တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံလွှတ်ကွင်းအတွင်း စည်းကမ်းချက်များ တိုးမြှင့်ထား

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံလွှတ်ကွင်းအတွင်း စည်းကမ်းချက်များ တိုးမြှင့်ထား
Published 8 November 2019
စည်သာ(တောင်ကြီး)

ရှမ်းပြည်နယ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် အဝေရာ ကုန်းသာယာ လွှတ်ကွင်းအတွင်း အဆင်ပြေမှု ရှိ မရှိ နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်းတွင် ဝန်ကြီး လိုက်လံစစ်ဆေးခဲ့ပြီး စည်းကမ်းချက်များ တိုးမြှင့်ထားကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် အဝေရာကုန်းသာယာလွှတ်ကွင်းအတွင်း အဆင်ပြေမှု ရှိမရှိ နိုဝင်ဘာ ၇ ရက် ညနေ ၃ နာရီတွင် အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်ကာ ကွင်းအတွင်းလှည့်လည်ကာ လိုက်လံစစ်ဆေးခဲ့ပြီး စည်းကမ်းချက်များ တိုးမြှင့်ထားကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံလွှတ်ကွင်း ပတ်ပတ်လည် ကာရံထားသော သံဆန်ခါများကို လွန်ခဲ့သော နိုဝင်ဘာ ၆ ရက် ညပိုင်းက သုံးခန်းခန့် ဖျက်ဆီးခံရသည်ကို နိုဝင်ဘာ ၇ ရက်တွင် ပြန်လည်ပြုပြင်ခဲ့ပြီး လွှတ်ကွင်းပတ်ပတ်လည် ပေ ၄၀ ထွက်ပေါက်ကြီး ခြောက်ပေါက်ရှေ့တွင်လည်း ပျံကျစျေးသည်များ မရှိစေရန် ရှင်းလင်းခဲ့ပြီး လက်ရှိရောင်းချနေသော ပျံကျစျေးသည်များကို အဆင်ပြေမှု ရှိမရှိ မေးမြန်းခဲ့ပြီး နေရာချထားပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆင်မပြေ ဖြစ်နေသော ကားပါကင် စျေးပိုကောက်သော ကိစ္စရပ်ကိုလည်း ဗီနိုင်းများ ထုတ်ခိုင်းထားပြီး ကားရပ်နားရန် နှစ်နာရီအတွင်း သတ်မှတ်နှုန်းထားအတိုင်းဖြစ်ပြီး နောက်ထပ်တစ်နာရီ တိုးတိုင်းနှုန်းထားအတိုင်း တစ်ဆတိုးမြှင့်သွားမည်ဖြစ်ကာ နိုဝင်ဘာ ၈ ရက်တွင် ဗီနိုင်းများကပ်၍ ကြေညာပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ညွှန်ကြားပေးခဲ့သည်။

