ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ မန်စန်းကျေးရွာအနီးရှိ လယ်ကွက်အတွင်း အလုပ်လုပ်နေသူတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ မန်စန်းကျေးရွာအနီးရှိ လယ်ကွက်အတွင်း အလုပ်လုပ်နေသူတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး
Published 13 February 2020
ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု ၊မန်စန်းကျေးရွာအနီးရှိ လယ်ကွက်တွင် နွားများထိန်းကျောင်းနေသူတစ်ဦးအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က အမည်မသိ လက်နက်ကိုင်က သေနတ်ဖြင့်လာရောက်ပစ်ခတ်သဖြင့် တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ မန်စန်းကျေးရွာတွင် နေထိုင်သူ စိုင်းအောင်ကြည် အသက် ၄၀ နှစ်သည် ၄င်းပိုင်လယ်ကွက်တွင် နွားများအား ထိန်းကျောင်းနေစဉ် လယ်ကွက်အနီးရှိ ပေ ၅၀ အကွာ ၀ါးရုံတောအတွင်းမှ အမည်မသိသေနတ်သမား၏ ချောင်းမြောင်းပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခံခဲ့ရမှုကြောင့် စိုင်းအောင်ကြည်တွင် ဘယ်ဘက်မေးရိုး ပွင့်ထွက်ဒဏ်ရာ (၁)ချက်၊ လည်ပင်းအောက် ညာဘက်ညှပ်ရိုးကျိုးဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်နားရွက်ဖောက်ဝင် ဒဏ်ရာ(၁) ချက်၊ ညာဘက်နားရွက်ပွင့်ထွက်ဒဏ်ရာ (၁) ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်းသိရသည်။

အခင်းဖြစ်နေရာတွင် အမ်-၂၂ ကျည်ခွံ (၁) တောင့် တွေ့ရှိခဲ့ရပြီး သေဆုံးသူ စိုင်းအောင်ကြည်အား နံနက် ၁၁ နာရီအချိန်တွင် အခင်းဖြစ်နေရာမှ ကျောက်မဲမြို့၊ နမ့်ခုံးပရဟိတအသင်းမှ မော်တော်ယာဉ်ဖြင့် ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းတွင် ၂၀၁၉ ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ ဝေလုံကျေးရွာနေ ဦးစိုင်းဌေးအောင် (မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်) အား သေနတ်သမားနှစ်ဦးက သေနတ်ဖြင့်အချက်နှစ်ဆယ်ခန့် လာရောက်ပစ်ခတ်သဖြင့် သေဆုံးခဲ့ခြင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့က လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာ၊ ခေးနင်းပရဟိတစာသင်တိုက်ကျောင်းထိုင် ဆရာတော်အား သေနတ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် သေဆုံးခဲ့ခြင်း၊ နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ (၂)နာရီ အချိန်ခန့်က ကျောက်မဲမြို့၊ စားသောက်ဆိုင်တစ်ဆိုင်တွင် စားသောက်နေသော အမျိုးသားသုံးဦးအား ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးခဲ့ခြင်း၊ နိုဝင်ဘာလ ၂ ရက်နေ့က လားရှိုး - မန္တလေးပြည်ထောင်စု ကားလမ်းမကြီးပေါ် ဖြတ်သန်းမောင်းနှင်လာသည့် နွားတင်ယာဉ်တစ်စီးအား လက်နက်ကိုင်ဆောင်သူများက ပစ်ခတ််သဖြင့် တစ်ဦးသေဆုံးခဲ့ခြင်း၊ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့နယ်၊ နားကွမ်းလုံ ကျေးရွာအုပ်စု မန်ကောင်းကျေးရွာ တာဝန်ခံအား အမည်မသိ လက်နက်ကိုင်ဆောင်သူတစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် သေဆုံးခဲ့ခြင်း၊ ဒီဇင်ဘာ ၂၈ ရက်နေ့က လားရှိုး - မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးဘေး ကျွန်းတောအနီးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားသုံးဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးခြင်း၊ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် ကျောက်မဲမြို့နယ်၊ ချောင်းချောက်ကျေးရွာအနီးတွင် နွားတင်ယာဉ်တစ်စီးအား လက်နက်ကိုင်ဆောင်သူတချို့က လာရောက်ပစ်ခတ်သဖြင့် ယာဉ်ပေါ်ပါသူလေးဦးအနက် တစ်ဦးသေဆုံးသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent