မြန်မာ့ပင်လယ်ကမ်းခြေတွင် ပင်လယ်လိပ်ခွေး တက်ရောက်ဥချမှုကို ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့

မြန်မာ့ပင်လယ်ကမ်းခြေတွင် ပင်လယ်လိပ်ခွေး တက်ရောက်ဥချမှုကို ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့
ကျိန္တလီကမ်းခြေတွင် တက်ရောက်ဥချခဲ့သော ပင်လယ်လိပ်ခွေးကို တွေ့ရစဉ် (ဓာတ်ပုံ- KIFCA)
ကျိန္တလီကမ်းခြေတွင် တက်ရောက်ဥချခဲ့သော ပင်လယ်လိပ်ခွေးကို တွေ့ရစဉ် (ဓာတ်ပုံ- KIFCA)
Published 15 February 2020
မဖေငြိမ်း

မြန်မာ့ပင်လယ်ကမ်းခြေတွင် ပင်လယ်လိပ်ခွေး တက်ရောက်ဥချမှုကို ပထမဦးဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကျိန္တလီမြို့ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုဧရိယာ အတွင်းရှိ ပင်လယ်လိပ် ထိန်းသိမ်းရေး ဧရိယာ ဇုန် (၁) တွင် ပင်လယ်လိပ်ခွေး (Loggerhead Turtle) အမတစ်ကောင် တက်ရောက် ဥချသွားမှုကို ကျိန္တလီကမ်းခြေ ပင်လယ်လိပ် ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်များက မှတ်တမ်းတင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခြင်းဖြစ်ကြောင်း လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့မှ ဒေါ်ကလျာ၏ ပြောကြားချက်အရ သိရသည်။

“မြန်မာနိုင်ငံမှာ ပင်လယ်လိပ်တွေ လိပ်ဥဥတဲ့မှတ်တမ်းမှာ လိပ်ခွေးမရှိဖူးဘူး တစ်ခါမှလေ။ ရှိခဲ့ရင်လည်း မသိခဲ့ဘူးနေမှာ။ ဓာတ်ပုံတွေ ဘာတွေမရှိဘူး။ မျိုးပေါက်တွေလည်း မတွေ့ဖူးဘူးပေါ့။ မြန်မာပြည် List ထဲမှာ အဲဒါရှိတယ်လို့ ပြောပေမဲ့ တစ်ခါမှ evidence အနေနဲ့ မရှိဘူး။ ပြီးတော့ လိပ်ခွေးအသေတွေတော့ တွေ့ဖူးတယ်ပေါ့။ အဲဒါကလည်း ပင်လယ်ထဲမှာ သေပြီးတော့ ကမ်းကိုမျောလာတာမျိုး ဖြစ်မယ်ပေါ့နော်။ ဆိုတော့ လိပ်ခွေး ရှိ မရှိက မြန်မာပြည်မှာ Question Mark ဖြစ်နေတာပေါ့။ အဲဒါအခု ဒီနှစ် ပုန်းညက်ကမ်းခြေမှာတွေ့တော့ Record ဖြစ်သွားတာပေါ့။ မြန်မာနိုင်ငံအနေနဲ့ ပင်လယ်လိပ်ခွေး တက်ဥတာကို တွေ့ရှိတာ ဒါပထမဦးဆုံး အကြိမ်ပေါ့။ ပင်လယ်လိပ်ခွေးက များသောအားဖြင့် မြန်မာပြည်မှာ သိပ်မတွေ့ရဘူး။ ရေသဘော သဘာဝကလေ။ ရှိတယ်လို့တော့ List ထဲမှာ ထည့်ထားတယ်။ ဒါပေမဲ့ အန်တီအလုပ်လုပ်တဲ့ အနှစ် ၂၀ ကျော်မှာ တစ်ခါမှမတွေ့ဖူးဘူးပေါ့။ ဒီတစ်ခါတော့ ဓာတ်ပုံနဲ့တကွ ပထမဦးဆုံး တွေ့ခြင်းပဲပေါ့။ ပင်လယ်ပြင်ထဲမှာတော့ ရှိတယ်လေ။ သူတို့က စားကျက်မြေအဖြစ် သုံးတာရှိတယ်၊ သားဖောက်တဲ့ နေရာအတွက် သုံးတာရှိတယ်လေ။ အဲဒီတော့ အခုဒီလိပ်ခွေးက ကမ်းဝေးမှာ စားကျက်မြေအဖြစ် သုံးတာတော့ ကျိန်းသေတယ်။ ဒီလို ကမ်းနီးကို တက်လာပြီး ဥတာတော့ Record အနေနဲ့ ဒါပထမဦးဆုံးအကြိမ် ရတာပေါ့” ဟု လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့မှ ဒေါ်ကလျာက ပြောကြားသည်။

ပင်လယ်လိပ်ခွေးများသည် ရေငန်လိပ်များဖြစ်ကြပြီး ၎င်းတို့ကို အတ္တလန္တိတ်သမုဒ္ဒရာနှင့် ဖလော်ရီဒါ ကမ်းခြေတို့တွင် ပေါပေါများများ တွေ့ရသော်လည်း အရှေ့တောင်အာရှတွင် တွေ့ရှိရမှုနည်းပါးကာ မြန်မာနိုင်ငံတွင်လည်း ယခင်က တွေ့ရှိမှု Record မရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့ ကမ်းရိုးတန်းရှိ တိုင်ကျိုးချောင်းဝမှ ညောင်ပင်သာ ကျေးရွာတစ်လျှောက် ကမ်းရိုးတန်းနှင့်၊ တိုင်ကျိုးချောင်းဝမှ ပင်လယ်ပြင်သို့ ရေမိုင် ၁၀ မိုင်၊ မောင်းထောက်အငူမှ ပင်လယ်ပြင်သို့ ရေမိုင် ၁၀ မိုင်၊ ညောင်ပင်သာကျေးရွာ အနီးရှိ မိကျောင်းရဲချောင်းမှ ပင်လယ်ပြင်သို့ ရေမိုင် ၁၀ မိုင် စုစုပေါင်း ဧရိယာဧက ၁၇၉၂၀၀ (၂၈၀ စတုရန်းမိုင်) အား ကမ်းနီးငါးဖမ်းလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှု ဧရိယာအဖြစ် သတ်မှတ်ထားပြီး ထိုဧရိယာအတွင်းတွင် ပင်လယ်လိပ် ထိန်းသိမ်းရေးဇုန်သုံးဇုန် သတ်မှတ်ကာ ဒေသခံများ ပါဝင်သည့် ပင်လယ်လိပ် ထိန်းသိမ်းရေး ကော်မတီအဖွဲ့ ဖွဲ့စည်း၍ ပင်လယ်လိပ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းကို ၂၀၁၆ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး အခြားပင်လယ်လိပ် မျိုးစိတ်များ တက်ရောက် ဥချမှုကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent