ယခုနှစ် AFC Cup တွင် ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ထားသည့် မောင်မောင်လွင် နောက်ဆုံးသုံးနှစ်အတွင်း စုစုပေါင်း ၁၀ ကြိမ် ဖန်တီးထား

ယခုနှစ် AFC Cup တွင် ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ထားသည့် မောင်မောင်လွင် နောက်ဆုံးသုံးနှစ်အတွင်း စုစုပေါင်း ၁၀ ကြိမ် ဖန်တီးထား
Photos : Yangon United Facebook
Photos : Yangon United Facebook
Published 9 April 2020

၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲတွင် ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ထားသည့် ရန်ကုန်ယူနိုက်တက်အသင်းတောင်ပံကစားသမား မောင်မောင်လွင်သည် နောက်ဆုံးသုံးနှစ်အတွင်း ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ် ထားကြောင်း AFC ၏ မှတ်တမ်းများအရ သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် AFC Cup ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်မှစတင်ကာ ပြိုင်ပွဲပုံစံ ပြောင်းလဲကျင်းပခဲ့ပြီး ၂၀၁၇ မှ ၂၀၂၀ အထိ ဂိုးဖန်တီးမှုအများဆုံး ကစားသမားစာရင်းကို ပြီးခဲ့သည့်ရက်ပိုင်းက ဖော်ပြ ခဲ့ ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်း တောင်ပံကစားသမား မောင်မောင်လွင်သည် ဂိုးဖန်တီးမှု ၁၀ ကြိမ်ဖြင့် စတီဖင်ရှာရော့ခ်၊ မန်နီအော့သ်၊ ဖတ်ခူလိုတို့နှင့်အတူ ထိပ်ဆုံး၌ ရပ်တည်နေခြင်းဖြစ်သည်။

AFC သည် ဂိုး ဖန်တီးမှုအများဆုံးစာရင်းကို ပြိုင်ပွဲပုံစံသစ် ဖြင့် ကျင်းပသည့် ၂၀၁၇ ခုနှစ်မှစတင်၍ တွက်ချက်ခြင်းဖြစ်ပြီး မောင်မောင်လွင်သည် ၂၀၁၈ ခုနှစ်မှ AFC Cup ပြိုင်ပွဲ ကစားခွင့်ရသော်လည်း ထိပ်ဆုံးတွင် ပူးတွဲရပ်တည် နိုင်ခဲ့ခြင်းဖြစ်သည်။

မောင်မောင်လွင်သည် ရန်ကုန်အသင်းသို့ ရောက်ရှိလာသည့် ၂၀၁၈ ရာသီမှသာ AFC Cup ပြိုင်ပွဲတွင် ကစားခွင့်ရ ခြင်းဖြစ်ပြီး ၁၇ ပွဲကစားပြီးနောက် ၁၀ ကြိမ် ဖန်တီးပေးထားသည်။

ယခုရာသီ AFC Cup ပြိုင်ပွဲမှာ အုပ်စု ပွဲများ ပြီးဆုံးခြင်းမရှိသေးဘဲ ပထမအကျော့ သုံးပွဲ ကစားအပြီးတွင် ကိုရိုနာဗိုင်းရပ်စ် ကြောင့် ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။

ရန်ကုန်အသင်းသည် ပထမအကျော့အပြီး တွင် သုံးပွဲကစား ခုနစ်မှတ်ဖြင့် အုပ်စုဒုတိယနေရာ ရပ်တည်နေပြီး အာဆီယံဇုန် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရရန် မျှော်လင့်ချက်ရှိနေသည်။

ရန်ကုန်အသင်းသည် ပထမအကျော့ သုံးပွဲစလုံးကို အိမ်ကွင်းကစားခဲ့ရပြီး ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်းနှင့် နှစ်ဂိုးစီသရေကျကာ လာအိုကလပ် လာအိုတိုယိုတာအသင်းကို (၃-၂) ဂိုး၊ စင်ကာပူကလပ် ဟောင် အန်ယူနိုက်တက်အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ရန်ကုန်အသင်းသည် ပထမအကျော့ သုံးပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး AFC ၏ မှတ်တမ်းများအရ မောင်မောင်လွင်အနေ ဖြင့် တစ်ဂိုးသွင်းယူကာ သုံးကြိမ်ဂိုးဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။

မောင်မောင်လွင် ၂၀၁၇ ရာသီကုန်တွင် ဟံသာဝတီအသင်းမှ ရန်ကုန်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပထမဆုံးရာသီမှာပင် ရန်ကုန်အသင်းနှင့်အတူ ရာသီကြိုချာရတီဖလား၊ အမှတ်ပေးချန်ပီယံဆု၊ ရှုံးထွက်ချန်ပီယံဆုများ ရရှိခဲ့သည်။

မောင်မောင်လွင်သည် ရန်အောင်ကျော်နှင့် ကျော်ဇင်ထက်တို့ ၏နောက်တွင် ရန်ကုန်အသင်းတတိယအသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ပေးခံထားရသည်။

 

Most Read

Most Recent