ဧရာဝတီမြစ်ရေမှာ မန္တလေးတွင် ရေနည်းမှတ်အောက် ရောက်သည်အထိ ပြန်လည်ကျဆင်းနိုင်ပြီး မန္တလေး-ညောင်ဦးကြား ရေလမ်း၌ ရေကြောင်းကျပ်တည်းမှုဖြစ်ပေါ်

ဧရာဝတီမြစ်ရေမှာ မန္တလေးတွင် ရေနည်းမှတ်အောက် ရောက်သည်အထိ ပြန်လည်ကျဆင်းနိုင်ပြီး မန္တလေး-ညောင်ဦးကြား ရေလမ်း၌ ရေကြောင်းကျပ်တည်းမှုဖြစ်ပေါ်
ဧရာဝတီမြစ် အင်းဝတံတားအနီး ရေလမ်းကြောင်းအား တွေ့ရစဉ်
ဧရာဝတီမြစ် အင်းဝတံတားအနီး ရေလမ်းကြောင်းအား တွေ့ရစဉ်
Published 14 January 2020
လဲ့လဲ့အောင်

ဧရာဝတီမြစ်ရေမှာ မန္တလေးတွင် ဒီဇင်ဘာလအတွင်းက ရေနည်းမှတ်အောက် ရောက်သည်အထိ ကျဆင်းခဲ့ပြီး ပြန်လည်မြင့်တက်ခဲ့ရာ လက်ရှိတွင် ရေနည်းမှတ်ဖြစ်သော ၃၆၀ စင်တီမီတာအထက်တွင် တည်ရှိနေသော်လည်း ထပ်မံကာ ကျဆင်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း အထက်မြန်မာပြည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြစ်ရေအမှတ်မှာ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ ၂၄ နာရီ အတွင်း ၁၉ စင်တီမီတာ လျော့ကျခဲ့ပြီး ၃၇၆ စင်တီမီတာသာ ရှိတော့သည့်အတွက် နောက် သုံးရက်အတွင်း ရေနည်းမှတ်အောက် ရောက်သည်အထိ လျော့ကျနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ မြစ်ရေ လျော့ကျသည့်အတွက် မြစ်အတွင်း ရေယာဉ်များသွားလာရာတွင် ရေစူးအနက် မလုံလောက်ကာ သွားလာရမှု ခက်ခဲလျက်ရှိပြီး မန္တလေးရေလမ်းတွင် ကုန်တင်ရေယာဉ်များ အဓိကသွားလာမှု များပြားသည့် မန္တလေး-ညောင်ဦးကြား ရေလမ်း၌ ရေကြောင်းကျပ်တည်းမှု ဖြစ်ပေါ်သည့်နေရာ ငါးနေရာ ရှိကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“အခုလို ရေနည်းရာသီကာလမှာ ကုန်တင်ရေယာဉ်တွေအတွက် ကန့်သတ် ရေစူးမှတ်တွေအတိုင်း တင်ဆောင်ဖို့ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ထားတဲ့ ရေစူးမှတ်က ရေနည်းကာလအတွက် ချိန်ပြီးတော့ ထုတ်ပြန်တာပါ။ အခုလိုရေနည်းတဲ့အခါမှာ ရေလမ်းကြောင်းခက်ခဲမှုကို တင်ပြတာတွေ ရှိတယ်။ ဒီနှစ်မှာဆိုရင် ကုန်တင်ရေယာဉ်ကြီးတွေရဲ့တင်ပြချက်အရ မန္တလေးနဲ့ ညောင်ဦးကြား ရေလမ်းမှာ ရေကြောင်းကျပ်တည်းတဲ့ နေရာ ငါးနေရာရှိတယ်။ နောက်ပြီး မန္တလေးဆိပ်ကမ်းမှာ ဆိုရင်လည်း ဆီဆိပ်ကမ်းမှာ ရေယာဉ်တွေ ဆိုက်ကပ်ဖို့ သွားလာဖို့ ရေစူးမလုံလောက်တာတွေ ရှိတယ်။ အထက်ပိုင်း ရေလမ်းတွေ အနေနဲ့တော့ တင်ပြထားတာ မရှိဘူး။ အဓိက မန္တလေး-ညောင်ဦးကြား ရေလမ်းက ဆီတင်ရေယာဉ်တွေ အများဆုံး ဖြတ်သန်းမှုများတဲ့ နေရာဖြစ်တယ်”ဟု မန္တလေးတိုင်း‌ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးကျော်မြင့်သန်း က ပြောကြားသည်။

ဌာနမှ ထုတ်ပြန်ထားသည့် မန္တလေး-ပြည်အကြား ရေနည်းကာလ ရေစူးကန့်သတ်ချက်မှာ ငါးပေ ဖြစ်သည့်အတွက် ကုန်တင်ရေယာဉ်များအနေဖြင့် ရေကြောင်းကျပ်တည်းကာ သောင်တင်မှုများ မဖြစ်ပေါ်ရန် ကန့်သတ်ရေစူးမှတ်များအတိုင်း တင်ဆောင်သွားလာသင့်ကြောင်း သိရသည်။

လက်ရှိတွင် ဆီတင်ရေယာဉ်များ သွားလာမှု အခက်အခဲဖြစ်ပေါ်သည့် မန္တလေး ဆီဆိပ်ကမ်းအနီး ရေလမ်းကြောင်းမှာ ရေပြန့်ကျယ်ကာ အများဆုံး ရေစူးအနက် လေးပေသာ ရှိသည့်အတွက် လိုအပ်သည့် ရေစူးအမှတ် ရေလမ်းကြောင်းရရှိရန် ကုန်တင်ရေယာဉ်အသင်းမှ စိုက်ထုတ်ငွေနှင့် ဌာနမှ နည်းပညာလုပ်ငန်းဆိုင်ရာများကို ပူးပေါင်းကာ ရေလမ်းကြောင်း ကောင်းမွန်ရန်အတွက် နွေရေကာလုပ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent