ဗစ်တိုးရီးယားကလေးငယ်၏ ကိုယ်ရေးအချက်အလက်များအား ထုတ်ဖော်ခဲ့သည့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် "ရဲဇာနည်" (Page) တာဝန်ခံစီစဉ်သူတို့အား တရားစွဲဆိုခွင့်ပြုရန် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းမှ သမ္မတထံတင်ပြ

ဗစ်တိုးရီးယားကလေးငယ်၏ ကိုယ်ရေးအချက်အလက်များအား ထုတ်ဖော်ခဲ့သည့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် "ရဲဇာနည်" (Page) တာဝန်ခံစီစဉ်သူတို့အား တရားစွဲဆိုခွင့်ပြုရန် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းမှ သမ္မတထံတင်ပြ
နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ဒီဇင်ဘာ ၁၉ ရက်က ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကိုတွေ့ရစဉ်
နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ဒီဇင်ဘာ ၁၉ ရက်က ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကိုတွေ့ရစဉ်
Published 14 January 2020
ဇေယျာထွန်း



ဗစ်တိုးရီးယားကလေးငယ်၏ ကိုယ်ရေးအချက်အလက်များအား ထုတ်ဖော်ခဲ့သည့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် "ရဲဇာနည်" (Page) တာဝန်ခံ စီစဉ်သူတို့အား တရားစွဲဆိုခွင့်ပြုရန် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM) မှ နိုင်ငံတော်သမ္မထံသို့ ဇန်နဝါရီ ၁၄ ရက်တွင် တင်ပြထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်၊ မှုခင်းရဲတပ်ဖွဲ့ ဌာနမှူး ရဲမှူးကြီး သားဒွန်းနှင့် ရဲဇာနည်(Page) တာဝန်ခံစီစဉ်သူတို့အား ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ အခြားသင့်တော်ရာ ရာဇဝတ် ဥပဒေတရပ်ရပ်အရ လည်းကောင်း တရားစွဲဆို အရေးယူဆောင်ရွက်ခွင့်ပြုပါရန် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းမှ နိုင်ငံတော်သမ္မတထံသို့ လျှောက်ထား တင်ပြထားသည်။

"ဒီနေ့ ထုတ်ပြန်လိုက်တာက ရာဇာဝတ်ကျင့်ထုံး ဥပဒေ ၁၉၇ (၁) အရ နိုင်ငံတော်သမ္မတကြီးဆီကို ခွင့်ပြုမိန့် တောင်းတာပါ။ ဒီအမှုမှာ စွပ်စွဲခံရတဲ့သူတွေက ပြည်သူ့ဝန်ထမ်းတွေ ဖြစ်နေတဲ့အတွက် ဥပဒေအရ သမ္မတဆီက ခွင့်ပြုမိန့်လိုတယ်။ ဒါကြောင့်မို့လို့ ခွင့်ပြုမိန့် တောင်းခံတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သမ္မတရုံးဆီ စာတင်ရင် လက်ခံတဲ့သူဆီရောက်ရင် အကြောင်းပြန်လေ့ ရှိပါတယ်။ သမ္မတကိုယ်တိုင်က ရှေ့နေဖြစ်တော့ နားလည်သလောက်တော့ ဘယ်လိုဖြစ်ဖြစ် ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ အကြောင်းပြန်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟု မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းမှ အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

ရာဇဝတ်ကျင့်ထုံး ၁၉၇ (၁) အရ နိုင်ငံတော်သမ္မတမှ မည်သည့်ပုဒ်မနှင့် မည်သည့် တရားရုံးတွင် တရားစွဲဆိုရန် ညွှန်ကြားခွင့်ရှိပြီး နိုင်ငံတော်သမ္မထံမှ ခွင့်ပြုမိန့် ရရှိပါက သက်ဆိုင်ရာရဲစခန်း၌ အမြန်ဆုံး တိုင်ချက်ဖွင့်မည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ နေပြည်တော်ဌာနချုပ် အရိန္ဒမာခန်းမတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်၊ မှုခင်းရဲတပ်ဖွဲ့ဌာနမှူး ရဲမှူးကြီးသားဒွန်းတို့၏ ထုတ်ဖော်ပြောကြားချက်များသည် တည်ဆဲ ဥပဒေများနှင့် ငြိစွန်းနေသည်ကို မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းမှ ယုံကြည်ကြောင်း တင်ပြစာတွင် ပါရှိသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သုံးနှစ်အရွယ် ဗစ်တိုးရီးယားလေး၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော် ပြောကြားခဲ့သည့်အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ "ရဲဇာနည်" လူမှုကွန်ရက်မှလည်း ဗစ်တိုးရီးယား မိသားစု၏ ကိုယ်ရေးအချက်အလက်များ၊ အမှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာ၌ ဖော်ပြဆောင်ရွက်ချက်များသည် ၂၀၁၉ ခုနှစ်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ-၉၆(ဃ) တွင် တားမြစ် ပိတ်ပင်ထားသည့် အချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း သမ္မတထံသို့ တင်ပြစာတွင် ပါရှိသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ-၉၆(ဃ) တွင် 'မည်သူမျှ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ် (သို့မဟုတ်) မှုခင်းတွင် သက်သေအဖြစ် ပါဝင်နေသော ကလေးသူငယ်သည် မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် မှုခင်း သတင်းအချက်အလက်များ ရယူခြင်း၊ ထည်သွင်းခြင်းနှင့် ကြော်ငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် စာအုပ်စာတမ်းများတွင် ထည့်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်း မပြုရ (သို့မဟုတ်) ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှုဆက်သွယ်ရေး နည်းလမ်းများတွင် ထုတ်လွှင့်ခြင်းမရှိရ' ဟု ပြဌာန်းပါရှိသည်။

အဆိုပါ ဥပဒေပြဌာန်းချက်အရ မည်သူ့ကိုမျှ ခြွင်းချက်ပေးထားခြင်းမရှိဘဲ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ အရ လူတိုင်းသည် ဥပဒေအရာတွင် တန်းတူဖြစ်ပြီး ဥပဒေ အကာအကွယ်ကို လူတိုင်းအညီအမျှ ရယူခွင့်ရှိကြောင်း၊ ယင်းအခြေအနေတွင် ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရသော သူများဖြစ်သည့် အဆင့်မြင့်ရဲအရာရှိများမှ ယခုကဲ့သို့ ဥပဒေကို ထင်ထင်ရှားရှား ချိုးဖောက်ခြင်းသည် လွန်စွာ ဝမ်းနည်းဖွယ်ဖြစ်ပြီး လက်ခံခွင့်ပြုနိုင်ဖွယ် လုံးဝမရှိသည့် လုပ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံ လွတ်လပ်သေရှေ့နေများအသင်းမှ နိုင်ငံတော်သမ္မတထံသို့ တင်ပြစာတွင် ပါရှိသည်။

Most Read

Most Recent