ကျပ်ငါးသိန်းဈေးဖြင့် ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်း၌ စပါးစတင်ဝယ်ယူရန် နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်မည်ဖြစ်ပြီး စပါးဈေးကျသော်လည်း ဆန်ဈေးမကျခြင်းကို လေ့လာသုံးသပ်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ကျပ်ငါးသိန်းဈေးဖြင့် ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်း၌ စပါးစတင်ဝယ်ယူရန် နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်မည်ဖြစ်ပြီး စပါးဈေးကျသော်လည်း ဆန်ဈေးမကျခြင်းကို လေ့လာသုံးသပ်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းနေမှုကို နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းနေမှုကို နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 16 November 2019
ဇေယျာငြိမ်း

ကျပ်ငါးသိန်းဈေးဖြင့် ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းများ၌ စပါး စတင်ဝယ်ယူသွားရန် နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန် သွားမည်ဖြစ်ပြီး စပါးဈေးကျပြီး ပြည်တွင်းဆန်ဈေးမကျခြင်းကိုလည်း လေ့လာသုံးသပ်သွားရန်လိုအပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ Fortune Plaza ၌  ပြုလုပ်သည့် “Myanmar Entrepreneurship Summit 2019”  တွင် မီဒီယာများ၏ မေးမြန်းမှုကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ပြဿနာက စပါးက စောထွက်တယ်။ အဲဒီမှာ စပါးစျေးက ကျတာပေါ့လေ။ ကျပ် ငါးသိန်းစျေးနဲ့ ဝယ်ဖို့ဆိုတာ ၂၀ ရက်နေ့ ကြေညာချက် ထုတ်လိမ့်မယ်။ အထူးသဖြင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းရယ်၊ ရန်ကုန်တိုင်းမှာ စပြီးဝယ်ဖို့အတွက် တိုင်းနဲ့ ပြည်နယ်အစိုးရက ဝယ်ပေးရမှာ။ အခု မူဝါဒဆွဲပြီးတော့ အခုညှိပြီးတော့ ၂၀ ရက်နေ့ကိုတော့ ထုတ်ပြန် ကြေညာလိမ့်မယ်။ စပြီးဝယ်တော့မှာပေါ့နော်။ ပြဿနာက လယ်သမားတွေလည်း စပါး စောစောပေါ်တယ်။ ဆန်စက်တွေကလည်း ဂိုဒေါင်တွေက ရှားလာတဲ့အတွက် အဲဒီပြဿနာ။ ဒါပေမဲ့ စပါးစျေးက လျော့ပေမဲ့ ဆန်စျေးက မကျဘူးဖြစ်နေတယ်။ ဒါ ဘယ်လိုဖြစ်တာလဲဆိုတာ မီဒီယာကလည်း လေ့လာပြီး ဝေဖန်သုံးသပ်နော်။ ဘာဖြစ်လို့ ဆန်စျေးက မကျတာလဲ။ စပါးစျေးက ကျပြီးတော့။ ဒါတွေကလည်း ထုတ်လုပ်သူနဲ့ ရောင်းဝယ်သူအကြားမှာ ဂိုဒေါင်တို့၊ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲရှိတာပေါ့လေ။ ဒါလေးက နည်းနည်းလေး ဆန့်ကျင်ဘက် ဖြစ်နေတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောကြားသည်။

ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းများ၌ နိုင်ငံတော်ရန်ပုံငွေဖြင့် စပါးဝယ်ယူရန် ဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းအတွက် ကျပ် ရှစ်ဘီလျံနှင့် ဧရာဝတီတိုင်းအတွက် ကျပ် ငါးဘီလျံ လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက နိုဝင်ဘာလဆန်းပိုင်းက ပြောကြားသည်။

