ချောင်းသာကမ်းခြေ အောင်မင်္ဂလာကျွန်းတွင် ရေပေါ်ဟိုတယ် တစ်ခုအား စတင်စမ်းသပ် လုပ်ဆောင်ရန် ခွင့်ပြု

ချောင်းသာကမ်းခြေ အောင်မင်္ဂလာကျွန်းတွင် ရေပေါ်ဟိုတယ် တစ်ခုအား စတင်စမ်းသပ် လုပ်ဆောင်ရန် ခွင့်ပြု
စမ်းသပ်လုပ်ဆောင်ရန် ခွင့်ပြုထားသော ရေပေါ်ဟိုတယ် တစ်ခုအား  တွေ့ရစဉ်
စမ်းသပ်လုပ်ဆောင်ရန် ခွင့်ပြုထားသော ရေပေါ်ဟိုတယ် တစ်ခုအား တွေ့ရစဉ်
Published 3 December 2019
မင်းသူဝင်းထွဋ်

ချောင်းသာကမ်းခြေ အောင်မင်္ဂလာကျွန်းတွင် ဇိမ်ခံသင်္ဘောငယ် တစ်စင်းဖြင့် ဖွင့်လှစ်လုပ်ဆောင်နေသည့် ရေပေါ်ဟိုတယ် တစ်ခုအား လုပ်ငန်းများ စတင်စမ်းသပ် လုပ်ဆောင်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရက ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

အောင်မင်္ဂလာကျွန်း အနီးတွင် ဆိပ်ခံဗောတံတား တည်ဆောက်ကာ ဇိမ်ခံသင်္ဘောငယ်ဖြင့် ဟိုတယ်လုပ်ငန်း ဝန်ဆောင်မှုတစ်ခုကို တိုင်းဒေသကြီး အစိုးရက တစ်နှစ်စမ်းသပ် ကာလဖြင့် ခွင့်ပြုချက်ပေးထားခဲ့ကြောင်း၊ ရေပေါ်ဟိုတယ် စတင်ဖွင့်လှစ်နေသည်မှာ လအနည်းငယ် ကြာမြင့်နေပြီဖြစ်ပြီး စမ်းသပ်လည်ပတ်ခွင့်ပြု ကာလအတွင်းတွင် အစိုးရအဖွဲ့က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်မှုများ ရှိမရှိ စောင့်ကြည့်စစ်ဆေး နေလျက်ရှိကြောင်း သိရသည်။

