ကမ္ဘာ့ရေနံစျေး တစ်စည် ၅၈ ဒေါ်လာအထိ ပြန်ကျလာပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ ငါးရက်အတွင်း တစ်လီတာ ကျပ် ၃၀ ပြန်လည်ကျဆင်း

ကမ္ဘာ့ရေနံစျေး တစ်စည် ၅၈ ဒေါ်လာအထိ ပြန်ကျလာပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ ငါးရက်အတွင်း တစ်လီတာ ကျပ် ၃၀ ပြန်လည်ကျဆင်း
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်နေရာကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်နေရာကို တွေ့ရစဉ်
Published 15 January 2020
စည်သူအောင်

ကမ္ဘာ့ရေနံစျေး တစ်စည် ၅၈ ဒေါ်လာအထိ ပြန်ကျလာပြီး ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများ ငါးရက်အတွင်း တစ်လီတာ ကျပ် ၃၀ အထိပြန်လည်ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။

ကမ္ဘာ့ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ခဲ့ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂  ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ ဇန်နဝါရီ ၁၅ ရက်တွင် ၅၈ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ဇန်နဝါရီ ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ် တစ်လီတာ ၉၅၅ ကျပ် (တစ်ဂါလန် ၄၃၄၁ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၉၆၅  ကျပ် (တစ်ဂါလန် ၄၃၈၆ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၈၇၅ ကျပ် (တစ်ဂါလန် ၃၉၇၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ  ၉၆၅ ကျပ် (တစ်ဂါလန် ၄၃၈၆ ကျပ်) ဖြစ်ပြီး ဇန်နဝါရီ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော စျေးနှင့်နှိုင်းယှဉ်ပါက စက်သုံးဆီစျေးနှုန်းများ တစ်လီတာ ကျပ် ၃၀ ပြန်လည်ကျဆင်းခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာ စံချိန်တင် စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်စျေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါလန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ်၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါးခဲ့ကာ ဇွန်လ (၂၁ ရက်အထိ)တွင် ကျပ် ၁၁၀ မှ ကျပ် ၁၃၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း တစ်လီတာ ၃၅ ကျပ် ပြန်လည်မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၅  ရက်အတွင်း တစ်လီတာ ကျပ် ၇၀ အထိပြန်တက်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ ပြန်လည်ကျဆင်းခဲ့သည်။ အောက်တိုဘာ ၉ ရက်မှ ၂၅ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ မှ ၄၅ ကျပ်အထိ ပြန်တက်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အတွင်း တစ်လီတာ ကျပ် ၁၀ မှ ၁၅ ကျပ်အထိ ပြန်ကျခဲ့သည်။ နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ကျပ် ၁၀ မှ ၃၅ ကျပ် အထိ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ဇန်နဝါရီ ၉ ရက်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်မှ ၁၅ ရက်အတွင်း တစ်လီတာ ကျပ် ၃၀ ပြန်ကျခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ် ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက် စျေးနှုန်းနှိုင်းယှဉ်ပါက လပေါင်း ၃၀ ကျော်အတွင်း ဒီဇယ် ၁၁၉  ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀၅ ရာခိုင်နှုန်း၊ 92 Ron ၉၄ ရာခိုင်နှုန်း၊ 95 Ron ၇၂ ရာခိုင်နှုန်း စျေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။                                         

 

Most Read

Most Recent