မိုးခေါင် အညာဒေသ တောင်သူတို့အတွက် ဖြေဆေးရှိပြီလား

မိုးခေါင် အညာဒေသ တောင်သူတို့အတွက် ဖြေဆေးရှိပြီလား
 ရွှေဘိုခရိုင်အတွင်း မိုးခေါင်နေသဖြင့် ရေမရှိသည့်လယ်မြေများတွင် ထွန်ယက်နေစဉ်
ရွှေဘိုခရိုင်အတွင်း မိုးခေါင်နေသဖြင့် ရေမရှိသည့်လယ်မြေများတွင် ထွန်ယက်နေစဉ်
Published 24 November 2019
ဌေးလှအောင်

( ၁ )

“ရွာမှာ အရင်တုန်းက သူများနိုင်ငံကိုထွက်ပြီး စွန့်စွန့်စားစား အလုပ်သွားလုပ်ကြသူတွေမရှိဘူး။ အခုတော့ မဖြစ်မနေ သွားနေကြရပြီ။ ဘယ်သူတွေက ကိုယ့်ဒေသကိုခွဲပြီး သွားချင်ပါ့မလဲ။ ရာသီဥတု မကောင်းတာ နှစ်စဉ်လိုလိုဖြစ်နေတာဆိုတော့ ရိုးရာတောင်သူလုပ်ငန်းက အဆင်မပြေကြတော့ဘူး။ ဒီနှစ်လည်း မိုးခေါင်တော့ တောင်သူတွေ အဆင်မပြေကြဘူး။ မပြောကောင်းမဆိုကောင်း နောင်နှစ်လည်း ဒီနှစ်လို မိုးဆက်ခေါင်နေဦးမယ်ဆိုရင်” အညာဒေသ၏ ပစ္စက္ခရာသီ ဥတုအခြေအနေကို တောင်သူတစ်ဦးက ညည်းတွားပြောဆို၍လာသည်။ ယခုနှစ်သည် ယခင်နှစ်ထက်ပင် မိုးပိုခေါင်နေသဖြင့် တောင်သူများမှာ အခက်အခဲအကျပ်အတည်း မျိုးစုံဖြင့် ကြုံတွေ့နေကြရပြီး ယခင်က မိုးခေါင်ခဲ့ပါက စီးပွားရေး အဆင်မပြေကြသည့် တောင်သူအချို့မှာ ပြည်တွင်း၌သာ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ရှာဖွေစားသောက်ခဲ့ကြသော်လည်း ယခုတွင် ပြည်ပနိုင်ငံများသို့ထွက်ခွာ၍ ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်နေကြရပြီဟု တောင်သူတို့က ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲဖောက်ပြန်လာမှုများကြောင့် စိုက်ပျိုးရေးကို အဓိက အားထားလုပ်ကိုင်နေကြရသည့် ဒေသများ၌ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးခေါင်ခြင်း အစရှိသည့် သဘာဝဘေးဒဏ်တို့ကို ထိခိုက်ခံစားနေကြရခြင်းဖြစ်သည်။ ထိုသို့ ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့ကြောင့် သီးနှံများထိခိုက်ပျက်စီးခြင်း၊ သီးနှံများထွန်ယက်စိုက်ပျိုးနိုင်မှုမရှိခြင်း၊ သီးနှံအထွက်နှုန်းလျော့ကျခြင်း၊ ဖျက်ပိုးများကျရောက်ခြင်း၊ သီးနှံစျေးကွက်မရှိခြင်း၊ အထွေထွေစိုက်ပျိုးရေး အာမခံချက်များမရှိခြင်း၊ စိုက်ပျိုးစရိတ်များ ထိခိုက်ဆုံးရှုံးခြင်း အစရှိသည့် ထိခိုက်နစ်နာမှုများနှင့် တောင်သူတို့မှာကြုံတွေ့နေရသဖြင့် တောင်သူလုပ်ငန်းကိုစွန့်ခွာသွားကြသူ အများအပြားရှိနေပြီဖြစ်သည်။

( ၂ )

မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်လ အတွင်းက မုန်တိုင်းနှင့် မုတ်သုံလေအရှိန်ကြောင့် မိုးကြီးခြင်း၊ စိုးရိမ်ရေမှတ်အထက်ကျော်လွန်၍ မြစ်ရေကြီးခြင်းတို့ကြောင့် ရေကြီးနစ်မြုပ်မှုများ ဆိုးရွားစွာကြုံတွေ့ခဲ့ရသည်။ ၂၀၁၉ ခုနှစ်၏ အဆိုးရွားဆုံး လူသေဆုံးမှု သဘာဝဘေးအဖြစ် သြဂုတ်လအတွင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မလတ်တောင်ပြိုကျမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၇၀ ကျော်ရှိခဲ့ကာ နေအိမ် ၂၇ လုံးကျော် ထိခိုက်ပျက်စီးခဲ့ရသည့်ဖြစ်ရပ်က သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့်အတူပါလာမည့် သဘာဝဘေးများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် တပ်လှန့်ပေးလိုက်သည့် အချက်ပေးခေါင်းလောင်းသံတစ်ခုပင် ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံသည် အာရှတွင်သာမက ကမ္ဘာပေါ်၌ သဘာဝဘေးအန္တရာယ် ပိုမိုထိခိုက်ခံစားလာနေရသည့် ထိပ်ဆုံးနိုင်ငံများစာရင်း၌ပါဝင်နေပြီဟု နိုင်ငံတကာမှ သုတေသနပြုစုထားသည့် စစ်တမ်းအချို့က ဖော်ပြနေကြသည်။                

မြန်မာ့ရာသီဥတုပြောင်းလဲလာမှုမှာ ၂၀၀၈ ခုနှစ် မေလက နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း၌ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု၏ ဒဏ်များကို ခပ်စိပ်စိပ် ပိုမိုခံစားလာနေကြရပြီဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုများ ရှိနေကြသည်။

ထိုသို့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် ကြုံတွေ့လာရသည့် သဘာဝဘေးများအတွက် မြန်မာနိုင်ငံသည် ကြိုတင်ပြင်ဆင်ထားမှု အားနည်းနေဆဲဖြစ်သည့်အပြင် ရုတ်တရက်ဖြစ်ပေါ်လာမှသာ ဆေးမြီးတိုဖြင့်ကုသနေရသည့် အခြေအနေ၌ရှိနေဆဲဟု သုံးသပ်မှုများရှိနေသည်။

သစ်တောပြုန်းတီးမှု၊ တောတောင်ပြုန်းတီးမှု၊ အဖိုးတန် ဓာတ်သတ္တုများ အလွန်အကျွံထုတ်ယူသုံးစွဲမှု၊ မြေအောက်ရေကို အလွန်အကျွံထုတ်ယူသုံးစွဲမှု အစရှိသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သော လက္ခဏာရပ်များကြောင့် နောက်ဆက်တွဲကြုံတွေ့လာရသည့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုနှင့်အတူ သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့လာနေပြီဖြစ်သည်။ အနီးဆုံးသာဓကမှာ၂၀၁၅ ခုနှစ်က ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင်ဖြစ်ပွားခဲ့သည့် ရေကြီးမှုနှင့်မြေပြိုမှုများ ဆိုးရွားစွာကြုံတွေ့ခဲ့ကြရပြီး သဘာဝဘေးကြောင့် လူထိခိုက်သေဆုံးမှုများ ရှိခဲ့သည့်ဖြစ်စဉ်မှာ ပြောင်းလဲဖောက်ပြန်လာသော ရာသီဥတု၏ သတိပေးမှုများအနက် တစ်ခုအပါ အဝင်ဖြစ်သည်။

