တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ပါလေးဦး တရားရင်ဆိုင်နေရသည့် အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ စစ်ဆေးရမည့် တရားလိုပြသက်သေ နှစ်ဦးသာကျန်ရှိပြီး ၎င်းတို့ကို စစ်ဆေးပြီးပါက စွဲချက်တင်သင့် မတင်သင့် ကြားနာမည်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ပါလေးဦး တရားရင်ဆိုင်နေရသည့် အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ စစ်ဆေးရမည့် တရားလိုပြသက်သေ နှစ်ဦးသာကျန်ရှိပြီး ၎င်းတို့ကို စစ်ဆေးပြီးပါက စွဲချက်တင်သင့် မတင်သင့် ကြားနာမည်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ပါ လေးဦးအမှုကို ဒီဇင်ဘာ၂ ရက်က တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်၌ အကြိမ် ၄၀ မြောက် ရုံးထုတ်စဉ်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ပါ လေးဦးအမှုကို ဒီဇင်ဘာ၂ ရက်က တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်၌ အကြိမ် ၄၀ မြောက် ရုံးထုတ်စဉ်
Published 3 December 2019
ဖြိုးဇင်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ပါ လေးဦး တရားရင်ဆိုင်နေရသည့် အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ စစ်ဆေးရမည့် တရားလိုပြသက်သေ နှစ်ဦးသာ ကျန်ရှိတော့ပြီး ၎င်းတို့ကို စစ်ဆေးပြီးပါက စွဲချက်တင်သင့်မသင့် ကြားနာသွားမည်ဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှု ဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးတို့ကို ဒီဇင်ဘာ၂ ရက်က တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ အကြိမ် ၄၀ မြောက်အဖြစ် ရုံးထုတ်ခဲ့ပြီး အမှုစစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းကို စစ်ဆေးခဲ့ကြောင်း သိရသည်။ ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့ကို ထားဝယ်အကျဉ်းထောင်မှတစ်ဆင့် ရဲတပ်ဖွဲ့ကား သုံးစီးဖြင့် တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ နံနက် ၁၀ နာရီခန့်တွင် ရုံးထုတ်လာခဲ့ပြီး တရားခွင် စတင်ချိန်၌ ရာဇဝတ်ကြီး အမှုမှတ် (၁/၂၀၁၉)၊ (၂/၂၀၁၉)၊ (၃/၂၀၁၉)၊ (၄/၂၀၁၉) အမှုတွေက တရားလိုပြသက်သေ အမှုစစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းကို နှစ်ဖက်ရှေ့နေများက စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

“၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက် ၄၀ ကြိမ်မြောက်ရုံးချိန်းမှာ တနသာင်္ရီတိုင်းဒေသကြီး တရားလွှတ်တော် ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၉)၊ (၂/၂၀၁၉)၊ (၃/၂၀၁၉)၊ (၄/၂၀၁၉) အမှုတွေက တရားလိုပြသက်သေ အမှုစစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းကို စစ်ဆေးခဲ့ပါတယ်။ နောက်ရုံးချိန်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်ကို ချိန်းဆိုထားပါတယ်။ ရာဇဝတ်ကြီး အမှုအမှတ် (၂/၂၀၁၉) အမှုက တရားလိုပြ သက်သေများဖြစ်ကြတဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွှန်ချုပ် အငြိမ်းစား ဦးကောင်းစံဦး (တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း) နဲ့ ထားဝယ်လေဆိပ် တာဝန်ခံ ဦးစီးအရာရှိ ဦးမြင့်လှိုင်ဦးတို့ကို စစ်ဆေးဖို့ ချိန်းဆိုထားခြင်းပဲ ဖြစ်ပါတယ်။ ဒီနေ့အထိ စစ်ဆေးပြီး တရားလိုပြ သက်သေဦးရေ အနေနဲ့ ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၉) မှာ ၂၀ ဦး၊ (၂/၂၀၁၉)မှာ ၂၂ ဦး၊ (၃/၂၀၁၉)မှာ ၂၀ ဦး၊ (၄/၂၀၁၉)မှာ ၂၁ ဦးရှိပြီဖြစ်ပါတယ်။ ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၉) က ကျန်တဲ့ သက်သေငါးဦးကို ပယ်ပြီးဖြစ်တဲ့ အတွက်ကြောင့် တရားလိုဘက် စစ်ဆေးပြီး ဖြစ်ပါတယ်။ ရာဇဝတ်ကြီး အမှုအမှတ် (၃/၂၀၁၉) ကလည်း ကျန်တဲ့သက်သေ ခြောက်ဦးကို ပယ်ပြီးဖြစ်တဲ့အတွက် တရားလိုဘက် စစ်ဆေးပြီး ဖြစ်ပါတယ်။

