ဖျာပုံ ပင်လယ်ပြင်မှ လူ့အခွင့်အရေး ချိုးဖောက်သည့် နှိပ်စက်မှုများ ရှိနေသော ကျားဖောင်များကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ငါးရက်ကြာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ

ဖျာပုံ ပင်လယ်ပြင်မှ လူ့အခွင့်အရေး ချိုးဖောက်သည့် နှိပ်စက်မှုများ ရှိနေသော ကျားဖောင်များကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ငါးရက်ကြာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ
Published 5 December 2019
  နေဝန်းထက်

လူ့အခွင့်အရေး ချိုးဖောက်သည့် နှိပ်စက်မှုများရှိနေသော ဖျာပုံပင်လယ်ပြင်မှ ကျားဖောင်များအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က  ဒီဇင်ဘာ ၂ရက် မှ ၆ရက်အထိ ငါးရက်ကြာ စစ်ဆေးမှုများကို သွားရောက် ပြုလုပ်လျက်ရှိကြောင်း အဆိုပါ ကော်မရှင်မှ အထွေထွေအတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောကြားသည်။

“ အဲဒီကိစ္စက ကျွန်တော်တို့ ပြန်ရောက်ရင် ပြည့်ပြည့်စုံစုံလေး ပြောပေးမယ်။အခုက ပင်လယ်ထဲ ရောက်နေလို့ ဖုန်းတွေလည်း မမိဘူး။ လှိုင်းတွေလည်း ထန်နေတယ်။ ကျွန်တော်တို့တွေ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ စစ်မှာပါ။ ပြန်ရောက်တဲ့အခါ ပြည့်ပြည့်စုံစုံလေး ပြောပေးမှာပါ” ဟု  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အထွေထွေအတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောကြားသည်။

နိုဝင်ဘာ ၃၀ ရက်တွင် ဖျာပုံမြို့နယ် ပင်လယ်ပြင် ကျားပိုက်လုပ်ငန်းရှင်များအသင်းက ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံမှုတစ်ခုကို ဖျာပုံမြို့နယ်ရှိ အောင်နိုင်သူဟိုတယ် တွင်ပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် ကျားပိုက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပင်လယ်ပြင်အတွင်းရှိ ကျားဖောင်လုပ်ငန်းများ၌ လုပ်သားအချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုများရှိနေကြောင်း ဝန်ခံပြောကြားသည်။

အဆိုပါ ကျားဖောင်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် လာရောက်ကြသူများတွင် တရားခံပြေးများလည်း ပါဝင်နေကြောင်းသိရပြီး စုစုပေါင်း ကျားဖောင်လုပ်သား သုံးသောင်းခန့်ရှိသည့်အနက် တိကျသည့် စာရင်းဇယားဖြင့် မှတ်သားထားသည့် လုပ်သားဦးရေမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း ကျားပိုက်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ နှင့် လုပ်ငန်းရှင်များ၏ ပြောကြားမှုအရ သိရသည်။                            

 

 

Most Read

Most Recent