အရှုံးများစွာဖြင့် ထုတ်လုပ်ခဲ့ရသောကြောင့် Democracy Today သတင်းစာ အကန့်အသတ်မရှိ ရပ်နားကြောင်း ကြေညာ

အရှုံးများစွာဖြင့် ထုတ်လုပ်ခဲ့ရသောကြောင့် Democracy Today သတင်းစာ အကန့်အသတ်မရှိ ရပ်နားကြောင်း ကြေညာ
ထွက်ရှိခဲ့သည့် Democracy Today  သတင်းစာများကို တွေ့ရစဉ် (ဓာတ်ပုံ- နေမျိုးဝင်း)
ထွက်ရှိခဲ့သည့် Democracy Today သတင်းစာများကို တွေ့ရစဉ် (ဓာတ်ပုံ- နေမျိုးဝင်း)
Published 3 December 2019
နေမျိုးဝင်း

အရှုံးများစွာဖြင့် ထုတ်လုပ်နေရသော ကြောင့် Democracy Today  သတင်းစာ အကန့်အသတ်မရှိ ရပ်နားလိုက်ကြောင်း အဆိုပါ သတင်းစာက ထုတ်ပြန်သည်။

“ယာယီရပ်နားလိုက်တာပေါ့နော်။ နောင်မှာ သူတို့ပြန်လုပ်ချင်လည်း လုပ်မှာ ပေါ့။ ဆိုလိုတာက  လတ်တလောအားဖြင့် ယာယီရပ်နားလိုက်တယ်” ဟု ဒီမိုကရေစီတူ ဒေးသတင်းစာမှ ဒုတိယအယ်ဒီတာချုပ် ဦးလှိုင်ဘွားက ပြောကြားသည်။

ဒီမိုကရေစီတူဒေးသတင်းစာတိုက်၏ ဒီဇင်ဘာ ၂ ရက် ရက်စွဲဖြင့် ယာယီရပ်နား ကြောင်း ကြေညာချက်တွင် ဒီမိုကရေစီတူ ဒေးသတင်းစာသည် မြန်မာနယူးစ်နက်ဝပ်ခ် ကုမ္ပဏီကထုတ်ဝေခြင်းဖြစ်ပြီး ထုတ်လုပ်ရာတွင် အရှုံးများစွာဖြင့် ထုတ်လုပ်နေခဲ့ရသောကြောင့် သတင်းစာထုတ်ဝေမှုအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ယာယီရပ် နားခဲ့ကြောင်း၊ ထိုသို့ ရပ်နားပြီးနောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် သတင်း စာတိုက်ဝန်ထမ်းအားလုံးအား အစည်း အဝေးခေါ်ယူ၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် အကန့်အသတ်မရှိ ရပ်နားလိုက်ပြီဟု တရားဝင်ကြေညာခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