“ ဧရာဝတီတိုင်းရယ်၊ ပဲခူးတိုင်းရယ်၊ ရန်ကုန်တိုင်းရယ်ပေါ့။ ရန်ကုန်တိုင်းကတော့ အကုန်တော့မဟုတ်ဘူး။ အစိတ်အပိုင်းလေး တစ်ရပ်ပေါ့။ စောစောက ဦးဖြိုးမင်းသိန်းနဲ့ ပြောကြည့်တဲ့အခါကျတော့ ရန်ကုန်တိုင်းမှာတော့ ဝယ်ဖို့မလိုလောက်ဘူးဆိုပြီး သူက ပြောပါတယ်။ နှစ်ခုကျန်တာပေါ့။ ဧရာဝတီတိုင်းနဲ့ ပဲခူတိုင်းပေါ့လေ။ ပဲခူးတိုင်းက ပြီးခဲ့တဲ့အပတ်ထဲမှာ သူတို့စပါးဝယ်ယူဖို့အတွက် ရှစ်ဘီလျံခွဲပေးဖို့ ပြောပါတယ်။ ပြောတဲ့အခါကျတော့ ဒါနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေ ချဖို့ဆိုပြီးတော့ မကြာခင်ကာလပေါ့လေ။ တစ်ပတ်လောက်အတွင်းမှာ အစည်းအဝေး ခေါ်ပါမယ်။ သူတို့လိုချင်တဲ့ ပိုက်ဆံကို ကျွန်တော်တို့ ထုတ်ပေးမယ်။ ဒါကို ဘယ်လိုပြန်ဆပ်ရမယ်ဆိုတာတွေကို ကျွန်တော်တို့ လုပ်ပါ့မယ် လုပ်ပြီးသွားရင် ပဲခူးတိုင်းရဲ့ အစီအစဉ်နဲ့ ဝယ်ယူဖို့ပေါ့လေ။ ဧရာဝတီတိုင်းကတော့ အခုထိ မဆက်သွယ်လာသေးဘူး။ သူတို့အတွက်က ငါးဘီလျံလောက်လိုမယ်လို့ ပြောပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

သတ်မှတ်ထားသော အခြေခံစပါးစျေးနှုန်းအောက် ကျဆင်းပါက နိုင်ငံတော်မှ စပါးဝယ်ယူနိုင်ရန်အတွက် ရန်ပုံငွေအဖြစ် ကျပ် ၁၅ ဘီလျံ လျာထားခြင်းဖြစ်သည်။

“ ကျွန်တော်တို့ လုပ်ခဲ့တာတော့ အဆင့်ဆင့် လုပ်ခဲ့တာပေါ့။ ပထမကတော့ အခြေခံ စျေးနှုန်းထက်ကျမယ်ဆိုရင် ဝယ်ယူဖို့ရန်ပုံငွေပေါ့လေ။ ရန်ပုံငွေကတော့ Initially ၁၅ ဘီလျံ လျာထားပါတယ်။ အဲဒီ ၁၅ ဘီလျံကတော့ ထုတ်ထားပြီးပြီ ကျွန်တော်တို့မှာ အဆင်သင့်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ အဆိုပါစပါးဝယ်ယူ ဆောင်ရွက်ခြင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများမှ စီမံဆောင်ရွက်မည်ဖြစ်သည်။ ထို့ကြောင့် စပါးဝယ်ယူပေးရန် လိုအပ်သော ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတော်သို့ တင်ပြဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။

“ရှစ်ဘီလျံရယ် ငါးဘီလျံဆို ၁၃ ဘီလျံလောက်ပဲ လိုပါတယ်။ ထုတ်ထားတဲ့ ပိုက်ဆံနဲ့တော့ လုံလောက်မှု ရှိပါတယ်။ တကယ်ဖြစ်လာရင် ဝယ်ဖို့ကတော့ အဆင်သင့်ပါပဲ။ ဝယ်တာကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရရဲ့ အစီအမံနဲ့ ဝယ်ပါမယ်”ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

Most Read

Most Recent