မော်လမြိုင်မြို့တွင် အစားအသောက် ထုတ်လုပ်ရောင်းချသူများအား ပြင်ဆင်ချိန်တစ်နှစ်ပေးပြီး ကုန်အညွှန်းကို မြန်မာဘာသာဖြင့်မဖော်ပြက အရေးယူမည်ဟု FDA အသိပေး

မော်လမြိုင်မြို့တွင် အစားအသောက် ထုတ်လုပ်ရောင်းချသူများအား ပြင်ဆင်ချိန်တစ်နှစ်ပေးပြီး ကုန်အညွှန်းကို မြန်မာဘာသာဖြင့်မဖော်ပြက အရေးယူမည်ဟု FDA အသိပေး
Published 16 November 2019
မောင်မောင်ရွှေမြိုင်

မော်လမြိုင်တွင် စီးပွားရေးလုပ်ငန်းရှင် (အစားအသောက် ထုတ်လုပ်ရောင်းချသူများ)ကို လုပ်ငန်းပြင်ဆင်ချိန် တစ်နှစ်ပေးထားပြီး စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉ခုနှစ်ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၉)ပါကုန်အညွှန်းအမှတ်သားကို မြန်မာဘာသာ ဖြင့် မဖော်ပြပါက ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာန (စား သုံးသူရေးရာ၊FDA)တို့ကရှင်းလင်းအသိပေးမှုကို နိုဝင်ဘာ ၁၅ ရက်က မွန်ပြည်နယ် စားသုံးသူဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရည်ရွယ်ချက်ကမော်လမြိုင်မြို့ပေါ်၊ မြို့အနီးပတ်ဝန်းကျင်မှာ ရှိနေတဲ့စားသောက် ကုန်ထုတ်လုပ်နေတဲ့လုပ်ငန်းရှင်တွေကိုစားသုံးသူ အကာကွယ်ပေးရေးဥပဒေ၂၀၁၉ မှာ ပြဋ္ဌာန်းချက်ဖြစ်တဲ့အခန်း ၁၈ဖော်ပြထားတဲ့ (ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း)ဆို တဲ့အခန်းမှာပါတဲ့အချက်တွေကို သိရှိလိုက် နာဆောင်ရွက်ဖို့အတွက် အသိပညာပေးခြင်း ဖြစ်ပါတယ်။ ဒီအခန်းကို ဥပဒေမှာစတင်ပြီး အာဏာသက်ရောက်တဲ့နေ့က (၁၅- ၃- ၂၀၁၉) ပြဋ္ဌာန်းပါတယ်။ ဒါပေမဲ့ အခန်း၁၈(ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း)က စီးပွားရေးလုပ်ငန်းရှင်တွေ အချိန်ယူရမယ့်အနေအထားဖြစ်တဲ့အတွက် ဒီအခန်းကို ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ပြည့်မြောက်တဲ့ (၁၅-၃-၂၀၂၀)ထိပြင်ဆင်ချိန် တစ်နှစ်အချိန် ပေးထားခြင်းဖြစ်ပါတယ်။ (၁၆-၃-၂၀၂၀) နောက်ပိုင်းမှာဥပဒေမှာပါတဲ့ပြဋ္ဌာန်းချက်အတိုင်းကုန်အညွှန်းမှတ်တမ်းကိုမြန်မာဘာသာ မဖော်ပြဘူးဆိုရင် အရေးယူစစ်ဆေးခြင်း၊ ဥပဒေအတိုင်းဆောင်ရွက်ခြင်းကို သိရှိပြီး လိုက်နာဆောင် ရွက်ဖို့အသိပညာပေးရတာ ဖြစ်ပါတယ်” ဟုဦးခင်မောင်သွင်(ပြည်နယ်ဦးစီးမှူး၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီး ဌာန) က ပြောကြားသည်။

ကုန်အညွှန်းအမှတ်အသားဖြစ်သည့်ကုန်ပစ္စည်းအမျိုးအမည်တွင် Logo တံဆိပ် ရွေးချယ်ခြင်း၊ အရွယ်အစား၊ အရေတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအ ညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊သို့မဟုတ်ဓာတ်မတည့် ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာနှင့်တွဲလျက်အခြား ဘာသာဖော်ပြနိုင်ရန် FDA နှင့် ညှိနှိုင်းလုပ် ရမည့်အတွက် အချိန်တစ်နှစ်ပေးခြင်းဖြစ်ပြီး လာမည့်နှစ်မတ်လအတွင်း အပြီးဆောင်ရွက် ရန်၊ မလိုက်နာပါက စစ်ဆေးအရေးယူမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခြင်း၊ ဥပဒေလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဖြစ်ကြောင်း၊ စားသုံးသူများက ဝယ်ယူမည့် ပစ္စည်းများ၏အခြေအနေကိုကောင်းစွာသိရှိ ရွေးချယ်စားသောက်ခြင်းဖြင့် သန့်ရှင်းခြင်း၊ကျန်းမာခြင်းတို့ကိုအထောက်အကူဖြစ်စေကြောင်း ဦးခင်မောင်သွင်က ဆက်လက် ပြောကြားသည်။

ပန်းစပယ်မုန့်တိုက်မှ တက်ရောက်သူမန်နေဂျာက အသိပညာပေးတက်ရောက် ခြင်းဖြင့် လုပ်ငန်းရှင်အနေနှင့် လုပ်ရမည့်လုပ်ငန်းစဉ်များကို ပိုမိုသိရှိလာပြီး FDA ဌာနနှင့် ညှိနှိုင်း၍ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်၊စားသုံးသူ၊ ပြည် နယ်အ ကျိုးရှိသည့် လုပ်ငန်းစဉ်များဖြစ် ကြောင်း ဆိုသည်။

မော်လမြိုင်စျေးကြီးများရှိ မုန့်မျိုးစုံ လက္ကားရောင်းဝယ်သည့်ဆိုင်များ မိမိတို့ထံ လာရောက်ပေးသွင်းနေသော စားသုံးကုန်မျိုး စုံကို ယခုဥပဒေမသိရှိဘဲ လက်ခံဖြန့်ချိပါက ဥပဒေအရစိစစ်၍စီမံခန့်ခွဲနည်းလမ်း၊ ပြစ်မှု အရ သတ်မှတ်ပြစ်ဒဏ် (ငွေ၊ထောင်) ကျခံရမည်ဖြစ်၍ပစ္စည်းများသိမ်း ဆုံးရှုံးခံရမည်ဖြစ်၍ ဒုတိယအကြိမ်ပြုလုပ်မည့်အသိပညာပေးပွဲကို မဖြစ်မနေတက်ရောက်ခြင်းဖြင့် မိမိကုန်ပစ္စည်းများအတွက် အချိန်မီပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ဌာနမှ သိရသည်။

Most Read

Most Recent