ပလက်ဝ-ဇိုရမ်ပူ လမ်းစီမံကိန်းအတွက် ယာဉ်၊ ယန္တရားများ တင်ဆောင်ထားသော ဇက်သင်္ဘောအား AA အဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ရေယာဉ်အမှုထမ်းများ၏ ဖုန်းများနှင့်ငွေများအား ယူဆောင်သွားကြောင်း တပ်မတော် သတင်းထုတ်ပြန်

ပလက်ဝ-ဇိုရမ်ပူ လမ်းစီမံကိန်းအတွက် ယာဉ်၊ ယန္တရားများ တင်ဆောင်ထားသော ဇက်သင်္ဘောအား AA အဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ရေယာဉ်အမှုထမ်းများ၏ ဖုန်းများနှင့်ငွေများအား ယူဆောင်သွားကြောင်း တပ်မတော် သတင်းထုတ်ပြန်
AA အဖွဲ့၏ ပစ်ခတ်ခြင်းခံခဲ့ရသည့် ပင်လယ်မင်းသမီး ဇက်သင်္ဘောအား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
AA အဖွဲ့၏ ပစ်ခတ်ခြင်းခံခဲ့ရသည့် ပင်လယ်မင်းသမီး ဇက်သင်္ဘောအား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
Published 2 December 2019

ပလက်ဝ-ဇိုရမ်ပူလမ်း စီမံကိန်းတွင် အသုံးပြုမည့် မြေတူးစက်သုံးစီး၊ မြေကော် ယာဉ်တစ်စီးနှင့် မြေညှိစက်တစ်စီး တင် ဆောင်ထားသော ပင်လယ်မင်းသမီး ဇက်သင်္ဘောတစ်စင်းအား နိုဝင်ဘာ ၃၀ ရက် ညပိုင်းတွင် ကျောက်တော်မြို့နယ် တင်းမကျေး ရွာအနီး ကုလားတန်မြစ်အတွင်း၌ AA အဖွဲ့က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရေယာဉ်အမှုထမ်းများအား ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ကာ လက်ကိုင်တယ်လီဖုန်းများနှင့် ငွေများအား သိမ်းဆည်းယူဆောင်သွား ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ ပလက်ဝ-ဇိုရမ်ပူလမ်းစီမံ ကိန်းတွင် အသုံးပြုမည့် မြေတူးစက်သုံးစီး၊ မြေကော်ယာဉ်တစ်စီးနှင့် မြေညှိစက်တစ်စီး တင်ဆောင်ထားသော ပင်လယ်မင်းသမီး ဇက်သင်္ဘောသည် နိုဝင်ဘာ ၂၅ ရက်တွင် စစ်တွေမှ ကျောက်တော်မြို့သို့ ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ကျောက်တော်မြို့မှ ပလက်ဝသို့ ထွက်ခွာခဲ့ကြောင်း၊ ကျောက်တော်မြို့နယ် မြောက်တောင်ကျေးရွာအနီး ရောက်ရှိစဉ် မြစ်အတွင်း သောင်တင်သော ကြောင့် စက်ရှိန်မြှင့် ရုန်းထွက်ဆောင်ရွက်ရာ ပန်ကာရွက်ကျိုးမှု ဖြစ်ခဲ့သဖြင့် ယင်းနေရာ၌ ညအိပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် သင်္ဘောအား ပြန်လည်ပြုပြင်၍ ဆက်လက်ထွက်ခွာလာခဲ့ရာ တင်းမကျေးရွာ သို့ ရောက်ရှိစဉ် ရွာ၏ အနောက်ဘက်ကမ်းမှ AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ် တားဆီးခဲ့ကြောင်း၊ ထို့နောက် AA အဖွဲ့ဝင်များက သင်္ဘောပေါ်သို့ ရောက်ရှိလာပြီး ရေယာဉ် အမှုထမ်းများအား လက်ပြန်ကြိုးတုပ်၍ ကမ်းပေါ်သို့ ခေါ်ဆောင်စစ်ဆေးမှုများပြု လုပ်ပြီး လက်ကိုင်တယ်လီဖုန်းလေးလုံးနှင့် ငွေကျပ်သုံးသိန်းခန့်အားယူဆောင်ပြီး ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ပစ်ခတ်ခြင်းကြောင့် သင်္ဘောမောင်းခန်းရှိ လေကာမှန်ငါးချပ်နှင့် သင်္ဘော မီးဆလိုက်တစ်ခု၊ မြေကော်ယာဉ်တစ်စီး၏ ရှေ့လေကာမှန်နှင့် နောက်ဘက်လေကာ မှန်များ ကွဲကြေပျက်စီးခဲ့ကြောင်း သိရသည်။

စီမံကိန်းတွင် အသုံးပြုမည့်ယာဉ်၊ ယန္တရားများ ပို့ဆောင်သည့် တာဝန်ရှိသူများ အနေဖြင့်လည်း ခရီးလမ်းလုံခြုံရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များသို့ ကြိုတင်ခွင့်ပြုချက် တင်ပြခြင်းမရှိဘဲ ၎င်းတို့အစီအစဉ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

AA အဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပလက်ဝတံတားစီမံကိန်းနှင့် ပလက်ဝ-ဇိုရမ်ပူလမ်း စီမံကိန်းများ ပျက် ပြားစေရန်ရည်ရွယ်၍ မတ် ၁၆ ရက်နှင့် နို ဝင်ဘာ ၂၂ ရက်တို့တွင်လည်း ချောင်းမြောင်း ပစ်ခတ် ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ယခု ထပ်မံ၍ ချောင်းမြောင်းပစ်ခတ်ခြင်းများ ပြု လုပ်သည့်အပြင် ရေယာဉ်ဝန်ထမ်းများအား အတင်းအဓမ္မ ဖမ်းဆီးစစ်ဆေးပြီး လက်ကိုင် တယ်လီဖုန်းများနှင့် ငွေများကိုပါ ယူဆောင် သွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများ က လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် သည်။