ချယ်လ်ဆီး နှင့် ခရစ္စတယ်ပဲလေ့စ် (စနေည ရးဝ၀ နာရီ)
ချယ်လ်ဆီးက ပရီးမီးယားလိဂ်မှာ တောက်လျှောက်နိုင်ပွဲဆက်နေပြီး အဆင့် (၄)နေရာမှာ ရပ်တည်နေတယ်။ အဆင့်(၃)က လက်စတာနဲ့ အမှတ်တူ၊ အဆင့် (၂)က မန် စီးတီးနဲ့ (၂)မှတ်ပဲကွာပြီး ဒီတစ်ပတ်ပွဲစဉ်တွေမှာ လက်စတာရော၊ မန်စီးတီးပါ ပွဲကျပ်နေလို့ အနိုင်ကစားနိုင်ရင် အဆင့်တက်လာဖို့ မျှော်လင့်ချက်ရှိတယ်။ ပဲလေ့စ်လည်းကောင်းပေမယ့် အဝေးကွင်းက သာမန်ပါပဲ။ ချယ်လ်ဆီး နိုင်ပွဲဆက်မယ်။

ဘန်လေ နှင့် ဝက်စ်ဟမ်း (စနေည ၉း၃၀ နာရီ)
နှစ်သင်းစလုံံးရဲ့နောက်ပိုင်းရလဒ်တွေက ကျဆင်းနေတယ်။ ဝက်စ်ဟမ်းက အထင်ကြီးနေရင်းနဲ့ တဖြည်းဖြည်းကျလာပြီး အမှတ်တွေဖြုန်းနေတာတွေ့ရတယ်။ တစ်ဦးချင်း ခြေစွမ်းနဲ့ တိုက်စစ်ပိုင်းကောင်းပေမယ့် ဘန်လေက ပိုမာကျောတယ်။ ဘန်လေရဲ့အမြင့် ဘောတွေ၊ Set-piece တွေက အားကောင်းတယ်။ အိမ်ကွင်းလည်းဖြစ်နေတယ်။ ဘန်လေကို ကြိုက်တယ်။
နယူးကာဆယ် နှင့် ဘုန်းမောက် (စနေည ၉း၃၀ နာရီ)
နယူးကာဆယ်ရော၊ ဘုန်းမောက်ပါ နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ နိုင်ပွဲကိုယ်စီ ရခဲ့ကြတယ်။ နယူးကာဆယ်က အဝေးကွင်းရလဒ်အားနည်းပေမယ့် ဝက်စ်ဟမ်းကွင်းမှာ နိုင်ခဲ့တာဖြစ်ပြီး မထင်မှတ်တဲ့ နိုင်ပွဲလို့ပဲ ပြောရမယ်။ လက်ရှိရလဒ်ပိုင်းကိုကြည့်ရင် နယူးကာဆယ်က ပိုကောင်းတယ်ဆိုပေမယ့် ခြေစွမ်းပိုင်းကတော့ ဘုန်းမောက်ကိုပိုကြိုက်မိတယ်။ ဘုန်းမောက် သရေတော့ကစားနိုင်မယ်ထင်တယ်။
ဆောက်သမ်တန် နှင့် အဲဗာတန် (စနေည ၉း၃၀ နာရီ)
ဆောက်သမ်တန်က လက်စတာနဲ့ပွဲမှာ ကစားခဲ့တဲ့ ခြေစွမ်းနဲ့ မန်စီးတီးကိုကစားခဲ့တဲ့ ခြေစွမ်းကတော့ တော်တော်လေးကွာတယ်။ ဒါပေမဲ့ အဲဗာတန်က ဆောက်သမ်တန် ထက်ပိုကောင်းပါတယ်။ လက်ရှိ ရလဒ်ပိုင်းသိပ်မကွာပေမယ့် တစ်ရာသီလုံးပြသခဲ့တဲ့ ခြေစွမ်းပိုင်းကိုကြည့်ရင်လည်း အဲဗာတန်သာပါတယ်။ အဝေးကွင်းဆိုပေမယ့် အဲဗာတန်ရလဒ် ကောင်းယူနိုင်လိမ့်မယ်။

စပါး နှင့် ရှက်ဖီးယူနိုက်တက် (စနေည ၉း၃၀ နာရီ)
အနီကတ်ပြစ်ဒဏ်ကို ပြန်ပယ်ဖျက်ပေးလိုက်လို့ ဆွန်ဟောင်မင် ပြန်ကစားနိုင်လိမ့်မယ်။ တိုက်စစ်ပိုင်းလည်း လူပြန်စုံနေပြီ။ ကစားပုံလည်း ပြန်ကောင်းလာတယ်။ အရေးကြီးတာက စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် အဟန့်အတားဖြစ်နေတာကို ကျော်ဖြတ်နိုင်ဖို့ပဲ လိုတော့တယ်။ ရှက်ဖီးယူနိုက်တက်က စပါးထက် လက်ရှိရလဒ်ရော၊ ရပ်တည်မှုပါ သာပေမယ့် နိုင်ပွဲတစ်ပွဲစာပါပဲ။ စပါး(၂-၀)လောက်ကစားပြီး ပြန်ကျော်တက်လိမ့်မယ်။
လက်စတာ နှင့် အာဆင်နယ် (စနေည ၁၂းဝ၀ နာရီ)
လက်စတာရဲ့အမြင့်ပျံခရီးက စိတ်ဝင်စားဖို့ ကောင်းတယ်။ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲစလုံးအဝေးကွင်းမှာ ပေးဂိုးမရှိ ဂိုးပြတ်နိုင်ခဲ့သလို၊ အိမ်ကွင်းနောက်ဆုံး နှစ်ပွဲမှာလည်း နယူးကာဆယ်နဲ့ ဘန်လေတို့ကို အနိုင်ကစားထားတယ်။ တိုက်စစ်ပိုင်းက သွင်းဂိုးတွေအတွက် ယုံကြည်မှုပြည့်ဝနေပြီး ဗာဒီ၊ မတ်ဒီဆန်၊ တီလေမန်းစ်၊ ဂရေးတို့ရဲ့ စုဖွဲ့မှုက အသင်းတိုင်းကို ဒုက္ခပေးနိုင်စွမ်းရှိတယ်။ တိုက်စစ်က ဂိုးတွေသွင်းနေလို့ ခံစစ်စွမ်းဆောင်ရည်ကောင်းတာ သိပ်မသိသာပေမယ့် ဒီရာသီခံစစ်အကောင်းဆုံးအသင်းတွေထဲက တစ်သင်းလည်းဖြစ်တယ်။ လက်စတာရဲ့လက်ရှိခြေစွမ်း၊ ရလဒ်ပိုင်းက အဖက်ဖက်က ချီးကျူးစရာဖြစ်တယ်။ အာဆင်နယ်က ခံစစ်ရော၊ တိုက်စစ်ပါ ပြဿနာရှိနေတယ်။ ကွင်းလယ်ကလည်း အားပျော့ပြီး ခံစစ်ကို ကောင်းကောင်း မကူပေးနိုင်ဘူး။ အန်ဒီဒီ၊ တီလေမန်းစ်တို့ရဲ့ ကွင်းလယ်ကို ယှဉ်ကစားဖို့ ခက်သလို၊ အမှားများတဲ့ ခံစစ်ကလည်း ဂိုးတွေပေးရဦးမယ့် အခြေအနေမှာရှိတယ်။ လက်စတာ အနိုင်ရဖို့ ရှိတယ်။ (၂-၀)လောက်ဖြစ်မယ်။















