အနိုင်ရပါတီဝင် အများစုဖြင့် ဖွဲ့စည်းထားသော ကော်မတီတိုင်းသည် မည်သို့မဲခွဲခွဲနိုင်မည်ကို မကြေညာခင် သိထားပြီး ဖြစ်ကြောင်းနှင့် လုပ်ချင်သလို လုပ်မည်ဆိုသည့် စိတ်ဓာတ်များပြင်ရန်လိုဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဝေဖန်ဆွေးနွေး

အနိုင်ရပါတီဝင် အများစုဖြင့် ဖွဲ့စည်းထားသော ကော်မတီတိုင်းသည် မည်သို့မဲခွဲခွဲနိုင်မည်ကို မကြေညာခင် သိထားပြီး ဖြစ်ကြောင်းနှင့် လုပ်ချင်သလို လုပ်မည်ဆိုသည့် စိတ်ဓာတ်များပြင်ရန်လိုဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဝေဖန်ဆွေးနွေး
Published 17 December 2019
စည်သူ

အနိုင်ရပါတီဝင် အများစုဖြင့် ဖွဲ့စည်းထားသော ကော်မတီတိုင်းသည် မည်သို့မဲခွဲခွဲ နိုင်မည်ကို မကြေညာခင် သိထားပြီး ဖြစ်ကြောင်းနှင့် ငါတို့လုပ်ချင်သလို လုပ်မည်ဆိုသော စိတ်ဓာတ်များပြင်ရန်လိုကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်က ပြောကြားသည်။

နေပြည်တော်၌ ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာအား တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“အနိုင်ရပါတီဝင် အများစုနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီတိုင်းဟာ ဘယ်လိုပဲ မဲခွဲခွဲ၊ အနိုင်ရပါတီ နိုင်မယ်ဆိုတာ မကြေညာခင်က သိထားပြီး ဖြစ်ပါတယ်။ ငါတို့ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့ ဓိတ်ဓာတ်တွေပြင်ဖို့ လိုပါမယ်။ ဒါကြောင့် ကော်မတီများဖွဲ့စည်းမှု မမှန်ကန်သည့်အတွက် ဘာမှမလုပ်တတ် မဲခွဲစနစ်အား မျှမျှတတ ဖြစ်စေရေး ဖွဲ့စည်းမှု ပြန်လည် ပြုလုပ်သင့်ပါတယ်” ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်က ပြောကြားသည်။

ပြည်သူ့လွှတ်တော်ရှိ ကော်မတီများသည် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ လေ့လာသူများဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရှိရပြီး ကော်မတီ၏ တာဝန်များကို အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်အကျိုး ပိုမိုဖြစ်ထွန်း အောင်မြင်စေမည် ဖြစ်ကြောင်းနှင့် ကော်မတီသည် လေ့လာသူ၏ အကြံပြုချက်များ၊ ဆောင်ရွက်ချက်များကို အကျိုးရှိစွာ အသုံးပြု ဆောင်ရွက်နေခြင်းများ ရှိသကဲ့သို့ သဘောထား ကွဲလွဲမှုရှိသည့် ကိစ္စရပ်များအား မဲခွဲဆုံးဖြတ်ရာတွင် မဲပေးခွင့် မရခြင်းများလည်း ရှိနေကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်၊ လွှတ်တော် အခွင့်အရေး ကော်မတီသည် အမြဲတမ်းကော်မတီတစ်ခု ဖြစ်သည်နှင့်အညီ အစီရင်ခံစာ တင်ပြခြင်းကို ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများအတိုင်း လေးစားလိုက်နာ လုပ်ဆောင်ရန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၏ မှာကြားလမ်းညွှန်ထားသည့်အတိုင်း နောက်ထပ်တင်သွင်းမည့် အစီရင်ခံစာများတွင် လွှတ်တော်ကော်မတီများ အချင်းချင်း မကြာခဏ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်က အကြံပြု ပြောကြားခဲ့သည်။

Most Read

Most Recent