွဲသာ လိုအပ်တော့ပြီး လီဗာပူးလ်အသင်းအနေဖြင့် နှစ်ပေါင်း (၃၀)ကြာ စောင့်ဆိုင်းခဲ့ရသည့် ပရီးမီးယားလိဂ်ဖလားကို ရရှိရန် သေချာသလောက်ဖြစ်နေသည်။ သို့သော် ကမ္ဘာအနှံ့တွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများကို ရပ်နားထားရပြီး ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် ကျင်းပနိုင်ရန် မသေချာသည့်အနေအထားတွင် ရှိနေသည်။

ဝက်ဖို့ဒ်နောက်ခံလူ ဟိုလီဘတ်စ်က မိမိအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် ကျင်းပနိုင်မည်မထင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဟိုလီဘတ်စ်က "ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် ကျင်းပနိုင်မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ လီဗာပူးလ်အသင်းကိုတော့ ပရီးမီးယားလိဂ်ချန်ပီယံဆု ပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နဲ့ထိုက်တန်လို့ပါ။ ဒီရာသီမှာ လီဗာပူးလ်အသင်းရဲ့ စွမ်းဆောင်မှု အရမ်းကို ကောင်းပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ်မှာ နံပါတ် (၁) အသင်းဆိုတာ လုံးဝထင်ရှားပါတယ်"ဟု Sky Sports သို့ ပြောကြားခဲ့သည်။ 

ဝက်ဖို့ဒ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၇)အပြီးတွင် ရမှတ် (၂၇)မှတ်ဖြင့် အဆင့် (၁၇)နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်ဖြစ်သည့် အဆင့် (၁၈)နေရာမှ ဘုန်းမောက်အသင်းနှင့် အမှတ်တူသော်လည်း ဂိုးကွာခြားချက်တွင် တစ်ဂိုးအသာရနေသည်။ 

 

Most Read

Most Recent