ကလေးမြို့တွင် ဆိုင်ကယ်ခိုးဂိုဏ်းတစ်ခု ကို ခိုးယူထားသည့် ဆိုင်ကယ် ၃၆ စီး နှင့် အတူ ဖမ်းဆီးရမိ

ကလေးမြို့တွင် ဆိုင်ကယ်ခိုးဂိုဏ်းတစ်ခု ကို ခိုးယူထားသည့် ဆိုင်ကယ် ၃၆ စီး နှင့် အတူ ဖမ်းဆီးရမိ
■ အောင်သူထွန်း
■ အောင်သူထွန်း
Published 3 December 2019
■ အောင်သူထွန်း

ကလေးမြို့တွင် ဆိုင်ကယ်ခိုးဂိုဏ်းတစ်ခုကို ခိုးယူထားသည့် ဆိုင်ကယ် ၃၆ စီး နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်ဟု  ကလေးမြို့ မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

 

ဖြစ်စဉ်မှာ ကလေးမြို့နယ်အတွင်း ခိုးမှုများ၊ လုယက်မှုများ ဖြစ်ပွားမှု မရှိစေရန်အတွက် လှည့်ကင်းများ ၊ ပတ်ကင်းများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၇ ရက်က လက်ပံချောင်း လှုပ်ရှားရဲကင်းမှူး  ဒုတိယရဲအုပ် ဇာဇာမင်း ဦးစီးအဖွဲ့မှ ပျဉ်းတောဦးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆွေဇမ်းထန်နှင့် ကျေးရွာတာဝန်ခံ ဦးထင်လင်းမောင် တို့နှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် အောင်ရွာကျေးရွာမြောက်ဘက် ကလေး- ရာဇဂြိုဟ်သွား ကားလမ်းဘေးရှိ ဦးထန်းလျန်းစန်၏လယ်တဲတွင် မသင်္ကာဖွယ် လူတစ်ဦးအားတွေ့ရှိပြီး စစ်ဆေးခဲ့ရာ ကျော်စိုးသန်း(ခ) ဗူးသီး (၁၉ နှစ)် သည် သံကြိုး၊ သံဇကာ၊ သော့များနှင့် အခြားမာကျောသည့်အရာများဖြတ်သည့် Cutter အပြာရောင်တစ်လက်နှင့် ဆိုင်ကယ်ပြုပြင်ရာတွင်အသုံးပြုသည့် ဂွဆိုဒ်မျိုးစုံ ရှစ်ချောင်း၊ ကတ်ကြေးတစ်လက်တို့ကို ရှာဖွေတွေ့ရှိသဖြင့် ကလေးမြို့မရဲစခန်း(ပ)၂၄၅၀/၂၀၁၉၊ ရဲအက်-၃၅(ဃ)ဖြင့် စတင် အမှုဖွင့်အရေးယူခဲ့သည် ။

ထို့နောက် နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဗိုလ်ဗိုလ်အောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် တရားခံကျော်စိုးသန်း(ခ)ဗူးသီးအား မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာ ၄င်းနှင့်တစ်ရွာသားတည်းနေ ထွန်းထွန်း(ခ) ကိုထွန်း ၃၉ နှစ် (ဘ) ဦးမျိုးမြင့်ဝင်းနှင့် ညီဖြစ်သူ ကောင်းထက်ဇော်(ခ)ကောင်းကြီး ၂၅ နှစ်၊ ဇော်ထွေး ၂၁ နှစ် (ဘ)ဦးသာလှ၊ နိုင်လင်း(ခ)ချစ်စနိုးနိုင်(ခ)စန်းချစ်နိုင် ၂၃ နှစ်(ဘ)ဦးဇော်နိုင်ဝင်းတို့နှင့်အတူ ကလေးမြို့နယ် လက်ပံချောင်းကျေးရွာရှိ နေအိမ် အဆောက်အအုံတစ်ခုအတွင်းမှ YAMAHA RAY-Z အမျိုးအစားအနီရောင် ဆိုင်ကယ်ကိုခိုးယူခဲ့ကြကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် တရားခံငါးဦးတို့အား ကလေးမြို့မရဲစခန်း(ပ)၂၄၅၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၈၀ တို့ဖြင့် အရေးယူဆောင်ရွက်နိုင်ရန် အတွက် ကနဦး အမှုဖွင့် အရေးယူခဲ့သည် ။

 

" ဒီ အမှုနဲ့ ပတ်သက်လို့ လည်း ကျနော်တို့ ရဲတပ်ဖွဲ့က ပျောက်ဆုံးသွားတဲ့ ပြည်သူတွေဆီ စနစ်တကျ ပြန်လည်အပ်နှံနိုင်ရေး နဲ့ ဆိုင်ကယ် သူခိုးဂိုဏ်းမှာ ပါဝင်တဲ့ တရားခံ ၅ ဦးကို တရားဥပဒေ အရ ဆက်လက် အရေးယူ ဆောင်ရွက်နိုင်ဖို့ အတွက် စီစဉ် ဆောင်ရွက်လျှက်ရှိပါတယ် ။ " ဟု နယ်ထိမ်း ခေါင်းဆောင် ရဲအုပ်ဗိုလ်ဗိုလ်အောင်မှ ပြောကြားခဲ့ပါသည်။

 

အဆိုပါ ဆိုင်ကယ်ခိုးဂိုဏ်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ စတင်၍ ကလေးမြို့ သို့ရောက်ရှိလာပြီး မြို့ပေါ် ရပ်ကွက် နှင့် ကျေးရွာများ သို့ ဆိုင်ကယ်များကို လိုက်လံ ခိုးယူလျက် ရှိပြီး မုံရွာမြို့နယ် အလုံမြို့ ၊ ကံကြီးကျေးရွာ တို့ တွင် ခိုးရာပါ ဆိုင်ကယ်များကို ရောင်းချခဲ့သည်ဟု သိရသည် ။ ခိုးယူသွားခဲ့သည့် ဆိုင်ကယ်များကို ပြန်လည် ရရှိရေး အတွက် ကလေးမြို့ မြို့မရဲစခန်း နှင့် တိုင်းမှုခင်း နှိမ်နင်းရေး ဌာန စိတ်မှ တာဝန်ရှိသူများ ပူးပေါင်း၍ ဆိုင်ကယ်များကို ပြန်လည် သိမ်းဆည်းခဲ့ရာ 125 ဆိုင်ကယ် ၁၃ စီး ၊ အော်တိုဂီယာ ဆိုင်ကယ် ၁၃ စီး ၊ FZ ဆိုင်ကယ် ၄ စီး ၊ ယောကျာင်္းစီး ဘီးကြီး ၆ စီး ၊ စုစုပေါင်း ဆိုင်ကယ် ၃၆ စီး ကို ပြန်လည် သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည် ။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကလေးမြို့မရဲစခန်းမှ ဆိုင်ကယ်များခိုးယူသော တရားခံ ငါးဦးတို့အား ထိရောက်သော ပြစ်ဒဏ်ရရှိစေရေးအတွက် ဆက်လက်အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အောင်သူထွန်း

 

Most Read

Most Recent