ယင်းနောက်နှစ်များတွင်လည်း ရေကြီးခြင်း၊ မိုးခေါင်ခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ မိုးကြီးခြင်း၊ မြစ်ရေကြီးခြင်းတို့ ဖြစ်ပေါ်ခဲ့သော်လည်း အလယ်ပိုင်းဒေသနှင့် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုနည်းပါးပြီး ဆည်မြောင်း၊ တာတမံနှင့် ရေကန်များ ရေခမ်းခြောက်ခြင်း၊ ရေနည်းပါးခြင်းတို့ဖြစ်ပေါ်ခဲ့ကာ မိုးခေါင်ခဲ့သည့်နှစ်တစ်အဖြစ် မှတ်တမ်းဝင် ခဲ့သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးခေါင်မှုကြောင့် မိုးရေကို အဓိကအားထား စိုက်ပျိုးနေရသည့် တောင်သူအများစုမှာ မိုးစပါးနှင့်မိုးသီးနှံများစိုက်ပျိုး ထွန်ယက်နိုင်ခြင်းမရှိခဲ့ဘဲ တောင်သူအချို့သာ ရေတွင်း၊ ရေကန်အချို့မှ ရေဖြင့် စိုက်ပျိုးနိုင်ခဲ့သည်။ ဆည်ရေရရှိသည့် တောင်သူအများစုသာ မိုးစပါးနှင့် မိုးသီးနှံစိုက်ပျိုးနိုင်ခဲ့သော်လည်း အဆိုပါတောင်သူများသည်လည်း ဆည်ရေနည်းပါးနေမှုကြောင့် စိုက်ပျိုးရေကိုအလှည့်ကျ သုံးစွဲ၍စိုက်ပျိုးခဲ့ရသည်။ အချို့ဆည်ရေမရောက်သဖြင့် အခက်အခဲဖြစ်ခဲ့ရသည်။ မိုးခေါင်မှုကြောင့် မိုးစပါးစိုက်ပျိုးချိန် နောက်ကျခဲ့သည့်အပြင် စိုက်ပျိုးပြီးစပါးခင်းများအတွင်း ဖျက်ပိုးများကျရောက်ဖျက်ဆီးသဖြင့် စပါးခင်းများ ပျက်စီးခြင်းတို့နှင့် ကြုံတွေ့နေကြရသည်။ ထိုသို့ မိုးစပါးစိုက်ပျိုးချိန်နောက်ကျခြင်း၊ ဖျက်ပိုးများကျရောက်ခြင်းတို့ကြောင့် မိုးစပါးအထွက်နှုန်းကျဆင်းမည်ကို ဒေသခံတောင်သူများက စိုးရိမ်မှုများ ဖြစ်ပေါ်နေကြသည်။ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် မိုးခေါင်မှုဒဏ်ကိုဆိုးရွားစွာ ကြုံတွေ့ခဲ့ရသည့် တောင်သူများမှာ လက်ရှိအချိန်တွင် အခက်အခဲအကျပ်အတည်းများဖြင့် ကြုံတွေ့နေကြရသည်။

( ၃ )

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးသည် ယခုနှစ်၏ မိုးခေါင်မှုဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရသည့် ဒေသတစ်ခုဖြစ်ခဲ့သည်။ မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ရွှေဘိုခရိုင်အတွင်း အဓိကရေပေးဝေလျက်ရှိသည့် သဖန်းဆိပ်ဆည်၌ စံချိန်တင်ရေလျော့ကျသွားခြင်း၊ ဆည်ရေနည်းပါးသဖြင့် စိုက်ပျိုးရေပေးဝေရာတွင် တောင်သူများထံ အလှည့်ကျစနစ်ဖြင့် ရေပေးဝေခဲ့ရပြီး စိုက်ပျိုးချိန်နောက်ကျခဲ့ခြင်း၊ စိုက်ပျိုးပြီး စပါးခင်းများအတွင်း ဆစ်ပိုး၊ ဖြုတ်ပိုးများ ကျရောက်ဖျက်ဆီးသဖြင့် စပါးခင်းများ ထိခိုက်ပျက်စီးခြင်း၊ ဆည်ရေမရရှိသည့် မိုးကောင်းဒေသများ၌ မိုးစပါးစိုက်ပျိုးနိုင်မှုမရှိခြင်း အစရှိသည့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု၏ဒဏ်ကို အဆိုပါဒေသရှိ တောင်သူများ ထိခိုက်ခံစားနေကြရခြင်းဖြစ်သည်။

ဆည်ရေမရရှိသည့် မိုးကောင်းသောက်ဒေသရှိ တောင်သူများမှာ စိုက်ပျိုးပြီးစပါးခင်းများ ရေမရရှိခြင်း၊ မိုးသီးနှံစိုက်ခင်းများရေမရရှိခြင်းတို့ကြောင့် ဖျက်ပိုးများကျရောက်ခြင်း၊ သီးနှံစိုက်ခင်းများပျက်စီးခြင်းတို့ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံမှသိရသည်။ ထိုသို့ စပါးခင်းများအတွင်းဖျက်ပိုးများ ကျရောက်နေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေး၍ တောင်သူများအား နည်းပညာအကူအညီများဆောင်ရွက်ပေးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက ပြောကြားထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ သဖန်းဆိပ်ဆည်၌ ဆည်ရေနည်းပါးနေသဖြင့် အဆိုပါဆည်ရေဖြင့် နှစ်စဉ်စိုက်ပျိုးနေသည့် နွေစပါးစိုက်ဧက နှစ်သိန်းကျော်အတွက် စိုက်ပျိုးရေဖြန့်ဝေပေးနိုင်တော့မည် မဟုတ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများထံအသိပေးထားသည်။ သဖန်းဆိပ်ဆည်ရေ နည်းပါးနေခြင်းကြောင့် နွေစပါးမစိုက်ပျိုးနိုင် မည့်ဒေသများတွင် နွေစပါးအထွက်နှုန်း လျော့ကျသွားမည်ဖြစ်သဖြင့် နွေစပါးစိုက်ဧကနေရာတွင် အခြားအစားထိုးသီးနှံများ စိုက်ပျိုးသွားရန် စီစဉ်ထားကြောင်း အဆိုပါစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ သဖန်းဆိပ်ဆည်မှ အဓိက ဆည်ရေဖြန့် ဝေပေးလျက်ရှိသည့် ဒေသများမှာ နာမည်ကြီး ရွှေဘိုပေါ်ဆန်းမွှေးစပါး (ဘေးကျားစပါး) စိုက်ပျိုးရာ ရွှေဘိုခရိုင်ဖြစ်ပြီး မုံရွာခရိုင်နှင့် စစ်ကိုင်းခရိုင်တို့အတွင်းမှ မြို့နယ်အချို့သို့လည်း စိုက်ပျိုးရေးဖြန့်ဝေပေးလျက် ရှိသည်။

