7 July ချီတက်အလေးပြုခြင်းနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် ဗကသကျောင်းသား ကိုဝေယံဖြိုးမိုးအမှုတွင် ၎င်းက ဒဏ်ငွေဆောင်ပြီးကျေအေးမည်မဟုတ်ဘဲ ထောင်ဒဏ်ကိုသာ ရင်ဆိုင်သွားမည်ဟုဆို

7 July ချီတက်အလေးပြုခြင်းနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် ဗကသကျောင်းသား ကိုဝေယံဖြိုးမိုးအမှုတွင် ၎င်းက ဒဏ်ငွေဆောင်ပြီးကျေအေးမည်မဟုတ်ဘဲ ထောင်ဒဏ်ကိုသာ ရင်ဆိုင်သွားမည်ဟုဆို
နိုဝင်ဘာ ၁၅ ရက်က ကမာရွတ်မြို့နယ်တရားရုံးတွင် ဗကသကျောင်းသား ကိုဝေယံဖြိုးမိုးနှင့် ၎င်းင်းအား လာရောက်ဝန်းရံသူများကိုတွေ့ရစဉ်
နိုဝင်ဘာ ၁၅ ရက်က ကမာရွတ်မြို့နယ်တရားရုံးတွင် ဗကသကျောင်းသား ကိုဝေယံဖြိုးမိုးနှင့် ၎င်းင်းအား လာရောက်ဝန်းရံသူများကိုတွေ့ရစဉ်
Published 16 November 2019
မျိုးထွန်း

7 July ချီတက်အလေးပြုခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၁၉ ဖြင့်တရားစွဲဆိုခံထားရသည့် ဗကသကျောင်းသား ကိုဝေယံဖြိုးမိုး အမှုတွင် ၎င်းက ဒဏ်ငွေဆောင်ပြီးကျေအေး မည်မဟုတ်ဘဲ ထောင်ဒဏ်ကိုသာ ရင်ဆိုင် သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက် ရုံး ချိန်းက ကမာရွတ်မြို့နယ်တရားရုံးတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ မတရားဘူးလို့ ယူဆတဲ့ ဥပဒေပုဒ်မတစ်ခုဖြစ်တယ်။ မတရားဘူးလို့ ယူဆတဲ့ တရားစွဲဆို အမှုဆင်မှုတစ်ခုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ဒဏ်ငွေဆောင်ပြီးတော့ ကျေအေးတဲ့အနေ အထားမျိုးကို ရွေးချယ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ မှန်တဲ့အတွက်ကြောင့်မိုလို့ ကျွန်တော့်အနေနဲ့ ထောင်ဒဏ်ပဲရင်ဆိုင်သွားဖို့ရှိတယ်။ ဒဏ်ငွေဆောင်ပြီး ကျွန်တော်တို့မှား ပါပြီဆိုပြီးတော့ဝန်ခံတဲ့လုပ်ရပ်မျိုး ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး”ဟု ဗကသ ကျောင်းသား ကိုဝေယံဖြိုးမိုးက ပြောကြားသည်။

ထို့ပြင် ယင်းရုံးချိန်းတွင် တရားစွဲခံရသူ ကိုဝေယံဖြိုးမိုးအား တရားသူကြီးက စစ်ဆေး မေးမြန်းရာတွင် ၎င်းက မိမိတွင်အပြစ်မရှိဘူး ဟုယူဆကြောင်း၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉သည် နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ် ခွင့်များကို ကန့်သတ်ဖိနှိပ်မှုသက်သက်သာရေးဆွဲထားသည့် ဥပဒေဖြစ်သည်ဟုယူဆကာ လက်မခံသည့်အတွက် ငြိမ်းစုစီမတင် ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတွင် အပြစ်မရှိသည်ဟု ထွက်ဆိုခဲ့ကြောင်း ကိုဝေယံဖြိုး မိုးက ပြောကြားသည်။

ဆက်လက်ပြီး ရုံးချိန်းကို လာမည့်နိုဝင်ဘာ ၁၉ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

အဆိုပါ 7 July ချီတက်အလေးပြုခြင်း နှင့်ပတ်သက်၍ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံ ထားရသည့် ဗကသကျောင်းသား ကိုဝေယံဖြိုးမိုးကို နိုဝင်ဘာ ၄ ရက်တွင် ကမာရွတ်မြို့ နယ်တရားရုံး၌ ရုံးထုတ်ပြီး အာမခံမယူသဖြင့် အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

ထိုသို့ အင်းစိန်ထောင်သို့ ပို့ဆောင်ရာ တွင် တရားစီရင်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အလိုမရှိကြောင်း ကြွေး ကြော်ခဲ့ကြသည်။

7 July ချီတက်အလေးပြုခြင်းကြောင့် ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုကာ ဖမ်းဝရမ်းထုတ် ခံထားရသည့် ဗကသကျောင်းသား ကိုဝေယံ ဖြိုးမိုးအား ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရဲတပ် ဖွဲ့ ဝင်များက နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

