လပွတ္တာမြို့တွင် အသက် ၁၃ နှစ်အရွယ် ကလေးငယ်အား ငွေရှစ်သောင်းကျပ် ခိုးယူသည် ဟုဆိုကာ ဓာတ်ဆီဟု ယူဆရသည့် အရည်လောင်း၍ မီးရှို့မှုဖြစ်ပွား

လပွတ္တာမြို့တွင် အသက် ၁၃ နှစ်အရွယ် ကလေးငယ်အား ငွေရှစ်သောင်းကျပ် ခိုးယူသည် ဟုဆိုကာ ဓာတ်ဆီဟု ယူဆရသည့် အရည်လောင်း၍ မီးရှို့မှုဖြစ်ပွား
Published 23 February 2020
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တွင် ဖေဖော်ဝါရီ ၁၉ရက်က တုနှိုင်းမမှီထမင်းနှင့် ရခိုင်မုန့်တီဆိုင်တွင် ဆိုင်အကူအဖြစ် လုပ်ကိုင်နေသည့် ကလေးငယ်တစ်ဦးအား ငွေရှစ်သောင်းကျပ် ခိုးယူသည် ဟုဆိုကာ ဆိုင်ရှင်ဖြစ်သူက ဓာတ်ဆီဟု ယူဆရသည့် အရည်လောင်း၍ မီးရှို့ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားမှုအပေါ် ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီမှ ဖေဖော်ဝါရီ ၂၃ ရက်တွင် လပွတ္တာမြို့ မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက်တွင် လပွတ္တာမြို့ အမှတ်(၁)ရပ်ကွက် စည်ပင်သာယာလမ်းရှိ တုနှိုင်းမမှီထမင်းနှင့် ရခိုင်မုန့်တီဆိုင်တွင် မိခင်နှင့်အတူ ဆိုင်အကူအဖြစ် လုပ်ကိုင်နေသော မောင်ဖိုးစနေ အသက် ၁၃ နှစ်အား ဆိုင်ရှင်ဖြစ်သူ ဒေါ်ချိုချိုစန်းက ဆိုင်ရှိ ငွေကျပ်ရှစ်သောင်းအား ခိုးယူခဲ့သည်ဟုဆိုကာ ညနေ ၃နာရီခန့်မှ စ၍ ဆူပူကြိမ်းမောင်းခဲ့ကြောင်း၊ ထို့နောက် ယင်းနေ့ ည ၁ဝနာရီခန့်တွင် ဆိုင်ရှင်ဖြစ်သူ ဒေါ်ချိုချိုစန်းမှာ မောင်ဖိုးစနေအား ပျောက်ဆုံးနေသည့် ငွေကြေးများနှင့်ပက်သက်၍ ဆက်လက်စစ်ဆေးရာတွင် မောင်ဖိုးစနေ၏ ခန္ဓာကိုယ်ပေါ်သို့ ဓာတ်ဆီဟု ယူဆရသည့် အရည်တစ်မျိုးကို လောင်းချကာ ပျောက်ဆုံးနေသည့် ငွေကြေးများနှင့် ပက်သက်၍ မပြောပါက မီးရှို့မည်ဟု လက်တွင် အသင့်ကိုင်ထားသော မီးခြစ်အား ပြသကာ ခြိမ်းခြောက်ခဲ့ကြောင်း၊ ထိုသို့ စစ်မေးနေစဉ် မီးခြစ်မှ မီးပွင့်ကာ မောင်ဖိုးစနေ၏ ခန္ဓာကိုယ် အပေါ်တစ်ခြမ်းလုံးနီးပါး မီးလောင်ကျွမ်းခဲ့ရပြီး လပွတ္တာ သုံးမိုင်မြို့သစ်ရှိ ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း၊ ယင်းသို့ တင်ပို့ရာတွင် မောင်ဖိုးစနေမှာ ဆိုင်အတွက် ချက်ပြုတ်ထားသော ဟင်းချိုအိုးမှောက်ကျရမှာတစ်ဆင့် အပူလောင်သွားသည်ဟုဆိုကာ ဆေးကုစေခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူအချို့က လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် သတင်းများဖြန့်ဖြူးရာမှ ကလေးငယ်မှာ ဟင်းချိုအိုးမှောက်ခြင်း မဟုတ်ဘဲ မီးလောင်ဒဏ်သင့်သည့် ဒဏ်ရာများဟု ယူဆရသောကြောင့် ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီက လပွတ္တာမြို့သို့ လာရောက်စုံစမ်းပြီးနောက် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“ကျွန်တော်တို့ကတော့ Facebook သတင်း Online သတင်းတွေအရ ကြားသိရတယ်၊ ဒီဖြစ်စဉ်အပေါ်မှာ ကြားသိရတဲ့ ဖြစ်စဉ်အပေါ်မှာ မြေပြင်မှာ တကယ်လက်တွေ့ ဟုတ်မဟုတ်ဆိုတာ မနေ့က ၂၂ရက်နေ့က လပွတ္တာမြို့ကို ရောက်ရှိပြီးတော့ ဒဏ်ရာရရှိတဲ့ ကလေးကိုလည်း ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ ကြည့်ရှုသုံးသပ်တယ်။ ဒီဖြစ်စဉ်ကို သုံးသပ်တော့ ဒါသည် တစ်စုံတစ်ဦးက နှိပ်စက်လို့ဆိုပြီး သုံးသပ်တဲ့အတွက် ကျွန်တော်တို့ မျက်မြင်သက်သေရှာတယ်။ အဲဒီတော့ မျက်မြင်သက်သေကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ မျက်မြင်သက်သေရဲ့ ထွက်ဆိုချက်အရ ဒါသည်ရည်ရွယ်ချက်ရှိရှိ ညှင်းပန်းနှိပ်စက်တာလို့ သုံးသပ်ပြီးတော့ ကျွန်တော်တို့ ရဲစခန်းမှာ အမှုဖွင့်တိုုင်ကြားခဲ့ပါတယ်။ ကလေးနာမည်က မောင်ဖိုးစနေပါ။ အသက် ၁၃နှစ်ပါ။ သူက ဆိုင်အကူ အလုပ်သမားလေးပါ။ လပွတ္တာမြို့ အမှတ်(၁) ရပ်ကွက် စည်ပင်သာယာလမ်း တုနှိုင်းမမှီ ထမင်းနဲ့ ရခိုင်မုန့်တီဆိုင်မှာ ဆိုင်အကူလုပ်တာပါ။ မိခင်နဲ့အတူ ဆိုင်ရှင်အမျိုးသမီးက ငွေကြေးကွာခြားမှုကို အကြောင်းပြုပြီးတော့ ကလေးကို ပြန်လျော်မလား။ အဖြေပြောမလားဆိုပြီးတော့ ဆူပူကြိမ်းမောင်းတယ်။ နေ့လည်ပိုင်းမှာ ကြိမ်းမောင်းပြီးတော့ ညရောက်တဲ့အထိလည်း ပြောရင်ပြော မပြောရင် မီးရှို့မယ်နော်။ ရှို့မယ်နော်ဆိုပြီးတော့ ခေါင်းပေါ်ကို အရည်ပါဗူးတစ်ဗူးနဲ့ လောင်းချတယ်။ ဘာလဲလို့တော့ မသိရဘူးပေါ့။ အဝေးကမြင်ရတာ၊ လောင်းချပြီးတော့ လက်တစ်ဖက်က မီးခြစ်နဲ့ပြပြပြီးတော့ ခြောက်နေတယ်။ တစ်ချိန်မှာပဲ လက်ထဲက မီးခြစ် မီးပွင့်ပြီးတော့ ကလေးကို မီးဟုန်းခနဲထလောင်ပြီးတော့ ကလေးခန္ဓာကိုယ်တစ်ခုလုံး အပေါ်ပိုင်းတစ်ခုလုံး မီးလောင်ဒဏ်ရာ ရတာပါ။ အဲဒီမှာ လပွတ္တာမြို့ရဲ့ တုနှိုင်းမမှီဆိုင်ပိုင်ရှင် ဒေါ်ချိုချိုစန်းက အဲဒီဖြစ်စဉ်ကို အရည်လောင်းတာရော မီးခြစ်နဲ့တို့တာရော သူကိုယ်တိုင်လုပ်တယ်လို့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ ကျွန်တော်တို့က အခု လပွတ္တာမြို့ မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားရခြင်းဖြစ်ပါတယ်။ ကလေးရဲ့ ကျန်းမာရေးကတော့ လပွတ္တာမြို့ သုံးမိုင်ဆေးရုံရဲ့ ကုသမှုအောက်မှာ လုံလောက်တယ်လို့ တွေ့ရှိရတယ်။ စဖြစ်စဉ်ထဲက အခြေအနေတော့ ကျွန်တော်တို့ မြင်တွေ့ရခြင်းမရှိဘူး။ ဒါပေမဲ့ ကလေးရဲ့ ပြောပြချက်၊ မိဘရဲ့ ပြောပြချက်အရတော့ စဖြစ်စဉ်ကနဲ့ စာရင်တော့ တိုးတက်ကောင်းမွန်လာပြီလို့ သိရတယ်” ဟု တရားလိုအဖြစ် အမှုဖွင့်တိုင်ကြားခဲ့သူ ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်၍ လပွတ္တာမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ဖြစ်စဉ်နှင့် ပက်သက်၍ (ပ) ၇၆/၂၀၂၀ ပြစ်မှုပုဒ်မ ၃၂၆ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ပြီး တရားလိုပြု တိုင်ကြားသူနှင့် မျက်မြင်သက်သေ အချို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် အမှုတည်ဆောက်နေဆဲဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

Most Read

Most Recent