ကျိုက်ထီးရိုးဘုရားဖူး အစီအစဉ်များကို အမြန်ဆုံးရပ်ဆိုင်းထားရန် မွန်ပြည်နယ်အစိုးရအဖွဲ့ထံ ပြည်နယ်လွှတ်တော်မှ အကြောင်းကြားစာပေးပို့

ကျိုက်ထီးရိုးဘုရားဖူး အစီအစဉ်များကို အမြန်ဆုံးရပ်ဆိုင်းထားရန် မွန်ပြည်နယ်အစိုးရအဖွဲ့ထံ ပြည်နယ်လွှတ်တော်မှ အကြောင်းကြားစာပေးပို့
ဘုရားဖူး ခရီးသွားတရက်လျှင် ငါးထောင်ခန့် လာရောက်ဖူးမြော်သည့် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်အား တွေ့ရစဉ် (ဓာတ်ပုံ- ဘိုဘိုမြင့်)
ဘုရားဖူး ခရီးသွားတရက်လျှင် ငါးထောင်ခန့် လာရောက်ဖူးမြော်သည့် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်အား တွေ့ရစဉ် (ဓာတ်ပုံ- ဘိုဘိုမြင့်)
Published 17 March 2020
ဘိုဘိုမြင့်

ကျိုက်ထီးရိုးဘုရားဖူး အစီအစဉ်များကို အမြန်ဆုံးရပ်ဆိုင်းထားရန် မွန်ပြည်နယ်အစိုးရအဖွဲ့ထံ ပြည်နယ်လွှတ်တော်မှ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ ့က နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အား ထပ်ဆင့်ထုတ်ပြန်ခဲ့ပြီး လိုက်နာဆောင်ရွက်သွားရန် ညွန်ကြားခဲ့ပြီးဖြစ်သည်ကို သိရှိရကြောင်း၊ သို့သော် ကျိုက်ထီးရိုးဘုရားဖူး အစီအစဉ်များနှင့် စပ်လျဉ်းပြီး ပိတ်ရန်အစီအစဉ်မရှိကြောင်းနှင့် ဘုရားဖူးများအား ကိုယ်အပူချိန်တိုင်း ကရိယာဖြင့် တိုင်းတာ၍ ခွင့်ပြုမည်ဟု ကြားသိခဲ့ရပြီး တချို့သော မြို့နယ်များတွင်လည်း ဘာသာ၊ သာသနာအခြေပြုပွဲတော်များ ဆက်လက်ကျင်းပမည့် အခြေအနေများ ကြားသိရသဖြင့် COVID-19 ကူးစက်ရောဂါအခြေအနေနှင့် စပ်လျဉ်းပြီး အလွန်စိုးရိမ်ပူပန်ကြကြောင်း အဆိုပါ ညှိနှိုင်းအကြောင်းကြားစာအရ သိရသည်။

မတ်၁၆ ရက်က ပြုလုပ်ခဲ့သည့် လွှတ်တော်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် အသီးသီးမှ ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးအစီအစဉ်အား ဆိုင်းငံ့ခြင်းမပြုဘဲ ကျန်းမာရေးဝန်ထမ်းများ၏ စိစစ်ခွင့်ပြုချက်များဖြင့် ခွင့်ပြုဆေင်ရွက်စေခြင်းသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ COVID-19 အား ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းစဉ်နှင့် သွေဖီလျက်ရှိကြောင်း၊ ထို့ပြင် ပေါင်မြို့နယ် ဇင်းကျိုက်ဘုရားပွဲတော်၊ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာတွင်ပြုလုပ်မည့် ဘုန်းကြီးပျံပွဲတော်နှင့် ဆက်စပ်သည့် ဇာတ်ပွဲကပြမှုများ ကျင်းပမည်ဟု ကြားသိရသဖြင့် ဆိုင်းငံ့ထားစေလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်အသီးသီးက ဆွေးနွေးခဲ့ကြောင်း အကြောင်းကြားစာအရ သိရသည်။

ကျိုက်ထီးရိုးဘုရားဖူး အစီအစဉ်အပါအဝင် ဘုရားပွဲများ၊ ဘုန်းကြီးပျံပွဲများ၊ ရိုးရာ လက်ဝှေ့ပွဲများ၊ ပွဲတော်များနှင့် ဆက်စပ်သည့် ဇာတ်ပွဲကပြမှု အစရှိသော ပွဲတော်များအား နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်နှင့် အညီအမြန်ဆုံး ရပ်ဆိုင်းထားသင့်ကြောင်းနှင့် ကူးစက်ကပ်ရောဂါအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ထိထိရောက်ရောက် ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များကို မြို့နယ်အလိုက်အဖွဲ့များဖွဲ့စည်း၍ လိုအပ်သလို အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အကြောင်းကြားစာအရ သိရသည်။

“ ကမ္ဘာ့နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်လို၊ အီတလီလို နိုင်ငံတွေမှာတောင်မှ ဒီ COVID-19 ရောဂါကိုထိန်းချုပ်လို့ မနိုင်သေးတာကို ကျွန်တော်တို့လို ကျန်းမာရေးအသုံးစရိတ်၊ ကျန်းမာရေးဝန်ဆောင်မှု လိုအပ်ချက်တွေရှိနေသေးတဲ့ နိုင်ငံမှာ ဒီရောဂါနဲ့ပတ်သက်လို ့ဘာတွေကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီလဲ။ ကြိုတင်ပြင်ဆင်မှုတွေ ဘာမှမလုပ်ထားဘဲနဲ့ ဒီနေ့မနက်က ကျိုက်ထီးရိုးတောင်ခြေမှာ လူတွေကြိတ်ကြိတ် တိုးစည်ကားနေတာဟာ ရောဂါကို ဖိတ်ခေါ်နေသလိုဖြစ်နေတယ်” ဟု သထုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေအမှတ် (၂) ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောကြားသည်။

“ သထုံခရိုင်ပြည်သူ့ဆေးရုံမှာတောင် အသက်ရှုစက်မရှိလို ့အခုအလှူငွေတွေစုပြီး ဝယ်လှူဖို ့စီစဉ်နေတုန်းပါ။ အဲဒီလိုအခြေအနေမျိုးမှာ ဒီလိုဘုရားပွဲတော်တွေ ခွင့်ပြုထားတာဟာ မဖြစ်သင့်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကျိုက်ထီးရိုးစေတီတော်သို့ နေ့စဉ် ပြည်တွင်းပြည်ပ ဘုရားဖူး၊ ခရီးသွားဦးရေ ၅၀၀၀ ခန့် လာရောက်လျက်ရှိသည်။

Most Read

Most Recent