ပဲခူးစက်မှုဇုန်တွင် လုပ်သားရှစ်သောင်းခန့်ဖြင့် စက်ရုံ ၄၂ ရုံ လည်ပတ်နေပြီး ရန်ကုန်တိုင်းမှ ပိတ်သိမ်းသွားသော စက်ရုံများ လာရောက်ကမ်းလှမ်းနေ

ပဲခူးစက်မှုဇုန်တွင် လုပ်သားရှစ်သောင်းခန့်ဖြင့် စက်ရုံ ၄၂ ရုံ လည်ပတ်နေပြီး ရန်ကုန်တိုင်းမှ ပိတ်သိမ်းသွားသော စက်ရုံများ လာရောက်ကမ်းလှမ်းနေ
ပဲခူးစက်မှုဇုန် တစ်နေရာကို တွေ့ရစဉ်
ပဲခူးစက်မှုဇုန် တစ်နေရာကို တွေ့ရစဉ်
Published 8 November 2019
မောင်အေး(ပဲခူး)



ပဲခူးမြို့ ရပ်ကွက်ကြီး (၈) နှင့်ရပ်ကွက်ကြီး (၉) တို့တွင် ပဲခူးပြည်တွင်းပြည်ပစက်မှုဇုန်ကို ယခင်အစိုးရလက်ထက်၂၀၁၃ ခုနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ စက်ရုံပေါင်း ၄၂ ရုံ လည်ပတ်နေကာ အလုပ်သမားရှစ်သောင်းခန့်ကို အလုပ်အကိုင်ပေးထားနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ပိတ်သိမ်းသွားသောစက်ရုံများပါ ပဲခူးစက်မှုဇုန်တွင် ပြန်လည်လုပ်ကိုင်ရန် လာရောက်ကမ်းလှမ်းထားကြောင်း သိရသည်။

ပဲခူးစက်မှုဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံသူများအား ငါးနှစ်အခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ စက်ရုံဆောက်လုပ်ရေးကာလကို နှစ်နှစ်အခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ အလုပ်ရှင် အလုပ်သမား ပြဿနာများကို တာဝန်ရှိအဖွဲ့အစည်းများက စုပေါင်းအဖြေရှာရှင်းလင်းပေး၍ အလုပ်ရှင်အလုပ်သမား ပြဿနာ နည်းပါးခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပိတ်သိမ်းသွားသောစက်ရုံများမှာ ပြန်လည်ထွက်ခွာသွားခြင်းမဟုတ်ဘဲ ပဲခူးစက်မှုဇုန်တွင် စက်ရုံတည်ဆောက်ပြီး ပြန်လည်ရင်းနှီးမြှုပ်နှံရန် စက်ရုံပေါင်း ၁၈ ရုံမှ လာရောက်ကမ်းလှမ်း လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပဲခူးစက်မှုဇုန်မှာတော့ ပြည်ပစက်မှုဇုန်အကွက်တွေတော့ အားလုံးပြည့်နေပြီ။ ပြည်တွင်းစက်မှုဇုန်အကွက် ၈၄ ကွက်မှာ ၅၅ ရာခိုင်နှုန်းတော့ပြည့်နေပြီ။ ၄၅ ရာခိုင်နှုန်းတော့ ကျန်သေးတယ်။ လုပ်ငန်းဖော်ဆောင်ဖို့ အခက်အခဲတွေ ရှိနေတယ်။ အဓိကတော့ ကျူးပြဿနာတွေ မရှင်းနိုင်သေးဘဲ တရားရုံးမှာ အမှုရင်ဆိုင်နေရတော့ တရားရုံးတွေက မြန်မြန်လေးဖြတ်ပေးရင်တော့ ပိုအဆင်ပြေပါတယ်။ ဒီမှာအလုပ်ရှင်အလုပ်သမား ပြဿနာကို အလေးထားပြီး အစိုးရရောမီဒီယာရော တာဝန်ရှိတဲ့အဖွဲ့တွေ ပူးပေါင်းပြီး ဖြေရှင်းပေးတော့ ဆန္ဒထုတ်ဖော်တာတို့ မပြေလည်တာတို့ နည်းတယ်။ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ သူတွေကိုလည်း ထိုက်သင့်တဲ့ အခွန်ကင်းလွတ်ခွင့်တွေ ပေးထားပါတယ်။ ဒါကြောင့် အခုလည်နေတာက ၄၂ ရုံ၊ ဆောက်လုပ်ဆဲက ၁၀ ရုံ၊ နောက်ထပ်ကမ်းလှမ်းမှုတွေလည်း အများကြီးရှိနေပါပြီ။ နောက်ထပ် လုပ်သားငါးသောင်းလောက် အလုပ်ထပ်ရဖို့ရှိပါတယ်။နောက်တစ်ချက်က ရင်းနှီးမြှုပ်နှံမှုတွေ မတည်မငြိမ်ဖြစ်အောင် နောက်ကနေ မြှောက်ပေးနေတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေတယ်။ ဒါတွေကို ကလေးတွေဘက်ကလည်း သတိပြုဖို့လိုပါတယ်” ဟု ပဲခူးစက်မှုဇုန် ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဦးဟိန်းထက်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြို့၊ သာယာဝတီမြို့၊ ပြည်မြို့တို့တွင် စက်မှုဇုန်များရှိသော်လည်း ပဲခူးမြို့တွင် စက်ရုံအများဆုံးတည်ရှိကာ ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး၌ စက်ရုံပေါင်း ၆၀ ကျော်တည်ရှိကာ အလုပ်သမားကိုးသောင်းကျော်မှာ စက်ရုံများတွင် လုပ်ကိုင်နေကြပြီး အများဆုံးမှာ လက်ခစားများဖြစ်ကြောင်း သိရသည်။

ပဲခူးစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံများမှာ အများဆုံးဖြစ်ပြီး ဖိနပ်စက်ရုံ၊ ဘီယာစက်ရုံ၊ တိရစ္ဆာန်အစာစက်ရုံများလည်း လည်ပတ်လျက်ရှိပြီး တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံကြကြောင်း သိရသည်။

ထို့ပြင် ပဲခူးစက်မှုဇုန်အတွင်း Nissan ကားကုမ္ပဏီမှ ကားအပိုပစ္စည်းများ ထုတ်လုပ်ရန် စက်ရုံတည်ဆောက်နေပြီး ပညာသင်များကို နိုင်ငံခြားသို့ စေလွှတ်ထားကာ မကြာမီ စက်ရုံလည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent