လှိုင်သာယာမြို့နယ် စက်မှုဇုန် (၄) ရှိ New Way ဖိနပ်စက်ရုံ အလုပ်သမားများ အလုပ်သမား အခွင့်အရေးများရရှိရေး သပိတ်စခန်းဖွင့် တောင်းဆို

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၄) ရှိ New Way ဖိနပ်စက်ရုံ အလုပ်သမားများ အလုပ်သမား အခွင့်အရေးများရရှိရေး သပိတ်စခန်းဖွင့် တောင်းဆို
New Way ဖိနပ်စက်ရုံမှ အလုပ်သမားများ အလုပ်သမား အခွင့်အရေး ရရှိရေးအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေကြစဉ်
New Way ဖိနပ်စက်ရုံမှ အလုပ်သမားများ အလုပ်သမား အခွင့်အရေး ရရှိရေးအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေကြစဉ်
Published 3 December 2019
သီဟအောင်၊ မျိုးထက်ပိုင်

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၄)ရှိ New Way ဖိနပ်စက်ရုံက အလုပ်သမားများ  အလုပ်သမား အခွင့်အရေးများ ရရှိရေးအတွက် နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ သပိတ်စခန်းဖွင့် တောင်းဆိုလျက်ရှိကြောင်း သိရသည်။

သပိတ်မှောက် တောင်းဆိုမှုကို New Way ဖိနပ်စက်ရုံရှေ့တွင် ပြုလုပ်နေခြင်းဖြစ်ပြီး အဆိုပါစက်ရုံမှ အလုပ်သမားအင်အား ၁၃၀၀ ကျော် ပါဝင်တောင်းဆိုလျက်ရှိကြောင်း သိရသည်။

တောင်းဆိုမှု စတင်ချိန်တွင် အလုပ်သမားများဘက်မှ ရက်မှန်ကြေး ယခင်ကျပ်တစ်သောင်း ပေးထားရာမှ ထပ်တိုးကျပ်နှစ်သောင်းပေးရန်၊ ရက်မှန်ကြေးအား ၁ ရက်နေ့မှ ၁၅ ရက်နေ့ ကျပ်တစ်သောင်းခွဲနှင့် ၁၆ ရက် နေ့မှ လကုန်သည်အထိ ကျပ်တစ်သောင်းခွဲအား အလုပ်ရှင်များမှ ခံစားခွင့်ပေးရန်၊ လုပ်သက် တစ်နှစ်ပြည့်ပြီး သူများအား ကျပ်တစ်သောင်း၊ လုပ်သက်နှစ်နှစ်ပြည့်ပြီးသူများအား ကျပ်တစ်သောင်းခွဲနှင့် လုပ်သက်သုံးနှစ်ပြည့် ပြီးသူများအား ကျပ်နှစ်သောင်း လစဉ်လတိုင်း ထည့်တွက်ပေးရေး အပါအဝင် တောင်းဆိုချက် ၂၁ ချက် တောင်းဆိုထားကြောင်း သိရသည်။

အလုပ်သမားများ တောင်းဆိုထားသည့် အချက် ၂၁ ချက်အနက် ၁၉ ချက်ကို အလုပ်ရှင်ဘက်က လိုက်လျောခဲ့သော်လည်း ရက်မှန်ကြေးနှင့် နှစ်ကြေးတိုးမြှင့် ကောက်ခံခြင်းကို လိုက်လျောမှု မရှိခြင်းကြောင့် အလုပ်သမားများက တောင်းဆိုမှုများ ဆက်လက် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မအလုပ်ဝင်တာ ၂၀၀၆ ခုနှစ်ကပါ။ တောင်းဆိုချက် ၂၁ ချက် တောင်းဆိုထားတယ်။ ရက်မှန်ကြေး နှစ်သောင်း တောင်းထားတယ်။ နှစ်ကြေးမှာ တစ်သောင်းတိုးတောင်းထားတယ်။ အလုပ်သမားတွေ အကုန်လုံးက ၅၀၀၀ လောက်ဆိုရင်တောင် ကျေနပ်တယ်။ ကျန်တဲ့အချက် ၂၁ ချက်ကို အကုန်လုံး ၁၉ ချက်လိုက်လျောပြီးတော့ ရက်မှန်ကြေးနဲ့ နှစ်ကြေးတော့ မလိုက်လျောပေးနိုင်ဘူးလို့ပြောတယ်။ ပြီးတော့ သူကစကား တစ်လုံးနှစ်လုံး ပြောမယ်ဆိုတော့ အလုပ်သမား ကိုယ်စားလှယ်တွေက နားထောင်တယ်။ သူက နိုဝင်ဘာ ၂၉ ရက်ကစပြီး အလုပ်ပိတ်လိုက်ပြီတဲ့။ အဲဒီတော့ ဒီလူဦးရေတွေကို လျော်ကြေးပေးမယ် လို့ပြောတယ်။ ကျွန်မတို့ ရသင့်ရထိုက်တဲ့ လစာတွေကို လိုချင်တယ်။ ကျွန်မတို့လုပ်ခဲ့တဲ့ နှစ်ကြေးတွေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အကုန်လိုချင်တယ်” ဟု အလုပ်သမား ကိုယ်စားလှယ် တစ်ဦးဖြစ်သူ မသင်းသင်းလှိုင်က ပြောကြားသည်။

ထိုသို့တောင်းဆိုနေစဉ် နိုဝင်ဘာ ၂၉ ရက်၌ စက်ရုံဘက်မှ New Way ဖိနပ်စက်ရုံတွင် ဝန်ထမ်း ကျား ၁၉၄ ဦး၊ မ ၁၀၀၈ ဦး၊ ပေါင်း ၁၃၀၂ ဦးရှိပြီး ကုန်ထုတ်လုပ်မှု မပြည့်မီခြင်း၊ ဝန်ထမ်းများ၏ လစာငွေ ထပ်မံတိုးမြှင့်ပေးရန် အခက်အခဲများရှိသည် ဟုဆိုကာ ဒီဇင်ဘာ ၃၁ ရက်တွင် စက်ရုံပိတ်သိမ်းမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်ဟု အလုပ်သမား ကိုယ်စားလှယ်များက ပြောကြားသည်။

ထို့နောက် ဒီဇင်ဘာ ၂ ရက်တွင် စက်ရုံဘက်မှ အလုပ်သမားများ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက် လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း စာကပ်ခဲ့ကြောင်း၊ သို့သော် နိုဝင်ဘာ ၂၉ ရက်တွင် အလုပ်သမားများကို စက်ရုံမှ အလုပ်ထုတ်ပယ်ထားပြီ ဖြစ်သည့်အတွက် အလုပ်သမားများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း မရှိဘဲ သပိတ်စခန်းဖွင့် တောင်းဆိုလျက် ရှိနေခြင်းဖြစ်ကြောင်း အလုပ်သမား ကိုယ စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent