အာရှအကြီးဆုံး စိတ်ကြွဆေးပြားဂိုဏ်းကို နှိမ်နင်းရန် ဆောင်ရွက်နေဟု တရုတ်က ပြောကြား

အာရှအကြီးဆုံး စိတ်ကြွဆေးပြားဂိုဏ်းကို နှိမ်နင်းရန် ဆောင်ရွက်နေဟု တရုတ်က ပြောကြား
တရုတ်တောင်ပိုင်း ကွမ်တုံပြည်နယ်တွင် ရဲတပ်ဖွဲ့၏ စီးနင်းမှု၌ စိတ်ကြွဆေးပြား သုံးတန်ကို ဖမ်းဆီးရမိခဲ့စဉ် (Photo: AFP)
တရုတ်တောင်ပိုင်း ကွမ်တုံပြည်နယ်တွင် ရဲတပ်ဖွဲ့၏ စီးနင်းမှု၌ စိတ်ကြွဆေးပြား သုံးတန်ကို ဖမ်းဆီးရမိခဲ့စဉ် (Photo: AFP)
Published 16 November 2019
Ref: AFP

အလွန်ချမ်းသာသော စိတ်ကြွဆေးပြားဂိုဏ်းကို ဖြိုခွင်းရေးအတွက် တရုတ်မူးယစ်နှိမ်နင်းရဲများက မဲခေါင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း တရုတ်အမျိုးသား မူးယစ်ဆေးထိန်းချုပ်ရေး ကော်မရှင်မှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံနယ်စပ်သည် ဥပဒေစိုးမိုးမှု လျော့ရဲပြီး ဘိန်းထုတ်လုပ်ရေး ဗဟိုချက် ဖြစ်နေခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ယင်း “ရွှေတြိဂံ” ဒေသသည် ယခုအခါ ကမ္ဘာ့စျေးကွက်အတွင်းသို့ စိတ်ကြွဆေးပြားများ အမြောက်အမြား တင်ပို့နေပြီး ဒေါ်လာ ၆၁ ဘီလျံရှိ မူးယစ်စျေးကွက်ကို မီးထိုးပေးနေသည်။ စိတ်ကြွဆေးပြားများ ကုန်သွယ်မှုအတွက် တာဝန်အဓိကရှိသည့် ဂိုဏ်းသည် “ဆမ်ကော” ဟု ထင်ရှားသည့် ဂိုဏ်းဖြစ်ပြီး ယင်းဂိုဏ်းကို တရုတ်နွယ်ဖွား ကနေဒါနိုင်ငံသား ဆေချိလော့က ဦးဆောင်နေသည်ဟု ကုလသမဂ္ဂ မူးယစ်နှင့် ရာဇဝတ်မှုထိန်းချုပ်ရေးရုံး(UNODC)က ယူဆထားသည်။

ဆမ်ကောအဖွဲ့ကို ဖြိုခွင်းရေး ပူးပေါင်းစစ်ဆင်မှုတွင် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်စသည့် မဲခေါင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် တရုတ်က ဆောင်ရွက်နေကြောင်း တရုတ်မူးယစ်ဆေး ထိန်းချုပ်ရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ အင်ဒီဆန်က နိုဝင်ဘာ ၁၅ တွင် ပြောကြားခဲ့သည်။

စိတ်ကြွဆေးပြားများ ထုတ်လုပ်မှုသည် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်တွင် အဓိကဖြစ်ပွားနေသော်လည်း စိတ်ကြွဆေးများ ချက်လုပ်ရန်အတွက် လိုအပ်သော ရှေ့ပြေးဓာတုပစ္စည်းများသည် နယ်စပ်ကိုဖြတ်၍ တရုတ်မှတစ်ဆင့် ဝင်ရောက်နေခြင်း ဖြစ်သည်။

မူးယစ်နှိမ်နင်းသူများသည် အဆင့်နိမ့်ဆေးရောင်းသမားများနှင့် လမ်းပေါ်မှ ဆေးသုံးသူများကို ပစ်မှတ်ထား နှိမ်နင်းခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ဆမ်ကောဂိုဏ်းက အသုံးပြုနေသော မူးယစ်ကုန်ကူးလမ်းကြောင်းများ ပြောင်းလဲလာသောကြောင့် စိတ်ကြွဆေးများ နှိမ်နင်းမှုသည် တိုးတက်မှု တုံ့ဆိုင်းနေကြောင်း UNODC ၏ အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ် ဂျရမီးဒေါက်ကလပ် က ပြောကြားခဲ့သည်။

ယခုအခါ မဲခေါင် ငါးနိုင်ငံနှင့် တရုတ်မှ မူးယစ်နှိမ်နင်းရေးရဲများသည် နယ်စပ် ဆုံမှတ်နေရာများမှ မူးယစ်မှောင်ခိုသမားများကို ပစ်မှတ်ထား ဖြိုခွင်းရန် ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေကြမည် ဖြစ်ကြောင်း ဒေါက်ကလပ်က ပြောကြားခဲ့သည်။ နယ်စပ်ဆုံမှတ်များတွင် မူးယစ်ဆေးများနှင့် ရှေ့ပြေးဓာတုပစ္စည်းများသည် အလျှံအပယ် ထွက်ရှိနေသည်။

“ ဓာတုပစ္စည်းတွေ မရဘဲ မက်သဖက် တမင်းဆေးပြားတွေ ထုတ်လို့မရပါဘူး” ဟု ဒေါက်ကလပ်က ပြောကြားခဲ့ပြီး ယင်းဓာတုပစ္စည်းများသည် တရုတ်အပြင် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယတို့မှလည်း ထွက်ရှိကြောင်း သူက ဆိုခဲ့သည်။

ဆမ်ကောဂိုဏ်းသည် ကာစီနို၊ ဟိုတယ်နှင့် အိမ်ခြံမြေလုပ်ငန်းများ အပါအဝင် မဲခေါင်တစ်လွှားရှိ စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် မူးယစ်ဆေးမှ ရရှိသောငွေများကို ငွေကြေးခဝါချနေသည်ဟု ယုံကြည်ထားကြသည်။

ထိုင်းသည် ၂၀၁၈ ခုနှစ်တွင် ယာဘဆေးပြား ၅၁၅ သန်းကျော် ဖမ်းဆီးရမိခဲ့ပြီး ယင်းသည် လွန်ခဲ့သော ဆယ်စုနှစ်က မဲခေါင်ဒေသတစ်ခုလုံးတွင် ဖမ်းဆီးရမိသော စိတ်ကြွဆေးပြား ပမာဏထက် ၁၇ ဆကျော် ရှိခဲ့ကြောင်း ယခုနှစ်တွင် ဖမ်းဆီးရမိမှုသည် ယမန်နှစ်က ပမာဏကို ကျော်လွန်နေပြီဖြစ်ကြောင်း UNODC က ပြောကြားခဲ့သည်။

မူးယစ်ဆေးများ ဖမ်းဆီးရမိမှုသည် ဒေသတွင်းတွင် နေ့စဉ်နီးပါး ခေါင်းစီးသတင်း ဖြစ်နေပြီး မူးယစ်မှောင်ခို ကူးသူများကလည်း နည်းလမ်းသစ်များ ဖန်တီးပြီး ခိုးထုတ်နေကြသည်။ နိုဝင်ဘာ ၁၄ က ဘန်ကောက်တွင် ဂိုဒေါင်တစ်ခုကို ထိုင်းမူးယစ်နှိမ်နင်းရေးရဲများက ဝင်ရောက်စီးနင်းခဲ့ရာ စက်ခါးပတ်ပါ ကာယလေ့ကျင့်ခန်းစက်၏ သတ္တုကိုယ်ထည်အတွင်း ဝှက်ထည့်ထားသော အိုက်စ် ၇၉ ပေါင်ကို တွေ့ရှိခဲ့သည်။                 

 

 

Most Read

Most Recent