မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေးစတင်လုပ်ကိုင်ရာတွင်  အလွယ်ကူဆုံးအဆင့် စတုတ္ထနေရာ၌ ရှိနေသော်လည်း တိုးတက်မှုများစွာ လိုအပ်နေသေးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေးစတင်လုပ်ကိုင်ရာတွင်  အလွယ်ကူဆုံးအဆင့် စတုတ္ထနေရာ၌ ရှိနေသော်လည်း တိုးတက်မှုများစွာ လိုအပ်နေသေးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
“ Myanmar Enterpreneurship Summit 2019” တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
“ Myanmar Enterpreneurship Summit 2019” တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 16 November 2019
ဇေယျာငြိမ်း



မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် စီးပွားရေး စတင်လုပ်ကိုင်ရာတွင် အလွယ်ကူဆုံးအဆင့် စတုတ္ထနေရာတွင် ရှိနေသော်လည်း တိုးတက်မှုများစွာ လိုအပ်နေသေးကြောင်း နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ Fortune Plaza ၌ ပြုလုပ်သည့် “ Myanmar Enterpreneurship Summit 2019” တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေးစတင်လုပ်ကိုင်ရာမှာ အလွယ်ကူဆုံးအဆင့် စတုတ္ထအဆင့်မှာ ရှိနေပါတယ်။ ဒါပေမဲ့ တိုးတက်မှုကတော့ အများကြီး လိုပါသေးတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းလုပ်ကိုင်ရမှု လွယ်ကူချောမွေ့စေရန် ဆောင်ရွက်လျက်ရှိပြီး စီးပွားရေး လုပ်ငန်းတစ်ခုလုံးအတွက် လုပ်ကိုင်လွယ်ကူ ချောမွေ့စေရန်အတွက်ကိုလည်း မူဝါဒများချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းတွေအတွက် လွယ်ကူချောမွေ့စေအောင် ဆောင်ရွက်ပေးနေတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုလုံး လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုအညွှန်းကိန်း ၂၀၂၀ ( Ease if Doing Business) အောက်တိုဘာ ၂၄ ရက်တွင် ထွက်ရှိခဲ့ရာ မြန်မာနိုင်ငံအဆင့် ၁၆၅ ရရှိခဲ့ပြီး ယခင်နှစ်ထက် ခြောက်ဆင့် မြင့်တက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုအညွှန်းကိန်းတွင် အကဲဖြတ်သည့် အဆင့် ၁၁ ဆင့်ရှိပြီး စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ရယူခြင်း၊ လျှပ်စစ်ဓာတ်အား သွယ်တန်းရယူခြင်း၊ မြေနှင့် အိမ်ရာ အဆောက်အအုံ မှတ်ပုံတင်ခြင်း၊ ချေးငွေ ရယူခြင်း၊ အနည်းစုသော ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း၊ အခွန်ပေးဆောင်ခြင်း၊ ပြည်ပကုန်သွယ်မှုများ ဆောင်ရွက်ခြင်း၊ စာချုပ်စာတမ်း သဘောတူညီမှုဆိုင်ရာ အာဏာတည်မြဲစေခြင်း၊ ဒေဝါလီခံမှုကို ဖြေရှင်းခြင်းတို့ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုအညွှန်းကိန်းတွင် ကဏ္ဍအလိုက် မြန်မာနိုင်ငံ ရရှိသောအဆင့်များမှာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းတွင် အဆင့် ၇၀၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ရယူခြင်းတွင် အဆင့် ၄၆၊ လျှပ်စစ်ဓာတ်အား သွယ်တန်းရယူခြင်းတွင် အဆင့် ၁၄၈၊ မြေနှင့် အဆောက်အအုံ မှတ်ပုံတင်ခြင်းတွင် အဆင့် ၁၂၅၊ ချေးငွေရယူခြင်းတွင် အဆင့် ၁၈၁၊ အနည်းစုသော ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်းတွင် အဆင့် ၁၇၆၊ အခွန် ငွေပေးဆောင်ခြင်းတွင် အဆင့် ၁၂၉၊ ပြည်ပကုန်သွယ်မှုများ ဆောင်ရွက်ခြင်းတွင် အဆင့် ၁၆၈၊ စာချုပ်စာတမ်းသဘောတူညီမှုဆိုင်ရာ အာဏာတည်မြဲစေခြင်းတွင် အဆင့် ၁၈၇၊ ဒေဝါလီခံမှုကို ဖြေရှင်းခြင်းတွင် အဆင့် ၁၆၄ ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံ၏ Trading Across Borders Ranking (ပြည်ပကုန်သွယ်မှုဆောင်ရွက်ခြင်းကဏ္ဍ) သည် ယခင်နှစ်အတိုင်း  သတ်မှတ်အောင်မှတ်အောက်တွင်သာ ဆက်လက်ရပ်တည်နေသောကြောင့် လာမည့် ၂၀၂၁ ခုနှစ်တွင် ရမှတ်တိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၌ ပြုလုပ်သည့် Trading Across Borders Ranking တိုးတက်ရေး မော်တော်ယာဉ် အပိုပစ္စည်းတင်သွင်းသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုအညွှန်းကိန်း ( Ease if Doing Business) ၌ မြန်မာနိုင်ငံ၏ Trading Across Borders Ranking ရမှတ် ၄၇ ဒသမ ၆၇ သာရရှိထားပြီး နိုင်ငံပေါင်း ၁၈၀ ကျော်အနက် ၁၆၈ တွင် ရပ်တည်လျက်ရှိသည်။

“ ၂၀၁၉ မှာ မြန်မာရရှိတဲ့အမှတ်က ၄၇ မှတ်ပဲ ရတယ်။ စာမေးပွဲတွေက ၅၀ ကျော်မှ အောင်တာပေါ့နော်။ နိုင်ငံပေါင်း ၁၈၀ ကျော် မှာ ၁၆၈ ရတာပေါ့နော်။ အောက်မှာပဲ ရှိတယ်” ဟု  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆိုသည်။

ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုအညွှန်းကိန်း ( Ease if Doing Business) ၌ Trading Across Borders Ranking (ပြည်ပကုန်သွယ်မှု ဆောင်ရွက်ခြင်းကဏ္ဍ) အဆင့်သတ်မှတ်ရာတွင် ပို့ကုန်သွင်းကုန်များအတွက် ဆောင်ရွက်ရမည့် စာရွက်စာတမ်း၊ ထုတ်ကုန်သွင်းကုန် ရှင်းလင်းခြင်း စသည်တို့၌ လုပ်ငန်းဆောင်ရွက်မှု ကြာမြင့်ချိန်နှင့် ကုန်ကျငွေအချိုးကို တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။                             

 

 

Most Read

Most Recent