“သဖန်းဆိပ်ဆည်ကနေ ပုံမှန်ရေပေးဝေနေကျဆိုရင် နွေစပါးအပါအဝင် နွေသီးနှံအားလုံး ဧကသုံးသိန်းဝန်းကျင်ကို ပုံမှန်ရေပေးဝေနိုင်ပါတယ်။ အခုသဖန်းဆိပ်ဆည်မှာ ဆည်ရေနည်းပါးသွားတဲ့အတွက် ဆည်ထဲမှာရှိနေတဲ့ ရေတွေကို သောက်ရေနဲ့သုံးရေအတွက် အဓိကသုံးပြီး ဒီနှစ်နွေစပါးစိုက်ပျိုးဖို့အတွက် ဖြတ်တောက်လိုက်ပါတယ်။ နွေစပါးစိုက်ပျိုးတာကို ဖြတ်တောက်လိုက်တဲ့အတွက် အဲဒီနွေစပါးစိုက်ပျိုးမယ့် ဧကတွေနေရာမှာ အခြားအစားထိုး သီးနှံတွေစိုက်ပျိုးသွားဖို့ စီစဉ်ထားပါတယ်။ တောင်သူတွေအားလုံးကိုလည်း အသိပေးပြီးဖြစ်ပါတယ်။ နွေစပါးစိုက်ပျိုးချင်တဲ့တောင်သူတွေအတွက်ကတော့ စက်ရေတွင်းရှိတဲ့ နေရာတွေမှာပဲ ရေသွင်းပြီးစိုက်ပျိုးလို့အဆင်ပြေနိုင်တယ်။ တောင်သူတွေနဲ့ ဆွေးနွေးထားပြီး ဖြစ်တာကြောင့် နွေစပါးစိုက်ဧကနေရာမှာ အခြားအစားထိုးသီးနှံ စိုက်ဧကပေါင်း ၂၅၀၀၀၀ ကျော်လောက် စိုက်ပျိုးသွားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ အခုလို နွေစပါးစိုက်ပျိုးတာကို ဒီနှစ်မှာရပ်လိုက်တဲ့အတွက် သဖန်းဆိပ်ဆည်ရေသောက်ဧရိယာမှာက နှစ်စဉ်မိုးစပါး၊ နွေစပါးဆိုပြီး စပါးပြီး စပါး စိုက်ပျိုးနေတာဖြစ်တာကြောင့် မြေဆီလွှာတွေပျက်စီးလာတယ်။ နောက်တစ်ခုက စပါးခင်းတွေမှာ အကျများတဲ့ ဆစ်ပိုး၊ ဖြုတ်ပိုး စတဲ့ဖျက်ပိုးတွေက မပျောက်တော့ဘူး။ စပါးဖျက်ပိုးတွေက မိုးစပါးမှာ တစ်ခါဖျက်ဆီးတယ်။ မိုးစပါးစိုက်ပြီးလို့ ထွန်ယက်တဲ့အချိန်မှာ အဲဒီဖျက်ပိုးတွေက အနည်းငယ်လောက်ပဲ သေသွားပြီး မြေထဲမှာအောင်းနေကြတယ်။ နောက် နွေစပါးစိုက်ချိန်မှာ မြေထဲကပြန်ထွက်လာပြီး ပြန်ဖျက်ဆီးတယ်။ အဲဒီလို ဖျက်ပိုးက သံသရာလည်နေတာပေါ့။ ဒီနှစ် သဖန်းဆိပ်ဆည်က ဆည်ရေနည်းနေလို့ နွေစပါးမစိုက်ပျိုးနိုင်တော့ အဲဒီပိုးတွေကို နှိမ်နင်းပြီးသားလည်းဖြစ်ပါတယ်။ နွေစပါးမစိုက်ပျိုးနိုင်တဲ့အတွက် ဆိုးကျိုးကတော့ နွေစပါးအထွက်နှုန်းကျသွားမယ်။ ကောင်းကျိုးကတော့ နွေစပါးနဲ့ မိုးစပါးပါကျရောက်နေတဲ့ ဖျက်ပိုးသံသရာကို ဖြတ်တောက်ပစ်နိုင်မှာဖြစ်ပါတယ်။ နွေစပါးမစိုက်ပျိုးနိုင်ပေမယ့် အခြားအစားထိုးသီးနှံတွေ စိုက်ပျိုးသွားမှာဖြစ်တာကြောင့် တောင်သူတွေအတွက် ထိုက်သင့်တဲ့ဝင်ငွေတွေရရှိနိုင်မှာဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောကြားသည်။

သဖန်းဆိပ်ဆည်ရေသောက် ဧရိယာအတွင်း နွေစပါးစိုက်ပျိုးရန် ဆည်ရေဖြန့်ဝေပေးနိုင်ခြင်းမရှိသဖြင့်  လာမည့်နှစ် နွေစပါးအထွက်နှုန်း လျော့ကျသွားမည်ဖြစ်ပြီး နှစ်စဉ်နွေစပါးစိုက်ပျိုးလေ့ရှိသည့် ဧကနှစ် သိန်းကျော်နေရာတွင် ရေလိုအပ်မှုနည်းပါးသော အခြားအစားထိုးသီးနှံများဖြစ်သည့် ပဲ၊ ပြောင်း၊ နှမ်း အစရှိသည့် ယာသီးနှံတို့ကို စိုက်ပျိုးသွားမည်ဖြစ်သည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးခေါင်ခဲ့သော်လည်း မိုးစပါးအပါအဝင် မိုးသီးနှံစိုက်ပျိုးနိုင်မှုပမာဏမှာ ဧကအနည်းငယ် လျော့နည်းခဲ့သည်မှအပ လျာထားချက်များအတိုင်း စိုက်ပျိုးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် စပါးအပါအဝင်သီးနှံမျိုးစုံစုစုပေါင်း စိုက်ပျိုးနိုင်မှုမှာဧကပေါင်း ၄ ဒသမ ၆ သန်းကျော်ရှိပြီး နှစ်စဉ်မိုးစပါး စိုက်ဧက ၁၈ သိန်းကျော်စိုက်ပျိုးပြီး အခြားမိုးသီးနှံများကို ဧက သုံးသန်းကျော် စိုက်ပျိုးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ် ရေလှောင်တမံမှ အောက်ဘက်ကိုးမိုင်အကွာရှိ ကင်းတပ်ရေထိန်းတမံ၏ လက်ယာတူးမြောင်းမကြီးနှင့် လက်ဝဲတူးမြောင်းမကြီးတို့မှ စိုက်ပျိုးရေဧက ၁၇၀၀၂၀၊ ကင်းတပ်ရေ ထိန်းတမံမှ အောက်ဘက် ၂၄ မိုင်အကွာရှိ ကာဘိုးရေလွှဲဆည်မှ ရွှေဘိုမြောင်းမတော်၊ ရေဦးမြောင်းမတော်တို့မှ စိုက်ပျိုးရေဧက ၃၂၁၆၆၇ ဧက စုစုပေါင်း စိုက်ပျိုးရေဧက ၄၉၁၆၆၇ ဧက (ဧကငါးသိန်းခန့်)စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောမှတ်တမ်းအရ သိရသည်။

 သဖန်းဆိပ်ဆည်မှ ကန့်ဘလူ၊ ဇီးကုန်း၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊ အရာတော်၊ စစ်ကိုင်း အစရှိသည့် မြို့နယ်များသို့ စိုက်ပျိုးရေဖြန့် ဝေပေးလျက်ရှိသည်။ ယခုနှစ်၌ သဖန်းဆိပ်ဆည်မှာ မိုးခေါင်နေမှုကြောင့် ဆည်တည်ဆောက်ပြီး နောက်နှစ်ပေါင်း ၂၀ ကာလအတွင်း ဒုတိယအကြိမ် ဆည်ရေအနည်းဆုံးသို့ စံချိန်တင် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် အဆိုပါဒေသ၌ ဆိုးရွားသည့် မိုးခေါင်မှုကြောင့် မိုးရေကိုသာ အဓိကအားထားနေကြရသည့် တောင်သူများမှာ မိုးစပါးစိုက်ပျိုးနိုင်ခြင်းမရှိသဖြင့် အထွေထွေအခက်အခဲ အကျပ်အတည်းနှင့် ကြုံတွေ့နေရသကဲ့သို့ ဆည်ရေရရှိသဖြင့် စိုက်ပျိုးထားသည့် တောင်သူများမှာလည်း စိုက်ပျိုးပြီးစပါးခင်းများအတွင်း စပါးဖျက်ပိုးများကျရောက်နေသဖြင့် အခက်အခဲများနှင့်ကြုံတွေ့နေရသည်။ ထို့ပြင် မိုးစပါး စိုက်ပျိုးချိန်နောက်ကျမှု၊ စပါးဖျက်ပိုး ကျရောက်မှုကြောင့် မိုးစပါးအထွက်နှုန်း ကျဆင်းသွားနိုင်မည်ဟု တောင်သူတို့က သုံးသပ်ပြောဆိုနေကြသည်။

မိုးရေချိန်လက်မနည်းပါးပြီး မိုးနည်းရပ်ဝန်းဖြစ်သည့် ထိုအညာဒေသတွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံစားနေရသည်မှာ ယခုနှစ်တွင်မှမဟုတ်ဘဲ မကြာသေးမီနှစ်များမှစတင်ကာ ခပ်စိပ်စိပ် ခံစားလာကြရပြီဖြစ်သည်ဟု ဒေသခံတောင်သူတို့က ပြောဆိုနေကြသည်။

“စိုက်ပြီးတဲ့လယ်တွေက ဖြုတ်ပိုးတွေကျနေလို့ ပိုးသတ်ဆေးတွေ ဖျန်းပေးနေရတယ်။ ဒီဖြုတ်ပိုးတွေက ပြီးခဲ့တဲ့နှစ်ကတည်းက ကျနေတာ။ ကျွန်တော်တို့တောင်သူတွေက ဖြုတ်ပိုးကျတယ်ဆိုတာမသိကြဘူး။ နည်းပညာနဲ့ အသိပညာအားနည်းတာလည်း ပါတာပေါ့။ ဒီနှစ်ကတော့ ပိုးသတ်ဆေးကို သာမန်ထက် နှစ်ဆ သုံးပြီးတော့ ဖျန်းနေရတယ်။ ကုန်ကျစရိတ်ကတော့ များတာပေါ့။ ဒီနှစ်က မိုးခေါင်တော့ ရေအလုံအလောက် မရကြဘူး။ ရေမရတော့ ရေတွင်းကနေ စက်နဲ့သွယ်ယူစိုက်ရတော့ ကုန်ကျစရိတ်တွေ ပိုကျကုန်တယ်။ အခု မိုးခေါင်လို့စိုက်ပျိုးချိန်နောက်ကျတယ်။ ပိုးကလည်း ကျနေတယ်ဆိုတော့ မိုးစပါးအထွက်နှုန်းကတော့ လျော့ကျသွားနိုင်တာပေါ့” ဟု ကန့်ဘလူမြို့နယ်မှ မိုးကောင်းတောင်သူတစ်ဦးက ဆိုသည်။

( ၄ )

မြန်မာနိုင်ငံ၏စီးပွားရေးမှာ အခြားကဏ္ဍများစွာရှိသော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အဓိက အခြေခံအားထားပြုနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ  ရာခိုင်နှုန်း ၇၀ ကျော်မှာ ကျေးလက်ဒေသတွင် အများဆုံးနေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေးကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးကဏ္ဍအသီးသီးမှ ထွက်ရှိလာသည့် ထုတ်ကုန်များကို ပြည်တွင်းစားသုံးမှု ပမာဏ၊ အရန်သိုလှောင်ထားရှိမှုမှအပ ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိသည်။

ထိုသို့ ပြည်တွင်းစားသုံးမှု၊ အရန်သိုလှောင်ထားရှိမှုအပါအဝင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုရှိရန်အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဓိကမှီခိုနေရခြင်းဖြစ်သည်။ ထိုသို့စိုက်ပျိုးရေးကဏ္ဍသည် အဓိက နေရာမှပါဝင်နေသော်လည်း စျေးကွက်ရရှိမှုမှာ နည်းပညာဖွံ့ဖြိုးတိုးတက်မှု အားနည်းခြင်းများအပါအဝင် လိုအပ်ချက်များစွာရှိနေဆဲဖြစ်ပြီး မူလစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများမှာမူ အဆိုပါ စျေးကွက်အတွင်းမှ လွန်စွာနည်းပါးသည့် မပြောပလောက်သော ပမာဏအနည်းငယ်ကိုသာ အကျိုးခံစားခွင့် ရရှိကြသည်။ ဤနေရာတွင် အလျဉ်းသင့်သဖြင့် မြန်မာနိုင်ငံ၏ဆန်စပါးကဏ္ဍ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုအခြေအနေများကို အနည်းငယ်တင်ပြလိုပါသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ မိုးစပါးစိုက်ဧက ၁၅ သန်းနှင့် နွေစပါးဧက နှစ်သန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အဆိုပါ စပါးစိုက်ဧက ၁၇ သန်းကျော်မှ နှစ်စဉ်စပါးတန်ချိန် ပေါင်းသန်း ၃၀ ခန့် ထွက်ရှိလျက်ရှိကြောင်း အစိုးရ၏စာရင်းများတွင် ဖော်ပြထားသည်။

မြန်မာ့ဆန်ကို အာရှ၊ ဥရောပနှင့် အာဖရိကတိုက်များရှိ နိုင်ငံများသို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး တရုတ်နိုင်ငံသည် မြန်မာ၏အဓိက ဆန်တင်ပို့သည့် နိုင်ငံဖြစ်သည်။ ထိုသို့ ပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချရာ၌ ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်တို့ရှိ ဆန်စပါးအရည်အသွေးတို့နှင့် နှိုင်းယှဉ်ပါက နိုင်ငံတကာဆန်စျေးကွက်၌ မြန်မာ့ဆန်သည်အရည်အသွေး နိမ့်ကျနေဆဲဖြစ်သဖြင့် နည်းပညာပိုင်းနှင့် အရည်အသွေးမြှင့် စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုအပ်ချက်များစွာရှိနေဆဲဖြစ်ကြောင်း သုတေသနမှတ်တမ်းများက ဆိုသည်။

စိုက်ပျိုးရေးကဏ္ဍ၏ အဓိကထွက်ကုန်ပစ္စည်းတစ်ခုဖြစ်သည့် ဆန်စပါးမှာ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်၌ နိုင်ငံ၏ နှစ် ၇၀ ကျော်ကာလအတွင်း အမြင့်ဆုံးစံချိန်အဖြစ် ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော်ကို ပြည်ပနိုင်ငံပေါင်း ၅၀ ကျော်သို့ တင်ပို့နိုင်ခဲ့သည်။ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၃ သန်းကျော်တင်ပို့ရာမှ ပို့ကုန်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၃၆ သန်းကျော် ရရှိခဲ့သည်။ ထိုသို့ စံချိန်တင် ပြည်ပသို့ဆန်တင်ပို့နိုင်ခဲ့ သဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ် ကမ္ဘာ့ ဆန်တင်ပို့သည့် ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံကိုကျော်လွန်၍ နံပါတ် ၅ နေရာသို့ ရောက်ရှိလာခဲ့သည်။              

ယခင် အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၃၄-၁၉၃၅ ခုနှစ်က ပြည်ပသို့တင်ပို့ခဲ့သည့် ဆန်တန်ချိန် ၃ ဒသမ ၅၉၉ သန်းပြီးနောက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့နိုင်မှုပမာဏမှာ အမြင့်ဆုံး ပမာဏသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အဆိုပါပမာဏမှာ မြန်မာ့ဆန် ပြည်ပတင်ပို့ခွင့်ကို ပုဂ္ဂလိကကဏ္ဍသို့ လွတ်လပ်စွာခွင့်ပြုပေးခဲ့သည့် ၁၀ နှစ်ကျော်ကာလအတွင်း အမြင့်ဆုံးသို့ပြန်လည်ရောက် ရှိလာခဲ့ခြင်းလည်းဖြစ်သည်။

၂ ၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်တန်ချိန် လေးသန်းခန့် တင်ပို့နိုင်ရန် အစိုးရက ရည်မှန်းခဲ့ သော်လည်း အမှန်တကယ်တင်ပို့နိုင်မှုမှာ ဆန်တန်ချိန်သုံးသန်းပင် မပြည့်ခဲ့သဖြင့် အစိုးရ၏ ပြည်ပဆန်တင်ပို့မှု ရည်မှန်းချက် ပြည့်မီခဲ့ခြင်းမရှိခဲ့ပေ။ သို့သော် အစိုးရနှင့်မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကမူ မြန်မာ့ဆန်စပါးပို့ကုန်ကဏ္ဍမှ ၂၀၂၀ -၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံမှ ၂ ဒသမ ၅ ဘီလျံ ပို့ကုန်ဝင်ငွေရရှိရန် မျှော်မှန်းထားသည်။ ထိုသို့ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ကျော်မှ ဒေါ်လာ သန်း ၂၅၀၀ ကျော် ရရှိရန်အတွက် ဆန်တန်ချိန် လေးသန်းကျော်မှ ငါးသန်းကျော်အထက် တင်ပို့နိုင်ရန် လိုအပ်မည်ဖြစ်သည်။ ယင်းကဲ့သို့ ဆန်တန်ချိန် ငါးသန်းကျော်တင်ပို့နိုင်ရန်အတွက် ပြည်တွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို နည်းပညာနှင့် အရည်အသွေးပိုင်းဆိုင်ရာများ စနစ်တကျ ပိုမိုမြှင့်တင် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သည်။ လတ်တလောတွင် ကမ္ဘာ့ဆန်စျေးကွက်သို့ ထိပ်တန်း ဆန်တင်ပို့လျက်ရှိသည့် နိုင်ငံများမှာ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မြန်မာ၊ အမေရိကန်၊ ကမ္ဘောဒီးယား အစရှိသည့်နိုင်ငံများက ဆန်အများဆုံးတင်ပို့လျက်ပြီး ကမ္ဘာတစ်ဝန်းသို့ တင်ပို့လျက်ရှိသည့် ဆန်တန်ချိန် ရာခိုင်နှုန်းကျော် ၇၀ အား အာရှတိုက်မှ ထွက်ရှိပြီး ပြည်ပသို့တင်ပို့ လျက်ရှိသည်။

ယခင်က ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့နိုင်ခဲ့သည့် မြန်မာ့ဆန်စပါးလုပ်ငန်းကို ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြည်တွင်း ပြည်ပသို့ ရောင်းချနေသည့် ဆန်စပါးလုပ်ငန်းကဏ္ဍအသီးသီးကို အစိုးရက ထိန်းချုပ်လိုက်ပြီးနောက် ဆန်စပါးကို ဝယ်ယူ၊ ကြိတ်ခွဲ၊ ရောင်းချ၊ ဖြန့်ချိခြင်းလုပ်ငန်းများကို အစိုးရက တာဝန်ပေးအပ်ထားသော ဌာနမှလွဲ၍ မည်သူ့ကိုမျှ လုပ်ပိုင်ခွင့်မပြုကြောင်း ကြေညာခဲ့သည်။

ထိုသို့ ဆန်စပါးလုပ်ငန်းများကို အစိုးရကထိန်းချုပ်လိုက်ပြီးနောက်ပိုင်း အစိုးရ၏စီမံခန့်ခွဲမှုည့ံဖျင်းသဖြင့် ပြည်တွင်း ဆန်စပါးထုတ်လုပ်မှုမှာ တဖြည်းဖြည်းနှင့်ကျဆင်းလာခဲ့သည်။ ယင်းနောက် ၁၉၆၇ ခုနှစ်တွင် အစိုးရ၏ စီမံခန့်ခွဲမှုည့ံဖျင်းမှုကြောင့် ပြည်တွင်းဆန်စျေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့ပြီး ဆန်ရှားပါးမှုနှင့် ပြတ်လပ်မှုများဖြစ်ကာ လုယက်မှုများအထိ ဖြစ်ပွားလာခဲ့သည်။

ထိုသို့ ဆန်ပြဿနာများဖြစ်ပွားခဲ့ပြီးနောက် ၁၉၈၇-၁၉၈၈ ခုနှစ်တွင် ဆန်စပါးကဏ္ဍကို သမဝါယမစနစ်ဖြင့် ကိုင်တွယ်ခဲ့ရာ မအောင်မြင်သည့်အပြင် ပိုမိုဆိုးရွားလာခဲ့ပြီး ဆန်ပြတ်လပ်မှုများဆက်လက်ဖြစ်ပွားခဲ့ကာ ပြည်တွင်းဆန်စျေးနှုန်းမှာလည်း အဆမတန်မြင့်တက်သွားခဲ့သည်။ ထိုသို့ဆန် မလောက်ငှမှု၊ စျေးနှုန်း အဆမတန်မြင့်တက်မှုများအပြင် အထွေထွေကျပ်တည်းမှုများမှတစ်ဆင့် နိုင်ငံရေး အကျပ်အတည်းများအထိဖြစ်ပေါ်လာကာ နောက်ပိုင်း၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၉၈၈ ခုနှစ် ပြည်သူလူထု အားလုံးပါဝင်သည့် အရေးအခင်းကြီးဖြစ်ပွားခဲ့သည်။

၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက်ပိုင်းတွင် အစိုးရက ဆန်စပါးကဏ္ဍအပေါ်ထိန်းချုပ်ထားမှုကို အနည်းငယ် ဖြေလျှော့လာခဲ့ပြီးနောက် တောင်သူများထံမှ တစ်ဧက လျှင် စပါး ၁၂ တင်းအထိသာ သတ်မှတ်၍ဝယ်ယူခဲ့ပြီး ကျန်စပါးများကို ပြည်တွင်း၌လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပေးခဲ့သည်။ ပြည်ပသို့ တင်ပို့ခြင်းကိုမူ အစိုးရက ဆက်လက်ထိန်းချုပ်ထားခဲ့သည်။ ယင်းနောက် နဝတ၊ နအဖ အစိုးရလက်ထက် ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော် အစိုးရက ဆန်စပါးရောင်းဝယ်မှု မူဝါဒသစ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဆန်စပါးကို အစိုးရက တိုက်ရိုက်ဝယ်ယူခြင်းမရှိတော့ဘဲ ပြည်တွင်း၌ ပုဂ္ဂလိကသို့လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပေးခဲ့သည်။ ပြည်ပသို့ တင်ပို့ခြင်းကိုမူ အစိုးရ၏ မြန်မာနိုင်ငံ ဆန်စပါးရောင်းဝယ်ရေး ဦးဆောင်အဖွဲ့က ထိန်းချုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်စပါးတင်ပို့ရောင်းချခွင့်ကို ပုဂ္ဂလိကကဏ္ဍသို့ အပြည့်အဝ လုပ်ပိုင်ခွင့်စတင်ခွင့်ပြုပေးခဲ့သည်။

