ကျောက်ဖြူမြို့နယ် ပျားတဲကျေးရွာတွင် ဖြစ်ပွားခဲ့သော ဓားပြမှုတွင် ပါဝင်သူအချို့အား ဖမ်းမိခဲ့

ကျောက်ဖြူမြို့နယ် ပျားတဲကျေးရွာတွင် ဖြစ်ပွားခဲ့သော ဓားပြမှုတွင် ပါဝင်သူအချို့အား ဖမ်းမိခဲ့
Published 2 December 2019

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ပျားတဲကျေးရွာတွင် နိုဝင်ဘာ ၂၆ ရက် နံနက် ၁ နာရီ ၄၀ ခန့်တွင် ဓားပြမှုတစ်ခု ဖြစ် ပွားခဲ့ ကြောင်းနှင့် ယင်းဓားပြမှုတွင် ပါဝင်ခဲ့သူများ အနက် တချို့ကို ရက်ပိုင်းအတွင်းဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဖြူ မြို့မရဲစခန်းမှသိရ သည်။

ဖြစ်စဉ်မှာဓားများကိုင်ဆောင်ပြီး မျက်နှာဖုံးထားသည့် အမည်မသိလူလေးဦးသည် နိုဝင်ဘာ ၂၆ရက် ညဉ့် ၁ နာရီကျော်အချိန်တွင် ပျား တဲကျေးရွာရှိ ဦးဖြူနုအောင်၏ နေအိမ်ပေါ်သို့တက်ကာ ၎င်း၏ယောက္ခမဖြစ်သူ ဦးစိန်လှအောင်အား ဆွဲခေါ်သွားသဖြင့် မိသားစုဝင်များ လန့်နိုးလာရာ မျက်နှာဖုံးအုပ်ထားသူများက မအော်ရန် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် ဦးဖြူနုအောင်မှာ ဘေးပေါက်မှ ခုန်ဆင်းက အိမ်ခြံမှောင်ရိပ်တွင် ပုန်းနေခဲ့ကြောင်း၊ ယင်းသို့ပုန်းနေစဉ် တစ်ရွာ တည်းနေသူ တချို့ကို မီးရောင်ဖြင့် မြင်တွေ့ခဲ့ ခြင်းဖြစ်ကြောင်း ဦးဖြူနုအောင်က ရဲစခန်း တွင် ထွက်ဆိုတိုင်တန်းထားခဲ့ကြောင်း သိရသည်။

“ဓားပြတိုက်တဲ့အချိန်မှာ ဦးဖြူနုအောင် က ဘေးပေါက်က ခုန်ဆင်းပြီး အမှောင်ထဲမှာ ဝှက်နေတယ်။ အဲဒီအချိန်မှာ တစ်ရွာတည်း နေလှသိန်း၊ မြင့်အောင်တို့ကို အိမ်အောက်မှာ မီးရောင်နဲ့မြင်လိုက်တယ်။ ကျန်တဲ့လူတွေ ကတော့ မျက်နှာဖုံးစွပ်ထားတဲ့အတွက် မမှတ်မိလိုက်ဘူးလို့ ဦးဖြူနုအောင်က ပြောတယ်။ သူတိုင်တဲ့အချိန်မှာ ထွက်ဆိုထားတာပါ။ တခြားလူတွေကတော့ ထွက်ပြေးသွားပြီ၊ ပြေးတဲ့သူတွေဆီမှာပါ သွားတယ်လို့ပြောတယ်။ သူတို့ကလည်း အခုဝန်ခံနေပြီဆိုတော့ အမှု ဖွင့် တရားစွဲဆိုရမှာပေါ့၊ ဥပဒေအတိုင်းလုပ်ရ မှာ ဖြစ်တယ်။ နောက်တစ်ယောက်က မြောက် ပိုင်း လေသံ ပြောခဲ့တဲ့အတွက် သူ့အသံကိုမှတ် မိလားဆိုတော့ သန်းဇော်ဌေးရဲ့အသံဖြစ်တယ် ဆိုတာကို အိမ်က မိသားစုတွေက ပြော တယ်၊ အိမ်ဆောက်ဖို့စုထားတဲ့ပိုက်ဆံသိန်း ၃၀ နဲ့ ရွှေလက်ကောက်နှစ်ကွင်း၊ ရွှေဆွဲကြိုး သုံးကုံးပါသွားတယ်၊ ကာလပေါက်စျေးက တော့ အားလုံးသိန်း ၉၀ လောက်ပေါ့၊ ဦးစိန်လှ အောင် အသက် ၈၀ ခန့်ကိုလည်းပြန်လွှတ်ပေးခဲ့တယ်။ အခုဖမ်းထားတဲ့သူတွေကိုလည်း ဥပဒေအတိုင်းလုပ်ဆောင်သွားမှာပါ၊ ကျန်တဲ့ ဟာတွေကိုလည်း ဖမ်းဖို့ကျန်သေးတယ်”ဟု ကျောက်ဖြူ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဇော က ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်ပတ်သက်ပြီး နေအိမ် အောက်တွင် မြင်တွေ့ခဲ့ရသည့် ဦးလှသိန်း အပါအဝင် ခြောက်ဦးတို့ကို ဦးဖြူနုအောင်က တရားလိုလုပ်ကာ ကျောက်ဖြူမြို့မ ရဲစခန်း တွင် တိုင်တန်းခဲ့ကြောင်း၊ ယင်းတိုင်တန်းချက် အရ ပျားတဲကျေးရွာမှ ဦးလှသိန်း၊ ကိုစိုးလင်း (ခ) ရဲရင့်နိုင်၊ ကိုသန့်ဇော်တို့အား ကျောက်ဖြူ မြို့မ ရဲစခန်းတွင် (ပ)၅၇၁ /၁၉ ၊ ရာဇသတ် ကြီး ပုဒ်မ (၃၉၅)အရ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

 

Most Read

Most Recent