ပူတာအိုဒေသထွက် ကျောက်ကြမ်းပိုးကောင်များ တရုတ်ပြည်က စျေးကောင်းပေးဝယ်နေသဖြင့် ရှာဖွေသူများနေ

ပူတာအိုဒေသထွက် ကျောက်ကြမ်းပိုးကောင်များ တရုတ်ပြည်က စျေးကောင်းပေးဝယ်နေသဖြင့် ရှာဖွေသူများနေ
မေခမြစ်ကမ်း မူလာရှီဒီးနံတားအောက်တွင် ကျောက်ဂျပိုးရှာသူများအား နိုဝင်ဘာနောက်ဆုံးအပတ်က တွေ့ရစဉ် (ဓာတ်ပုံ - ကိုတွတ်၊ ခရီးသွားပို့ဆောင်ရေး)
မေခမြစ်ကမ်း မူလာရှီဒီးနံတားအောက်တွင် ကျောက်ဂျပိုးရှာသူများအား နိုဝင်ဘာနောက်ဆုံးအပတ်က တွေ့ရစဉ် (ဓာတ်ပုံ - ကိုတွတ်၊ ခရီးသွားပို့ဆောင်ရေး)
Published 3 December 2019
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ် ပူတာအိုဒေသထွက် ကျောက်ဂျပိုး (ကြမ်းပိုး) ကောင်းများကို တရုတ်နိုင်ငံက စျေးကောင်းပေးဝယ်နေသဖြင့်  ရှာဖွေသူ များပြားလျက်ရှိကြောင်း သတင်းရရှိသည်။

ယင်းစျေးကောင်းပေးဝယ်မှုကို လွန်ခဲ့သည့်နှစ် အနည်းငယ်တွင် တဖြည်းဖြည်း တွင်ကျယ်လာခြင်းဖြစ်ပြီး ကျောက်ဂျပိုးများ ဖမ်းရလွယ်ကူသည့် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ မေလိခမြစ်ကမ်းနှင့် ကျောက်ခဲပေါများသည့် တခြားချောင်းကြီးများတွင် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဂျပိုးကို ကျောက်တုံး၊ ကျောက်ခဲများ လှန်၍လည်းကောင်း၊ ညနေပိုင်းများတွင် ပိုက်စိပ်မယ်များဖြင့် လည်းကောင်း ဖမ်းယူနေကြခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဂျပိုးရှာသူ ကိုတန်ရှင်ဖုန်က “ကျောက်ဂျပိုး မနှစ်ကထက် စျေးကောင်းနေတယ်။ နို့ဆီတစ်ဘူး ကျပ် ၇၀၀၀ ကနေ ၈၀၀၀၊ ၁၀၀၀၀ ဖြစ်နေတာ။ ဒေသခံတွေ အဲဒီစျေးနဲ့ မစားနိုင်ဘူး။ တရုတ်ပြည် ပို့ကြတာပေါ့။ မူလာရှီးဒီး တံတားနားမှာဆိုရင် ပွဲလိုစည်နေတော။ မိသားစု ငါးယောက်ဆိုရင် နို့ဆီသုံးဘူး ရတတ်တယ်။ ပိုက်နဲ့တန်းတာက နေ့တိုင်းမထွက်ဘူး။ တစ်ပတ်တစ်ရက်လောက် အထွက်များတာပဲ” ဟု ပြောကြားသည်။

ကျောက်ဂျပိုးမှာ အကောင်အကြီးနှင့် အသေးမျိုးရှိရာတွင် အသေးမျိုးမှာ စျေးပိုရကြောင်း၊ တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၀ ဝန်းကျင်တွင် စျေးပေါက်နေပြီး ဒေသခံများအတွက် ဝင်ငွေတစ်ခု ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

ပူတာအိုဒေသခံ ဦးအားဖုန်က “ကျွန်တော်တို့က အရင်က ဒီအကောင်ကို ငရုတ်သီးထောင်းစားတယ်။ အနံ့ပြင်းပြင်းရှိတယ်။ အရသာက ပုရစ်ထက် အဆိမ့်ပိုတယ်။ အရှင်က အသေထက်ပိုပြီး အလေးချိန်ရှိတယ်။ တွေ့ရတာက နိုဝင်ဘာကနေ နွေဦးကာလအထိ တွေ့ရတတ်။ မတ်လကုန်ရင်တော့ ချောင်းရေတွေလည်း တက်ပြီ။ မိုးလည်း ရွာပြီဆိုတော့ မတွေရတော့ဘူး” ဟု ပြောကြားသည်။

ယခင်ကာလများက ကျောက်ဂျပိုးကို မြစ်ဆုံဒေသဝန်းကျင်တွင် ပေါများစွာ တွေ့ခဲ့ရသော်လည်း ရွှေကျင်သည့် လုပ်ငန်းများ များစွာလုပ်ကိုင်ခဲ့ခြင်း၊ မြစ်ချောင်းအနီးတစ်ဝိုက် တောပြုန်းခြင်းများကြောင့် ကျောက်ဂျပိုးကောင်များ တွေ့ရှိမှု နည်းလာရကြောင်း သိရသည်။

Most Read

Most Recent