အဆိုပါ ၂၀၀၇-၂၀၀၈ ဘဏ္ဍာ နှစ်တွင် အစိုးရကပုဂ္ဂလိကကဏ္ဍကို ပြည်ပသို့ ဆန်စပါးတင်ပို့ခွင့် ပြုပေးခဲ့ပြီးနောက် ၁၀ နှစ်တာကာလအရောက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်ပေါင်း ၃ ဒသမ ၅ သန်းကျော် စံချိန်တင် တင်ပို့လာနိုင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်မတိုင်မီက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထိပ်တန်းစာရင်းဝင် ဆန်တင်ပို့သည့်နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံမှ အဓိကဆန်တင်ပို့ရောင်းချသည့်နိုင်ငံများမှာ အိမ်နီးချင်းတရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အဓိက တင်ပို့လျက်ရှိပြီး အာရှ၊ ဥရောပနှင့် အာဖရိကတိုက်တို့ရှိနိုင်ငံများသို့  ရေလမ်းကြောင်းမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိသည်။ လက်ရှိတွင် မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးတိုးတက်မြင့် မားရေး၊ ကမ္ဘာ့ဆန်စျေးကွက်တွင် စျေးကွက်ဝေစု ပိုမိုရရှိရေးနှင့် ဆန် တန်ချိန်တိုးမြှင့် ပို့ဆောင်နိုင်ရေးအတွက် အစိုးရနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့က ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပသို့ဆန်စပါးတင်ပို့မှု စံချိန်သစ်တင်ထားနိုင်သော်လည်း မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍအတွက် စိန်ခေါ်မှုများစွာရှိနေဆဲဖြစ်သည်။ ဆန်စပါးထုတ်လုပ်မှုတွင် နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်များ၊ သက်ဆိုင်ရာကဏ္ဍများအလိုက် စနစ်တကျသုတေသန ပြုစုထားနိုင်မှု အားနည်းချက်များ၊ စိုက်ပျိုးရေးကဏ္ဍ၌ အသုံးပြုလျက်ရှိသည့် ဓာတုဆေးဝါးအလွန်အကျွံ အသုံးပြုနေရမှုနှင့် မြေဆီလွှာထိခိုက်လာမှုများ၊ ပြည်ပသို့တင်ပို့ရာတွင် ထုတ်လုပ်ထားသည့် ဆန်စပါးအရည်အသွေးပိုင်းအလိုက် စျေးကွက်ယှဉ်ပြိုင်နေရမှု အစရှိသည့် စိန်ခေါ်မှုများစွာရှိနေဆဲဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့ဆန်စျေးကွက်အတွင်း ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အမေရိကန်ဆန်များက အရည်အသွေးပိုင်းဆိုင်ရာတွင် ဦးဆောင်လျက်ရှိသည်။ ပြည်ပသို့ တင်ပို့သည့် ဆန်အရည်အသွေး ကောင်းမွန်ရန်အတွက် မူလစိုက်ပျိုးထုတ်လုပ်သည့် စပါးအပေါ်တွင် မူတည်နေသဖြင့် တောင်သူများအား လိုအပ်သည့် နည်းပညာများ၊ ငွေကြေးများကို အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများက အဓိက ကူညီထောက်ပ့ံပေးရန် လိုအပ်မည်ဖြစ်သည်။ လက်ရှိတွင် တောင်သူများနှင့် ပုဂ္ဂလိကအဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် အကျိုးတူ ကန်ထရိုက် လယ်ယာမြေစနစ်ကို အကောင်အထည် ဖော်ဆောင်နိုင်ခြင်းမရှိသေးသဖြင့် တောင်သူများအတွက် လိုအပ်နေသည့်နည်းပညာနှင့် ငွေကြေးအကူအညီများမရရှိသဖြင့် အခက်အခဲများရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများ၌နေထိုင်ကြပြီး အများစုမှာ လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်အသက်မွေးကြသည်။ ထိုသို့ လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသော်လည်းလည်း သီးနှံစျေးကွက်အာမခံချက်မရှိခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းနှင့် ပိုးမွှားကျရောက်မှု၊ အထွေထွေစရိတ်ကြီးမြင့်မှု စသည့်ပြဿနာမျိုးစုံဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးမှ ထွက်ရှိသည့် သီးနှံများကိုရောင်းချကာ ဘဝသံသရာ လည်ပတ်နေရသည့်အတွက် သီးနှံစတင်ရရှိချိန်၌ ထိုက်သင့်သည့် စျေးကွက်မရရှိပါက ဒေသခံတောင်သူများမှာ နစ်နာကြရသည်။ ယင်းအပြင် ဒေသခံတောင်သူများ၏လက်ဝယ်အတွင်း သီးနှံရောင်းချရန် မကျန်ရှိတော့သည့်အချိန်၌ စျေးနှုန်းမြင့်တက်လာသည့်အစဉ်အလာ ရှိနေသည်က ဒေသခံတောင်သူများအတွက် ပို၍နစ်နာနေရသည်။

ယင်းကြောင့်စိုက်ပျိုးရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်လာရန်အတွက် အစိုးရအနေဖြင့် သီးနှံအာမခံချက်၊ စျေးကွက်အာမခံချက်များရရှိရန်အတွက် မူဝါဒချမှတ်၍ ရေရှည်ရေတိုလုပ်ဆောင်ပေးသင့်သည်မှာ အမှန်ပင်ဖြစ်သည်။

ဥပမာအနေဖြင့်တင်ပြရသော် ၂၀၁၈ ခုနှစ်ကစတင်ခဲ့သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အစိုးရနှင့် ညှိနှိုင်းဆွေးနွေးပြီး စတင်ထုတ်ပြန်ပေးခဲ့သည့် အခြေခံရည်ညွှန်း စပါးစျေးနှုန်း သတ်မှတ်ပေးမှုက ဒေသခံတောင်သူများအတွက် များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။ အထူးသဖြင့် လုပ်ကွက်ငယ် (ဧက အနည်းငယ်) တောင်သူများ၊ အရည်အသွေးနိမ့်ကျသည့်စပါးစိုက်ပျိုး နေရသည့် တောင်သူများအတွက် ပိုမိုအထောက်အကူဖြစ်စေခဲ့သည်။ ယခု ၂၀၁၉ ခုနှစ်တွင် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အောက်တိုဘာ ၁၅ ရက်၌ အခြေခံရည်ညွှန်း စပါးစျေးနှုန်းတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ချက်တွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစျေးနှုန်းကို ကျပ်ငါးသိန်းအဖြစ် သတ်မှတ်ပေးခဲ့သည်။ ထို့ပြင် စျေးကွက်အတွင်းရှိ စပါးမျိုးတစ်ခုသည် အခြေခံရည်ညွှန်းစျေးအပေါ်၌တည်ရှိနေပါက အဆိုပါပေါက်စျေးအတိုင်း ဝယ်ယူရန်နှင့် အခြေခံရည်ညွှန်းစျေးနှုန်းအောက်သို့ ဖြစ်ပေါ်နေပါက သတ်မှတ်ထားသည့် အခြေခံရည်ညွှန်းစျေးနှုန်းအတိုင်း ပေးဝယ်ရမည်ဖြစ်ကာ သတ်မှတ်ထားသောစျေးနှုန်းသည် ၂၀၁၉ ခုနှစ် မိုးစပါးနှင့် ၂၀၂၀ ပြည့်နှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍအသီးသီးအလိုက် သက်ဆိုင်ရာအခြေခံရည်ညွှန်းစျေးနှုန်းများ သတ်မှတ်ပေးနိုင်မည်ဆိုပါက လယ်နှင့် ယာသီးနှံ စိုက်ပျိုးနေကြရသည့် ဒေသခံတောင်သူများအတွက် စျေးကွက်အာမခံချက် ရရှိမည်ဖြစ်ကာ စျေးနှိမ်ဝယ်ယူခံရမှုများ၊ သီးနှံပေါ်ချိန်၌ စျေးကျမှုများမှ ကင်းဝေးကာ ထိုက်သင့်သည့် အကျိုးခံစားမှုများကို မျှတစွာဖြင့်ခံစားခွင့်ရရှိမည်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ထုတ်ကုန်များအနက် စိုက်ပျိုးရေးကဏ္ဍမှ ထွက်ရှိသည့်ထုတ်ကုန်များမှာ နိုင်ငံ၏ အဓိကပြည်ပပို့ကုန်အဖြစ် ရပ်တည်လျက်ရှိသည်။ ယင်းကြောင့် ပြည်တွင်းထုတ်လုပ်မှု စျေးကွက်အာမခံချက်ရရှိရန် အစိုးရနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး အနေဖြင့် စိုက်ပျိုးရေးကဏ္ဍများ၏ အပိုင်းအလိုက် လိုအပ်နေသည့် သီးနှံစျေးကွက်ဆိုင်ရာ ဥပဒေများပြဋ္ဌာန်းပေးခြင်း၊ နည်းပညာနှင့်လိုအပ်သည့်    မျိုးစိတ်များ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း အစရှိသဖြင့် ဒေသတွင်းစိုက် ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စနစ်တကျဆောင်ရွက်ပေးရန်လို အပ်မည်ဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှုစျေးကွက် အာမခံချက်ရှိမှသာ စိုက်ပျိုးထုတ်လုပ်သူများရေရှည်ရပ် တည်နိုင်မည်ဖြစ်သည်။ ထို့ပြင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် သီးနှံများထိခိုက်ပျက်စီးခြင်း၊ မိုးခေါင်ရေရှားပါးမှုကြောင့် ရာသီပေါ်သီးနှံများစိုက်ပျိုးရန် အခက်အခဲများဖြစ်ပေါ်လာပါက ဒေသခံတောင်သူများ၏အကျိုးစီးပွားအတွက် လိုအပ်သည့်ကူညီထောက်ပံ့မှုများ လုံလောက်စွာပေးအပ်နိုင် ရန်စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးကဏ္ဍထိခိုက်ပါက စိုက်ပျိုးရေးအပေါ် မှီခိုနေရသည့် နိုင်ငံ၏အကျိုးစီးပွားပါ  ထိခိုက်လာမည်မှာ အမှန်ပင်ဖြစ်သည်။

ယင်းကြောင့် နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသည့် စိုက်ပျိုးရေးကဏ္ဍအသီးသီးမှတင်ပို့နေသည့် ပို့ကုန်များ နိုင်ငံခြားစျေးကွက်ကောင်းရရှိရန်နှင့် ပြည်တွင်းထုတ်လုပ်မှုစျေးကွက်ကောင်းမွန်ရန်မှာ အဓိက အခြေခံအချက်များအနက် တစ်ချက်အနေဖြင့် ပါဝင်နေခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍမှ ပြည်တွင်ထုတ်လုပ်မှုတန်ဖိုး၏ ရာခိုင်နှုန်း ၃ဝနှင့် ပြည်ပပို့ကုန်၏ ပို့ကုန်ဝင်ငွေ ၂၅ ရာ ခိုင်နှုန်းကို ရှာဖွေပေးလျက်ရှိသဖြင့် စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏ အဓိက အရေးပါသောအခန်းကဏ္ဍ၌ တည်ရှိနေသည်ကို ပြသလျက်ရှိသည်။

( ၅ )

လက်ရှိအချိန်တွင် မိုးခေါင်မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ တောင်သူများမှာ အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေကြရသည်။ မိုးခေါင်မှုကြောင့် မိုးစပါးစိုက်ပျိုးနိုင်မှုမရှိခြင်း၊ မိုးစပါးစိုက်ပျိုးနိုင်သည့်ဒေသတွင် ရေလုံလောက်စွာမရရှိခြင်း၊ သီးနှံဖျက်ပိုးများ ကျရောက်နေခြင်း၊ မိုးစပါးနှင့်သီးနှံအချို့ ထိခိုက်ပျက်စီးခြင်း၊ အထွက်နှုန်းများ လျော့ကျခြင်း အစရှိသည့် ပြဿနာများနှင့်ရင်ဆိုင် ကြုံတွေ့နေကြရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ထို့ပြင် လယ်ယာလုပ်သား ရှားပါးလာပြီး အလုပ်သမားစရိတ်များ မြင့်တက်လာသဖြင့် တောင်သူများမှာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

“ကျွန်တော်တို့ တောင်သူတွေက စပါးကို မိရိုးဖလာအတိုင်း စိုက်ပျိုးနေကြတာ။ နည်းပညာဗဟုသုတတွေ အားနည်းကြတယ်။ အခုပိုးတွေကျတဲ့အခါ အစတုန်းက ဘာပိုးကျမှန်းမသိကြဘူး။ နောက်ကျမှ ဖြုတ်ပိုးကျနေတယ်ဆိုတာ သိလိုက်တာ။ အချို့ဆို ဧကအတော်များများ ထိခိုက်ပျက်စီးသွားကြတယ်။ ဒါကြောင့် တောင်သူတွေလိုအပ်နေတဲ့ စိုက်ပျိုးရေးနည်းပညာတွေကို ထောက်ပ့ံကူညီပေးဖို့လိုအပ်နေတယ်။ ပိုးကျတဲ့အခါမှာ ဆေးနဲ့ပိုးနဲ့ မကိုက်ညီဘူးဆိုရင် ကုန်ကျစရိတ် ပိုများသွားတာပဲရှိတယ်။ မထိရောက်ဘူး” ဟု ကန့်ဘလူမြို့နယ်အတွင်းမှ မိုးကောင်းတောင်သူတစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ စပါးခင်းများအတွင်း ဖြုတ်ပိုးများကျရောက်နေသဖြင့် ဒေသခံတောင်သူများ အခက်အခဲများဖြစ်ပေါ်နေပြီး ထိုသို့စိုက်ခင်းများအတွင်း ဖျက်ပိုးများကျရောက်ခြင်း၊ သီးနှံများ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်နေပါက သက်ဆိုင်ရာမြို့နယ်၊ ခရိုင်ရှိစိုက်ပျိုးရေး ဦးစီးဌာနများသို့ ဆက်သွယ်အကြောင်းကြား၍ အကူအညီတောင်းခံနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများထံသို့ အသိပေးထားကြောင်းသိရသည်။

ထို့ပြင် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် ပုံမှန်စိုက်ပျိုးလျက်ရှိသည့် သီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိပါက အဆိုပါနေရာတွင် အခြားစျေးကွက်ရရှိနိုင်သည့် သီးနှံများ အစားထိုးစိုက်ပျိုးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တောင်သူများ၏အခြေအနေမှာ အခြေခံလူတန်းစား အဆင့်တစ်ရပ်အနေဖြင့်သာ ရပ်တည်နေရဆဲဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိခံစားရမှုနှုန်း နည်းပါးနေဆဲဖြစ်သည်။ စိုက်ပျိုးပြီး သီးနှံများ စျေးကွက်ကောင်းရရှိရန် အာမခံချက် အားနည်းနေခြင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများအတွက် အာမခံချက်မရှိခြင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ပုံမှန်မိုးသီးနှံ မစိုက်ပျိုးနိုင်ပါက စျေးကွက်ရရှိနိုင်မည့်အခြား အစားထိုးသီးနှံများ စိုက်ပျိုးနိုင်မှုမရှိခြင်းနှင့် သက်ဆိုင်ရာအစိုးရထံမှ လုံလောက်သည့်ကူညီထောက်ပ့ံမှု မရရှိခြင်း၊ အစိုးရထံမှ နှစ်စဉ်ရရှိသည့် ချေးငွေပမာဏနည်းပါးသဖြင့် အခြားချေးငွေများဖြင့်အတိုးနှုန်းကြီးစွာ စိုက်ပျိုးနေရခြင်း၊ သွင်းအားစုစရိတ်များပြားခြင်းနှင့် အလုပ်သမားစရိတ်ကြီးမြင့်ခြင်း၊ လယ်ယာလုပ်သားရှားပါးလာခြင်း အစရှိသည့် အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်ဖြတ်သန်းနေကြရသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ မိုးခေါင်မှုကြောင့် မိုးရေကို အဓိကအားထား စိုက်ပျိုးနေရသည့် တောင်သူများမှာ မိုးစပါးနှင့် မိုးသီးနှံစိုက်ပျိုးနိုင်မှုမရှိခြင်း၊ ဆည်ရေရရှိသည့် တောင်သူများသာ ရေသွင်းစိုက်ပျိုးထားနိုင်ခဲ့ပြီး ရေအလုံအလောက်မရရှိခြင်း၊ သီးနှံစိုက်ခင်းများအတွင်း ပိုးမွှားအန္တရာယ် ကျရောက်ခြင်း၊ နွေစပါးစိုက်ပျိုးရန် ရေဖြန့်ဝေပေးလျက်ရှိသည့် ဆည်တမံများ၌ ဆည်ရေ လျော့ကျနေသဖြင့် နွေစပါးစိုက်ပျိုး နိုင်မှုမရှိခြင်း အစရှိသည့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုပြဿနာများ ကြုံတွေ့ခံစားနေကြရသည်။             