ရာဇဝတ်ကြီး အမှုအမှတ် (၄/၂၀၁၉) ကလည်း ကျန်တဲ့သက်သေ သုံးဦးကို ပယ်ပြီးဖြစ်တဲ့ အတွက်ကြောင့်မို ့တရားလိုဘက်က စစ်ဆေးပြီးဖြစ်ပါတယ်။ ရာဇဝတ်ကြီး အမှုအမှတ် (၂/၂၀၁၉) တစ်ခုပဲ သက်သေစစ်ဆေးဖို့ ကျန်ပါတော့တယ်။ အမှုလေးမှုစလုံးက တရားလိုပြ သက်သေတွေကို စစ်ပြီးရင်တော့ စွဲချက်တင်သင့်မသင့် လျှောက်လဲချက် ကြားနာမှာ ဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး တရားလွှတ်တော်မှ တိုင်းတရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောကြားသည်။ လာမည့် ဒီဇင်ဘာ ၁၆ ရက် ၄၁ ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေးမည့် ရာဇဝတ်ကြီး အမှုအမှတ် (၂/၂၀၁၉)က တရားလိုပြသက်သေ နှစ်ဦးမှာ တရားလိုဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ တရားလိုပြ သက်သေအဖြစ် တင်သွင်းထားခဲ့သူများအနက် နောက်ဆုံးစစ်ဆေးရန် ကျန်ရှိသူများဖြစ်ပြီး ၎င်းတို့နှစ်ဦး ကိုစစ်ဆေးပြီးပါက စွဲဆိုထားသည့် အမှုလေး ခုစလုံးအား စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက် ကြားနာသွားမည် ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ပြီးခဲ့သည့် မတ် ၁၀ ရက်က ထားဝယ်မြို့မရဲစခန်းတွင် အမှုတွဲလေးခုဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ထားဝယ်အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မတ် ၂၅ ရက်တွင် ၎င်းတို့လေးဦးစလုံးကို တိုင်းဒေသကြီး တရားလွှတ်တော်၌ ပထမအကြိမ်အဖြစ် တစ်ပြိုင်နက် ရုံးထုတ်ခဲ့ကာ စတင်တရားစွဲဆိုခဲ့သည်။ ထို့ကြောင့် ၎င်းတို့အား အဂတိလိုက်စားမှုဖြင့် စတင်ဖမ်းဆီးခဲ့ပြီးနောက် အမှုတွဲလေးခုအတွက် ကိုးလကျော်အကြာ ရုံးချိန်း ၄၁ ချိန်း၊ တရားလိုပြ သက်သေ ၈၀ ကျော်နှင့် ရုံးခေါ်သက်သေများကို စစ်ဆေးပြီးနောက်တွင် အမှုများနှင့် ပတ်သက်၍ စွဲချက်တင်သင့်မသင့် လျှောက်လဲချက် ကြားနာတော့မည့် အနေအထားဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၂ ရက်ရုံးချိန်း၌ ရာဇဝတ်ကြီး အမှုအမှတ် (၁/၂၀၁၉)၊ (၂/၂၀၁၉)၊ (၃/၂၀၁၉)၊ (၄/၂၀၁၉) အမှုများနှင့် ပတ်သက်၍ တရားလိုပြ သက်သေဖြစ်သူ အမှုစစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းကို နှစ်ဖက်ရှေ့နေများက အပြန်အလှန် စစ်မေးရာတွင် ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးတို့ကို အဂတိလိုက်စားမှု ဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးခဲ့ခြင်း၊ အမှုနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးခဲ့သည့် သက်သေများ၏ ၎င်းတို့ထွက်ဆိုခဲ့သည့် အချက်များ၊ စာရွက်စာတမ်းများ၊ တရားခွင်၌ တင်သွင်းခဲ့သည့် အချက်များ စသည်တို့ကို ထွက်ဆိုချက်ပေးခဲ့ပြီး သက်သေခံ စာရွက်စာတမ်းများလည်း တင်သွင်းခဲ့သည်။

Most Read

Most Recent