မြောက်ဦးမြို့နယ်တွင် အမျိုးသမီးတစ်ဦး၊ လသားအရွယ်နှင့်လေးနှစ်အရွယ် ကလေးနှစ်ဦး သေဆုံးမှုသည် တပ်မတော်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်း AA က ထုတ်ပြန်ခဲ့ပြီး ၎င်းဖြစ်စဉ်မှာ မိုင်းပေါက်ကွဲမှုသာဖြစ်ဟု တပ်မတော် ရှင်းလင်းပြောကြား

မြောက်ဦးမြို့နယ်တွင် အမျိုးသမီးတစ်ဦး၊ လသားအရွယ်နှင့်လေးနှစ်အရွယ် ကလေးနှစ်ဦး သေဆုံးမှုသည် တပ်မတော်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်း AA က ထုတ်ပြန်ခဲ့ပြီး ၎င်းဖြစ်စဉ်မှာ မိုင်းပေါက်ကွဲမှုသာဖြစ်ဟု တပ်မတော် ရှင်းလင်းပြောကြား
Published 3 December 2019
မင်းနိုင်စိုး

မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၂ ရက်က ဖြစ်ပွားခဲ့သော အမျိုးသမီးတစ်ဦး၊ လသားအရွယ်နှင့်လေးနှစ်အရွယ် ကလေးနှစ်ဦး သေဆုံးမှုသည် တပ်မတော်၏လက်နက် ကြီးကျရောက်ပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဒီဇင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ၎င်းဖြစ်စဉ်မှာ မိုင်းပေါက်ကွဲမှုသာဖြစ်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီခန့်တွင် မြောက်ဦးမြို့ မြောက်ဘက် ရန်အောင်ပြင်အုပ်စု၊ နလိတ်ကျေးရွာအတွင်း ၌လည်းကောင်း၊ ညနေ ၄ နာရီခန့်တွင် မြောက်ဦးမြို့ပေါ် အလယ်စျေးရပ်ကွက်၊ ချင်းပျံတောရွာအတွင်း၌လည်းကောင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ချင်းပျံတောရွာ အတွင်း ပေါက်ကွဲမှုကြောင့် လသားအရွယ် ကလေးငယ်တစ်ဦးနှင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက်၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

ထို့ပြင် အဆိုပါပေါက်ကွဲမှုကြောင့် အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦးအပါအဝင် ဒဏ်ရာရရှိသူခုနစ် ဦးရှိခဲ့ပြီး အဆိုပါပေါက်ကွဲမှုများသည် တပ်မတော်၏ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုများဖြစ်ကြောင်း AA အဖွဲ့က ဒီဇင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး AA အဖွဲ့၏ အဆိုပါသတင်းထုတ်ပြန်ချက် မှာ မှန်ကန်ခြင်းမရှိကြောင်း တပ်မတော် သ တင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြော ကြားသည်။

“အဓိကကတော့ အဲဒီမှာ ကျွန်တော်တို့ တိုက်ပွဲဖြစ်ခဲ့တာ မရှိပါဘူး။ လက်နက်ကြီး ပစ်ခတ်မှုလည်းမရှိပါဘူး။ အဲဒီက ဖြစ်ခဲ့တာ ကို ကျွန်တော်တို့လည်း စစ်ဆေးနေပါတယ်။ စစ်ဆေးနေတဲ့ဟာသည် ကျွန်တော်တို့ ကန ဦးတွေ့ရှိချက်ကတော့ အဲဒီမှာ ဒေသန္တရမိုင်း တစ်ခုကွဲတယ်လို့ပဲ ကျွန်တော်တို့သိရပါ တယ်။ ဒေသန္တရမိုင်းကွဲပြီးတော့ သေဆုံးတဲ့ပုံစံမျိုး ကျွန်တော်တို့ တွေ့ရပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လူသေဆုံးမှုဖြစ်စေခဲ့သော အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ တပ်မတော်ဘက် က စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး အချက်အလက်စုံလင်ပါက သတင်းထုတ်ပြန်ပေးမည်ဟု ၎င်းက ဆက်လက်ပြောကြား သည်။

“ကျွန်တော်တို့လည်း အချက်အလက် အစုံအလင်ရရင် သတင်းထုတ်ပြန်ပေးပါ့ မယ်။ ကျွန်တော် ပြောနိုင်တာကတော့ အဲဒီ အထဲမှာ အမှတ် ၅၄၀ တပ်ရင်းက ပစ်တယ် ဆိုပြီး စွပ်စွဲထားတာ ရှိတယ်။ အဲဒီမှာ လက်နက်ကြီး ပစ်ခတ်တာလည်း မရှိပါဘူး။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိပါဘူး” ဟု ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်ကလည်း မြောက်ဦး မြို့နယ် ရာရှည်ပြင်ကျေးရွာတွင် ပေါက်ကွဲမှုတစ်ခုကြောင့် ဒေသခံ ငါးဦး ဒဏ်ရာရရှိခဲ့ပြီး ဒီဇင်ဘာ ၂ ရက်က နလိတ် ကျေးရွာအတွင်း ဖြစ်ပွားခဲ့သော ပေါက်ကွဲ မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း  သိရသည်။                                               

 

Most Read

Most Recent