ထိုသို့ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် ပုံမှန်စိုက်ပျိုးနေသည့် စပါးကဲ့သို့ ရေလိုအပ်သည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိပါက သီးနှံအထွက်နှုန်းများ လျော့ကျမည်ဖြစ်သည်။ အဆိုပါ လျော့ကျသွားသည့် သီးနှံများနေရာတွင် အခြားအစားထိုးသီးနှံများ စိုက်ပျိုးသွားရန်လိုအပ်မည်ဖြစ်ပြီး ယင်းစိုက်ပျိုးသည့် သီးနှံများမှာလည်း စျေးကွက်ကောင်းရရှိနိုင်သည့် သီးနှံများဖြစ်ရန် လိုအပ်လျက်ရှိသည်။

ထို့ပြင် မိုးခေါင်မှုကြောင့် စိုက်ပျိုးရေမရရှိသည့် ဒေသများ၊ ဆည်ရေလျော့နည်းမှုကြောင့် စိုက်ပျိုးရေ ဖြန့်ဝေပေးနိုင်မှုမရှိသည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် ပုံမှန်စိုက်ပျိုးလျက်ရှိသည့် မိုးစပါးနှင့် သီးနှံများအထွက်နှုန်း လျော့ကျမသွားစေရန်အတွက် ကြိုတင်အကာအကွယ်များဖြင့် စီမံခန့်ခွဲမှုများ လုပ်ဆောင်ထားရန် လိုအပ်လျက်ရှိသည်။ ဥပမာ မိုးရာသီကာလများတွင် မြစ်ရေကြီးမှုများ ဖြစ်ပွားလေ့ရှိသဖြင့် အဆိုပါမြစ်များမှရေကို မြစ်ရေတင်စီမံကိန်းများ စနစ်တကျလုပ်ဆောင်၍ စိုက်ပျိုးရေ လိုအပ်နေသည့် ဒေသများသို့ စိုက်ပျိုးရေဖြန့်ဝေပေးခြင်း၊ ဆည်ရေလျော့ကျနေသည့် ဆည်တမံများသို့ လိုအပ်ပါက ရေသွင်းသိုလှောင်ထားခြင်း၊ အခြားသောရေစုကန်များ၌ ရေသိုလှောင်ထားခြင်း၊ ရေရှားပါးသော ဒေသများအတွက် သောက်သုံးရေဖြန့်ဝေပေးခြင်း အစရှိသဖြင့် မြစ်ရေတင်စီမံကိန်းများကို အစိုးရက ဆောင်ရွက်ပေးရန် လိုအပ်နေဆဲဖြစ်သည်။

လက်ရှိတွင် မိုးခေါင်မှုကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိုက်ပျိုးရေအခက်အခဲကို ဖြေရှင်းဆောင် ရွက်ပေးနိုင်ခြင်းမရှိသေးပေ။

( ၆ )

ယခုနှစ် ရာသီဥတုသည် ထုံးစံအတိုင်းပင် ဖောက်ပြန်ခဲ့ပြန်သည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသအချို့၌ စံချိန်တင်မိုးရေချိန်များခဲ့ခြင်းကြောင့် ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ပိုမိုဆိုးရွားစွာ မိုးခေါင်ခဲ့သဖြင့် စိုက်ပျိုးရေးအဓိက လုပ်ကိုင်နေကြသည့် တောင်သူများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ပြောင်းလဲဖောက်ပြန်လာသည့် ရာသီဥတု အောက်တွင် မြန်မာနိုင်ငံရှိတောင် သူများ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်မှာလည်း ဆယ်စုနှစ်တစ်စု နီးပါးကြာမြင့်လာခဲ့ပြီဖြစ်သည်။ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးနစ်မြုပ်မှုများကြောင့် သီးနှံများထိခိုက်ပျက်စီးမှု၊ မိုးခေါင်မှုကြောင့် သီးနှံများစိုက်ပျိုးနိုင်မှု မရှိခြင်းနှင့် ထိခိုက်ပျက်စီးခြင်း အစရှိသည့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ဆိုးကျိုးများအတွက် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်ရန် ပြင်ဆင်ထားရန်အချိန်ကျရောက်နေပြီဖြစ်သည်။

ထိုသို့ ပြောင်းလဲဖောက်ပြန် လာသောရာသီဥတုနှင့်အတူ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် သီးနှံအထွက်နှုန်း လျော့ကျခြင်း၊ သီးနှံထိခိုက်ပျက်စီးခြင်းတို့ကြောင့် အရည်အသွေးလျော့ကျခြင်းများ ဖြစ်ပေါ်စေနိုင်ပြီး အစိုးရ၏ ပြည်ပပို့ကုန်များတွင် ပါဝင်နေသည့် စိုက်ပျိုးရေကဏ္ဍကို ထိခိုက်စေနိုင်သည့်အပြင် ပို့ကုန်ရည်မှန်းချက်မှာလည်း ပြည့်မီနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အစိုးရ၊ တောင်သူများအပါအဝင် ပြောင်းလဲလာသောရာသီဥတု အခြေအနေကြောင့် လယ်ယာကဏ္ဍနှင့် ပတ်သက်၍ ဘက်ပေါင်းစုံမှကြိုတင်ပြင် ဆင်မှုများစွာ လုပ်ဆောင်ထားရန်လိုအပ်နေပြီဖြစ်သည်။

ထိုသို့ဆောင် ရွက်ထားနိုင်ခြင်း မရှိပါက ရေရှည်၌ လယ်ယာကဏ္ဍအတွက် ကြီးမားသော အခက်အခဲများကြုံတွေ့လာရမည်ဖြစ်သည်။

ယခုနှစ်သည် တောင်သူဦးကြီးတို့အတွက် စိုက်ပျိုးရေးပြဿဒါးနှစ်ဖြစ်ခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှုနှင့်မြစ်ရေကြီးမှုများကြောင့် စိုက်ပျိုးပြီးစပါးခင်းအချို့ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရသည်။ အချို့ဒေသ၌ မိုးစပါးရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုကြောင့် သီးနှံထိခိုက်မှုများ ထပ်မံဖြစ်ပေါ်ခဲ့သည်။ အခြားတစ်ဖက်၌ မိုးခေါင်မှုကြောင့်ရေမရရှိသဖြင့် မိုးစပါးစိုက်ပျိုးနိုင်ခြင်းမရှိသည့် တောင်သူများအတွက်မူ ရွှေကိုမလို ရေကိုသာလိုအပ်နေကြသည်။ အဆိုပါ မျဉ်းပြိုင်နှစ်ရပ်အကြား ယခုနှစ် မြန်မာ့ရာသီဥတုသည် ပုံမှန်အတိုင်းပင် ဖောက်ပြန်ခဲ့လေသည်။

 

 

Most Read

Most Recent