ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်မေသန်းနုအား အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်

ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်မေသန်းနုအား အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်
Published 2 January 2020
အောင်မျိုးသန့်

ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်မေသန်းနုအား ဇန်နဝါရီ ၂ ရက်တွင် ရန်ကင်းမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့ကြောင်း တရားလိုဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

တရားလို ဒေါ်စန်းစန်းမြင့်က ၂၀၁၆ ခုနှစ်တွင် သရုပ်ဆောင်မေသန်းနုအား ငွေကြေးလိမ်လည်မှုဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

၂၀၁၇ ခုနှစ်တွင် တရားရုံးက သရုပ်ဆောင်မေသန်းနုအား အာမခံပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်တွင် ရန်ကင်းမြို့နယ်တရားရုံးက လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ ဒီအမှုက လေးနှစ်ရှိသွားပြီ။ ၂၀၁၆ ကတည်းက မေသန်းနုကို သိန်း ၄၀၀ လိမ်လည်မှုနဲ့ တရားစွဲခဲ့တာပါ။ သူ့ကို ဒီနေ့မှာတော့ တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်ချလိုက်တယ်။ အစ်မက မေသန်းနုနဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက ခင်မင်ရင်းနှီးခဲ့တဲ့ သူတစ်ယောက်ပါ။ သူအခုလို လိမ်ခဲ့လို့အစ်မဘဝပျက်ပြီး ဒုက္ခရောက်နေတဲ့အချိန်မှာ တရားရုံးက အမှန်အတိုင်းအမိန့်ချပေးလို့ ကျေးဇူးတင်ပါတယ်။ အစ်မလက်ရှိ အကျီချုပ်တယ် သင်တန်းနည်းပြလည်း ကမာရွတ်မှာ လုပ်ပါတယ်” ဟု တရားလိုဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

သရုပ်ဆောင်မေသန်းနုအား တရားမမှု ကျပ်သိန်း ၄၀၀ ရလိုမှုဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးက တစ်လ ကျပ် ၁၀ သိန်းပေးရန် အမိန့်ချခဲ့သော်လည်း  သရုပ်ဆောင်မေသန်းနုက သုံးလပေးခဲ့ပြီး ငွေဆက်မပေးခဲ့ကြောင်း တရားလို ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မေသန်းနု၏ခင်ပွန်းဟောင်း ဒါရိုက်တာ ဇင်ယော်မောင်မောင်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် “ ကျွန်တော်၏ သားဖြစ်သူအတွက် သား၏မိခင်နှင့် ပတ်သက်၍ ရင်နှင့်အမျှ သားရော ကျွန်တော်ရော ခံစားမိပါတယ်။ သို့ဖြစ်ပါ၍ လိုအပ်သောအချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျွန်တော်တို့ သားအဖနှစ်ယောက် တွေ့ဆုံမည် ဖြစ်ပါသည်။ ယခုအချိန်အခါတွင် သားဖြစ်သူ၏မိခင်အတွက် ကျွန်တော် အကောင်းဆုံးကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးမေတ္တာရပ်ခံအပ်ပါသည်” ဟု ရေးသားဖော်ပြထားသည်။

 

 

Most Read

Most Recent