7 July ချီတက်ရာတွင် ပါဝင်ခဲ့သည့် ဗကသကျောင်းသားလေးဦးကို ကမာရွတ် မြို့နယ်တရားရုံးတွင် သြဂုတ်၂၈ ရက်က စစ် ဆေးခဲ့ပြီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကာ နှစ်ဦး ဖြစ်သည့် ကိုဝေယံဖြိုးမိုးနှင့် ကိုသူရလင်းတို့ မှာ တရားရုံးသို့ လာရောက်ခြင်းမရှိသည့်အတွက် ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်ပြီး ကိုဝေယံဖြိုးမိုးကို နိုဝင်ဘာ ၃ ရက်တွင် ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။

7 July အထိမ်းအမှတ် ချီတက်အလေးပြုခြင်းကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ဖြင့် တရားစွဲဆိုခံထားရသည့် ဗကသကျောင်းသားလေးဦးကို ငွေဒဏ်သုံးသောင်းပေးဆောင် ရန်နှင့် ငွေဒဏ်ပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ် ၁၅ ရက်ကျခံစေရန် အမိန့်ချ မှတ်ရာ ကိုမင်းသွေးသစ်နှင့် ကိုခန့်မင်းထက်တို့က ထောင်ဒဏ် ၁၅ ရက်ရွေးချယ်ခဲ့ပြီးကိုစိုင်းသုဝဏ်နှင့် မအိသီရိကျော်တို့က ငွေဒဏ်သုံးသောင်း ပေးဆောင်ခဲ့သည်။

ထို့နည်းတူ လွန်ခဲ့သည့်သြဂုတ်၂၀ ရက် က 7 July အထိမ်းအမှတ်ချီတက်အလေးပြု ခဲ့သည့် တကသကျောင်းသားနှစ်ဦးဖြစ်သည့် ကိုဇင်မင်းဖြိုးနှင့် ကိုမင်းဟန်ထက်တို့ကို လှိုင် မြို့နယ်တရားရုံးက ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နှင့် ထောင်ဒဏ် ခုနစ်ရက်ချမှတ်ခဲ့သည်။

7 July ချီတတ်ရာတွင်ပါဝင်ခဲ့ကြသည့် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားခြောက်ဦးကို ကမာရွတ်မြို့နယ်တရားရုံးနှင့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)မှ ကျောင်းသားနှစ်ဦးကို လှိုင်မြို့နယ်တရားရုံး တွင် ပုဒ်မ ၁၉ ဖြင့် ဇူလိုင် ၁၈ ရက်တွင် တရား စွဲဆိုခဲ့ပြီး ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား လေးဦးသာ တရားရုံးသို့လာရောက်ခဲ့ပြီး ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံယူခဲ့ကြောင်း၊ တကသ ကျောင်းသားနှစ်ဦးမှာ အာမခံမယူသည့်အတွက် လှိုင်မြို့နယ်တရားရုံးမှ အင်းစိန်ထောင် သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင် သိရသည်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် ဖြိုချ ဖျက်ဆီးခြင်းခံခဲ့ရသည့် သမဂ္ဂအဆောက်အုံ မြေနေရာတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် 7 July အခမ်းအနားကို ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်ကာ စိုက်ပျိုးရေးမှတ်တိုင်မှ သမဂ္ဂမြက် ခင်းပြင်အထိ လမ်းလျှောက်ချီတက်ခဲ့ကြသည်။

ထို့နောက် ဒဂုံတက္ကသိုလ်ကျောင်းသား များသမဂ္ဂ (တကသ)မှ မွန်းလွဲ ၂ နာရီတွင် အင်းလျားကန်ပေါင်မှ သမဂ္ဂမြက်ခင်းပြင်အထိ လမ်းလျှောက်ချီတက်ခဲ့ကြပြီး 7 July အထိမ်းအမှတ်အခမ်းအနားကို ပြုလုပ်ခဲ့ကြ ခြင်းဖြစ်သည်။

ထိုသို့လမ်းလျှောက်ချီတက်ရာတွင် ပါဝင်ခဲ့သည့် ဗကသများအဖွဲ့ချုပ်မှ ကိုမင်း သွေးသစ်၊ မအိသီရိကျော်၊ ကိုစိုင်းသုဝဏ်၊ ကိုဝေယံဖြိုးမိုး၊ ကိုသူရလင်း၊ ကိုခန့်မင်းထက်တို့ကို ကမာရွတ်နယ်မြေရဲစခန်းတွင်လည်းကောင်း၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားနှစ်ဦးဖြစ်သည့် ကိုဇင်မင်းဖြိုး၊ ကိုမင်းဟန်ထက်တို့ကို လှိုင်မြို့နယ်ရဲစခန်းတွင်လည်းကောင်း ဇူလိုင် ၁၃ ရက်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent