အမြန်လမ်းတွင် နိုဝင်ဘာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၃၇ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူကိုးဦးနှင့် ဒဏ်ရာရရှိသူ ၉၁ ဦး ရှိခဲ့

အမြန်လမ်းတွင် နိုဝင်ဘာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၃၇ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူကိုးဦးနှင့် ဒဏ်ရာရရှိသူ ၉၁ ဦး ရှိခဲ့
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် နိုဝင်ဘာလအတွင်းက ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့စဉ်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် နိုဝင်ဘာလအတွင်းက ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့စဉ်
Published 3 December 2019
ဇော်ဝင်းချစ် (တောင်ငူ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ပြီးခဲ့သော နိုဝင်ဘာလအတွင်းက ယာဉ်မတော်တဆမှုပေါင်း ၃၇ မှုဖြစ်ပွားခဲ့ပြီး ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ကိုးဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၉၁ ဦးအထိ ရှိခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နိုဝင်ဘာလအတွင်း ယာဉ်မတော်တဆမှု ဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်ပြီး အမြန်လမ်းမကြီး ရဲတပ်ဖွဲွ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “ဖြစ်ပွားတဲ့ အမှုပေါင်းက ၃၇ မှုပေါ့နော်၊ သေတာက ကျားနှစ်ဦး၊ မခုနစ်ဦး၊ ပေါင်းကိုးဦးပါ၊ ဒဏ်ရာရတာက ကျား ၅၁၊ မ ၄၀၊ ပေါင်း ၉၁ ဦးပါ” ဟု ပြောကြားသည်။

ယာဉ်မတော်တဆမှုများမှာ ယာဉ်မောင်းများ၏ ပေါ့ဆမှုများကြောင့် ၂၅ မှု၊ လမ်းဖြတ်ကူးသူ ပေါ့ဆမှုများကြောင့် သုံးမှု၊ မော်တော်ယာဉ် ချို့ယွင်းမှုများကြောင့် ရှစ်မှု၊ ရာသီဥတုကြောင့် တစ်မှုအပါအဝင် စုစုပေါင်း ၃၇ မှု ဖြစ်ပွားခဲ့ရာ အဆိုပါ ယာဉ်မတော်တဆမှု ၃၇ မှုအနက် ယာဉ်မောင်းများ၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားနှုန်းမှာ အများဆုံးဖြစ်ခဲ့ပြီး ၂၅ မှုအထိ ရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲ တပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

မှတ်တမ်းများအရ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယခု ၂၀၁၉ ခုနှစ်အတွင်း၌ ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ ၁၁ လတာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၄၇၉ ကြိမ်ဖြစ်ပွား၍၊ အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် ‌သေဆုံးသူ ၉၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၉၂၅ ဦးအထိရှိခဲ့ကြောင်း သိရသည်။

အမြန်လမ်းတွင် ထိုကဲ့သို့ ယာဉ်မတော်တဆမှုများ သေဆုံးမှုများ ဖြစ်ပွားခြင်းကြောင့် အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှု ဖြစ်ပွားလေ့ရှိသော မိုင်တိုင်များ၊ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းပါက ဖမ်းဆီးအရေးယူသော အရှိန်နှုန်းတိုင်းတာစက်များ ထားရှိသည့် မိုင်တိုင်အမှတ် နေရာများကိုလည်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတိပေး ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။ ထို့အပြင် နိုဝင်ဘာလ အတွင်းမှ စတင်၍ ယာဉ်မတော်တဆမှု ဖြစ်ပွားလေ့ရှိသော မိုင်တိုင်များအနီး၌ သတိပေး ဆိုင်းဘုတ်များကို စိုက်ထူပြီး မော်တော်ယာဉ်များအား ဂရုစိုက်မောင်းနှင်ကြရန် ထပ်မံသတိပေးထားကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Most Read

Most Recent