“အားလုံးသိကြတဲ့အတိုင်း အားလုံးဟာ အမြတ်အစွန်းတွေ မရှိဘဲနဲ့ အရှုံးတွေနဲ့ လုပ်နေရတာလေ။ ဒီမီဒီယာလုပ်ငန်းတွေက အရှုံးတွေနဲ့ရင်ဆိုင်ပြီးလုပ်နေရတာ။ ဆိုတဲ့ အခါကျတော့ ဒီဟာကိုဆက်ပြီးတော့ Cover မလုပ်နိုင်တော့ဘူး။ အဲဒီလိုမျိုးပဲပြော ရမှာပေါ့။ ဒါကျွန်တော်တို့တင်မကဘူး။ တစ် ကမ္ဘာလုံးမှာလည်း ဒီအတိုင်းပဲလေ။ Print မီဒီယာတွေက ဒီလိုမျိုးပြိုလဲနေကြတာပေါ့ နော်။ ဆိုတော့အဲဒီထဲကနေပြီးတော့ အဲဒီ ဟာတွေရဲ့ရိုက်ခတ်ချက်ပါပဲ။ သုံးသပ်ကြည့်တာပေါ့။ဆိုလိုတာက အဓိကအကြောင်းရင်းတွေထဲမှာ အစိတ်အပိုင်းတွေပေါ့။ အစိတ်အပိုင်းတွေအများကြီးရှိတဲ့ အထဲမှာ ဒီ ဟာကတော့ တော်တော်ကို ထူးခြားတဲ့ဟာပဲ လေ။ ဒီလိုမျိုး ပြိုလဲမှုတွေက။ ကျွန်တော်တို့ ဆီမှာလည်းဖြစ်လာတဲ့ သဘောပေါ့နော်။ ဒီ လိုပဲသုံးသပ်ရမယ်။ဘာကြောင့်လဲဆိုတော့  Facebook တို့ Online Media တို့ ဘာတို့ရဲ့ Impact တွေကို ကျွန်တော်တို့ Print တွေ လုံးဝ မယှဉ်နိုင်ဘူးဗျာ။ ဆိုလိုတာက ဒီစီးကြောင်းထဲကတစ်ခုက ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ရိုက်ခတ်လိမ့်မယ်လို့ မထင်ခဲ့ ဘူးပေါ့ဗျာ” ဒုတိယအယ်ဒီတာချုပ် ဦးလှိုင်ဘွားက ဆက်လက်ပြောကြားသည်။

ကြေညာချက်တွင် ဝန်ထမ်းများ၏ လစာနှင့်ရသင့်ရထိုက်သော ခံစားခွင့်များကို ဥပဒေနှင့်အညီ ဆောလျင်စွာရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ စာမူရှင်များအတွက် ပေးရန်ကျန်ရှိသော ဉာဏ်ပူဇော်ခများကိုလည်း ဆောလျင်စွာ ရရှိစေရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ပါရှိသည်။

“ကျွန်တော်တို့လက်ရှိပေါ့ Online Media တို့ Digital Media ပေါ့။ ကျွန်တော် တို့ အဲဒီဘက်ကို အာရုံစိုက်ဖို့လိုလာပြီလို့ ကျွန်တော်တို့ သုံးသပ်မိတယ်။  ဘာကြောင့်လဲဆိုတော့ ပရင့်လုပ်ငန်းတွေသည် အကုန်လုံးက ကျွန်တော်တို့ဆိုရင် ရန်ကုန်မီဒီယာမှာကတည်းက ရန်ကုန်တိုင်းသတင်းစာ၊

ဖလားဝါးနယူးစ်၊ ရန်ကုန်တိုင်းဂျာနယ် စသဖြင့် ပေါ့။ တောက်လျှောက်ကျွန်တော်တို့ လုပ်လာကြတာလေ။ အခုလက်ရှိ ဒီမိုကရေစီတူဒေးအထိပေါ့။ ဒီပရင့်တွေရဲ့အလားအလာက ကျွန်တော်တို့မှာတော်တော်ကို ထိန်းသိမ်းရခက်လာတဲ့ အနေအထားပဲ။ ဒီလိုမျိုး ပြောရမှာပဲဆိုတဲ့အခါကျတော့ကျွန်တော် တို့သည်ဘာတွေနဲ့တူလဲဆိုတော့ နိုင်ငံတကာမှာလည်း  Digital ကိုပဲ Online ကိုပဲ သွားပြီးတော့ အခြေပြုနေကြတယ်လေ။ ဆိုလိုတာက အဲဒီလိုမျိုးတွေပေါ့” ဟု ဒုတိယအယ်ဒီတာချုပ် ဦးလှိုင်ဘွားက ပြောကြားသည်။

Democracy Today သတင်းစာအား ၂၀၁၄ ခုနှစ်ခန့်တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ငါးနှစ်ကျော်အကြာတွင် အရှုံးများစွာဖြင့် ရင်ဆိုင်ရနေသဖြင့် ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

 

 

Most Read

Most Recent