“ကားပါကင်မှာ နှုန်းထားတွေ ပြောင်းတယ်။ ပထမသတ်မှတ်ထားတဲ့အတိုင်း နှစ်နာရီအတွင်း အဲဒီအတိုင်းပဲ တစ်နာရီတိုးတိုင်းမှာ ဆတိုးကောက်မယ်။ တချို့က နှစ်ရက်သုံးရက် ကားထိုးထားတယ်။ အဲလိုဖြစ်နေတယ်။ ဗီနိုင်းလည်း ကပ်မယ်။ တိုင်ကြားတဲ့နေရာတွေလည်း ထည့်မယ်။ လွှတ်ကွင်းကို ကျိုးတဲ့သံဆန်ခါတွေ ပြန်ကာတယ်။ ပျံကျစျေးသည်တွေကို လွှတ်ကွင်းပတ်ပတ်လည်မှာ ပေ ၄၀ ထွက်ပေါက်ကြီး ခြောက်ပေါက်ပေးထားတယ်။ ပျံကျတွေကို စနစ်တကျနေရာချတယ်။ မနက်ဖြန်မှာ တစ်ခါတည်း ဗီနိုင်းရမယ်။ ရပ်တဲ့အချိန်က နေစပြီး နာရီနဲ့မှတ်ထားပြီးတော့ ဘောင်ချာဖြတ်ထားမှာပေါ့။ တစ်နာရီကျော်ရင် ၃၀၀၀ ထပ်တိုးမယ်။ ဥပမာ လေးနာရီရပ်မယ်ဆိုရင်တော့ နှစ်နာရီကို ၃၀၀၀ ကျပ်၊ တစ်နာရီကို ၃၀၀၀ ကျပ်တိုးတော့ စုစုပေါင်း ၉၀၀၀ ကျပ် ဖြစ်သွားမယ်ပေါ့။ အဲဒီနေရာတွေက အစိုးရလုပ်ပိုင်ခွင့်ပြုထားတဲ့ လုပ်ကွက် ၁၊ ၂၊ ၃ တွေ နဲ့ပဲသက်ဆိုင်တယ်။ တခြားနေရာတွေနဲ့ မဆိုင်ဘူး။ အဲဒါကို ပွဲလာပရိသတ်တွေ သိအောင်ပြောပြရမယ်” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောကြားသည်။

ထိုသို့ ယာဉ်ရပ်နားခစည်းကမ်းများ သတ်မှတ်ခြင်းသည် အစိုးရ လုပ်ကိုင်ခွင့်ပြုထားသော သတ်မှတ်ဧရိယာအတွင်း လုပ်ကွက် ၁၊၂၊ ၃ အတွင်းသာဖြစ်ပြီး အခြားနေရာများနှင့် မသက်ဆိုင်သဖြင့် ပွဲလာပရိသတ်များ အနေဖြင့် အဆိုပါနေရာများကို ရွေးချယ်အသုံးပြုရန် လိုအပ်ကြောင်း ပွဲဦးစီးကော်မတီက ပြောထားသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မူလတင်ဒါခေါ်ယူစဉ်က ဆိုင်ကယ်တစ်စီးလျှင် တစ်ထောင်ကျပ်၊ မော်တော်ယာဉ်တစ်စီးလျှင် သုံးထောင်ကျပ်သာ ကောက်ခံရမည်ဟု ပဋိညာဉ်ရှိထားပြီး ယခုပွဲတွင်း ဖွင့်ပွဲညမှာတင် မော်တော်ယာဉ်တစ်စီး တစ်သောင်းကျပ် ကောက်ခံခြင်းသည် ရုပ်ဆိုးသော ကိစ္စရပ်ဖြစ်ပြီး နောက်ပိုင်းရက်များတွင် ပိုမိုဆိုးရွားနိုင်ကြောင်း၊ လုံးဝမဖြစ်သင့်ကြောင်း ပွဲလာပရိသတ် ပြည်သူများက ထောက်ပြပြောဆိုနေကြခြင်း ဖြစ်သည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၊ စတုတ္ထနေ့၊ နိုဝင်ဘာ ၇ ရက်တွင် နေ့လွှတ်အရုပ်ပေါင်း ၃၃ လုံးနှင့် ညလွှတ်ပေါင်း စိန်နားပန်မီးပုံးပျံ လေးလုံး ၊ ညမီးကြီး ၁၁ လုံး၊ စုစုပေါင်း ၁၅ လုံးတိတိ လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်ကြီး လာမည့် နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ ရှစ်ည ကိုးရက်တိုင်တိုင် ကျင်းပပေးသွားမည်ဖြစ်ကာ အကယ်၍ ရာသီဥတု အခြေအနေကြောင့်၊ အကြောင်းအမျိုးမျိုးကြောင့် လွှတ်တင်ခွင့်မရသော မီးပုံးပျံရှိခဲ့လျှင် ဆုပေးပွဲကို နောက်တစ်ရက်ဆုတ်၍ တစ်ရက်တိုးကာ ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြောကြားထားသည်။                  

Most Read

Most Recent