AA အဖွဲ့နှင့် ၎င်းတို့နှင့် ဆက်နွှယ်သူများ၏ ငွေကြေးများ၊ ပစ္စည်းများနှင့် ရန်ပုံငွေများကို ထိန်းချုပ်တားမြစ်ရန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ကြေညာ

AA အဖွဲ့နှင့် ၎င်းတို့နှင့် ဆက်နွှယ်သူများ၏ ငွေကြေးများ၊ ပစ္စည်းများနှင့် ရန်ပုံငွေများကို ထိန်းချုပ်တားမြစ်ရန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ကြေညာ
Published 26 March 2020
မင်းနိုင်စိုး

ရခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (UKA/AA) အား အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အုပ်စုအဖြစ် မတ် ၂၃ ရက်တွင် ကြေညာခဲ့ပြီးနောက် ယခုအခါ ULA/AA အဖွဲ့နှင့် ၎င်းတို့နှင့် ဆက်နွှယ်သူများ၏ ငွေကြေးများ၊ ပစ္စည်းများနှင့် ရန်ပုံငွေများကို ထိန်းချုပ်တားမြစ်ရန် မတ် ၂၅ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

ULA/AA အဖွဲ့အား အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများသည် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းခြင်း နည်းဥပဒေများ၏ နည်းဥပဒေ ၃၃၊ နည်းဥပဒေ ၃၄ ၏ နည်းဥပဒေ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့အရ ULA/AA အဖွဲ့ ၏ ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ ရန်ပုံငွေများကို မိမိတို့ လက်ဝယ်တွင် ရှိ၊ မရှိ စိစစ်မည် ဖြစ်သည်။

ယင်းသို့ စိစစ်ရာတွင် ရုံးဖွင့်ရက် သုံးရက်အတွင်း အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများကို တားဆီးနှိမ်နင်းရေး လုပ်ငန်းကော်မတီသို့ တင်ပြရန်တွေ့ရှိပါက ကြိုတင်သတိပေးခြင်းနှင့် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ထိန်းချုပ်မှု ပြုလုပ်ရန်၊ ယင်းထိန်းချုပ်ထားသည့် ရန်ပုံငွေစာရင်းနှင့် အရေးယူဆောင်ရွက်ထားရှိမှုများအား အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှုအား တားဆီးနှိမ်နင်းရေး လုပ်ငန်းကော်မတီသို့ ဆောလျင်စွာ တင်ပြရန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ညွှန်ကြားသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ခြင်းမှ ရုပ်သိမ်းသည့်အချိန်အထိ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာသတ်မှတ်ချက်အမိန့်သည် အာဏာသက်ရောက်သည်ဟုလည်း ယခုကြေညာချက်တွင် ဖော်ပြခဲ့သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆ (ဍ) နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းခြင်းနည်းဥပဒေ ၁၁ တို့တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီမှ ထုတ်ပြန်သည့် တားမြစ်မိန့်သည် ထိန်းချုပ်မိန့်တစ်ရပ်အား ထုတ်ပြန်ခြင်းခံရသည့် မည်သည့်နိုင်ငံသားမဆို သို့မဟုတ် မြန်မာနိုင်ငံအတွင်း နေထိုင်သည့် သို့မဟုတ် တည်ရှိသည့် မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမဆို သတ်မှတ်ကြေညာခြင်းခံရသူ သို့မဟုတ် အဖွဲ့အစည်းများက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများနှင့် ယင်းတို့၏ကိုယ်စား သို့မဟုတ် ယင်းတို့၏ ညွှန်ကြားချက်အရ ဆောင်ရွက်သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများ၏ အကျိုးစီးပွားအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရန်ပုံငွေ သို့မဟုတ် အခြားသော ပိုင်ဆိုင်မှုတစ်စုံတစ်ရာ၊ စီးပွားရေး အရင်းအမြစ်များ သို့မဟုတ် ဘဏ္ဍာရေး သို့မဟုတ် အခြားဆက်စပ်ဝန်ဆောင်မှုများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ သို့မဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီ၏ အကြောင်းကြားချက်မရှိဘဲ ဆောင်ရွက်ပေးခြင်း မပြုလုပ်ရန် ညွှန်ကြားသည်ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ယခုကြေညာချက်တွင် ဖော်ပြခဲ့သည်။

Most Read

Most Recent