“ဟိုတယ်အနေနဲ့ကတော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဌာနတွေ သက်ဆိုင်တဲ့ ဌာနတွေပေါ့။ ဟိုတယ်ခရီးတို့၊ စည်ပင်သာယာတို့၊ အထွေထွေ အုပ်ချုပ်ရေးတို့၊ နောက်တစ်ခါ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့ အဲဒီဌာနတွေရဲ့ သတ်မှတ်ချက်များနဲ့အညီ စည်းကမ်းချက်များနဲ့အညီ စည်းကမ်းချက်တွေ ပေးထားတာကို အဲ့စည်းကမ်းများနဲ့ စမ်းသပ်ဆောင်ရွက်ခွင့် စပြီးပေးထားပါတယ်။ အဲဒီစမ်းသပ်ဆောင်ရွက်ခွင့် အပေါ်မှာ အဆင်ပြေမှုရှိမယ် ခရီးသည်တွေ အတွက်လည်း အနားယူ အပန်းဖြေစရာ နေရာတစ်ခုအဖြစ် ရေရှည်ဆောင်ရွက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ စမ်းသပ်ကာလ ပြီးဆုံးသွားရင် ကျွန်တော်တို့ တရားဝင် ဆောင်ရွက်ပေးဖို့တော့ အစီအစဉ်ရှိပါတယ်” ဟုဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ရေပေါ်ဟိုတယ် စမ်းသပ်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူက “ရေပေါ်ဟိုတယ်ကတော့ ချောင်းသာမြို့ အမှတ် (၁) ရပ်ကွက်ထဲမှာပါတဲ့။ အောင်မင်္ဂလာကျွန်းကနေပြီးတော့ ဆိပ်ခံဘောတံတားလေး လုပ်ပြီးတော့ ပေ ၁၃၀ လောက်ရှိတဲ့ နှစ်ထပ်ခွဲရှိတဲ့ သင်္ဘောပေါ်မှာ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ အဲဒါကို ရေပေါ်ဟိုတယ်၊ အောင်မင်္ဂလာ ကျွန်းဟိုတယ်လို့ ခေါ်ကြပါတယ်။ သူ့ကိုတော့ တိုင်းဒေသကြီး အစိုးရကနေပြီးတော့ စမ်းသပ်ကာလ တစ်နှစ်ပေးထားတာပေါ့။ အဲဒီမှာလည်း သက်ဆိုင်ရာ ဟိုတယ်ခရီး၊ စည်ပင်၊ သဘာဝ ပတ်ဝန်းကျင်၊ ဆိပ်ကမ်းအာဏာပိုင်ပြီးတော့ အုပ်ချုပ်ရေးပိုင်း ဒီဌာနဆိုင်ရာတွေ အားလုံးရဲ့ သဘောထားတွေနဲ့ ပြန်လည်တင်ပြထားတဲ့ဟာကို စမ်းသပ်ကာလ ပေးထားတာ ဖြစ်ပါတယ်။ ဒီစမ်းသပ်ကာလမှာတော့ အနီးကပ်ရှိတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းကတော့ စောင့်ကြည့်နေဆဲပါ။ လက်ရှိအနေအထားမှာတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တဲ့ အနေအထားမျိုးတို့ အပန်းဖြေ လာရောက် တည်းခိုတဲ့ ပြည်သူတွေကို အန္တရာယ်ဖြစ်စေတဲ့ အပိုင်းမျိုးလေးတော့ မတွေ့ရသေးပါဘူးခင်ဗျ။ ဒါပေမဲ့ ကျွန်တော်တို့လည်း ကျန်တဲ့အပိုင်းတွေကိုတော့ စောင့်ကြည့်နေပါတယ်၊ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ပြီးတော့ အခန်းဖွဲ့စည်းမှုတွေရော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကိစ္စတွေရော ရေဘေးနဲ့ ပတ်သက်ပြီးတော့ ကြုံတင်ကာကွယ်ရမဲ့ အစီအမံတွေ အသက်အင်္ကျီတွေ ဘောကွင်း အသက်ကယ်လှေထားတဲ့ အစီအမံတွေ အားလုံးပြည့်စုံနေပါတယ်။ အခုစောင့်ကြည့်ဆဲ ကာလမှာ ထူးထူးခြားခြား စည်းကမ်းနဲ့ မညီညွတ်တာတော့ မတွေ့သေးပါဘူးခင်ဗျ” ဟု ပြောကြားသည်။

ချောင်းသာကမ်းခြေတွင် ပထမဆုံးသော ရေပေါ်ဟိုတယ်အဖြစ် စတင်ဖွင့်လှစ်မှုကို ဒေသခံများနှင့် သဘာဝ ပတ်ဝန်းကျင် ချစ်မြတ်နိုးသူများက လေ့လာစောင့်ကြည့်မှုများ ပြုလုပ်နေလျက်ရှိပြီး ဟိုတယ်မှ ပင်လယ်ပြင်အတွင်း ရေဆိုးများနှင့် အမှိုက်များ မစွန့်ပစ်စေရေး၊ ရေပေါ်ဟိုတယ် သင်္ဘောကြောင့် သဘာဝ ကျောက်တန်းများ ထိခိုက်မှု မရှိစေရေးအတွက် တောင်းဆိုထားမှုများလည်း ရှိကြောင်း သိရသည်။

Most Read

Most Recent