ရေရှည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကဖြစ်သည်ကို အားလုံး လက်ခံကြသော်လည်း ချေးငွေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးအောင် တည်ဆောက်မည်ဆိုပါက အနာဂတ်တွင် အကြွေးနွံနစ် အခက်အခဲ တွေ့ကြုံနိုင်ကြောင်း ကယားပြည်နယ်မဲဆန္ဒနယ်အမှတ် (၉) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက အကြံပြုခဲ့သည်။
နိုဝင်ဘာ ၆ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ဒုတိယနေ့တွင် နိုင်ငံတော်သမ္မတက ပေးပို့ထားသော ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်း အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ချေးငွေနဲ့ ပတ်သက်ပြီး အကြံပြုတင်ပြပါမယ်။ ရေရှည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက ဖြစ်တယ်ဆိုတာ အားလုံးလက်ခံကြပါတယ်။ အချက်ငါးချက် တင်ပြပါမယ်။ ချေးငွေနဲ့ ကြည့် နိုင်ငံတော်ဖွံ့ဖြိုးအောင် တည်ဆောက်မယ်ဆိုရင် အနာဂတ် အကြွေးနွံနစ် အခက်အခဲတွေ့ကြုံနိုင်ပါတယ်။ ဒီတော့ ချေးငွေရယူဖို့ ဦးစားပေး ချထားသင့်ပါတယ်”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောကြားသည်။
ချေးငွေသည် Infrastructure Development များ၊ Rate of Return ကောင်းသည့် Investment များတွင် ဆိုပါက ထိရောက်သည့် အကျိုးရှိကြောင်း၊ ချေးငွေကြောင့် ပြည်သူအများစု အကျိုးခံစားရမည် ဖြစ်ကြောင်း ဦးစိုးသိန်းက ဆိုသည်။
ဦးစိုးသိန်းက “ပညာရေးဝန်ကြီးဌာနကို အကြံပြုလိုတာက ယခုဆိုရင် တစ်နိုင်ငံလုံး ရဲ့ ဘတ်ဂျက်ရဲ့ ၈ ဒသမ ၈ ရာခိုင်နှုန်းလောက်အထိ လွှတ်တော်က ခွင့်ပြုပေးထားတာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက အကုန်သုံးစွဲသလား။ စနစ်တကျ သုံးစွဲသလား။ အလေးအနက် စီမံခန့်ခွဲသလား။ သုံးသပ်သင့်ပါတယ်။ နှစ်တိုင်း ပြန်လည်အပ်နှံတာ တွေ့ရပါတယ်။ ၂၀၁၇-၁၈ မှာ ၁၁၅၂ ဒသမ ၅၅၆ ဘီလျံ တစ်နည်းအားဖြင့် ပြောရရင် ၁ ဒသမ ၁ ထရီလီယံ ပြန်အပ်ပါတယ်။ ကိုယ်မှာ ဘတ်ဂျက်အလောက်ပင် ရှိသလောက်ဆိုရင်တော့ ချေငွေး ရယူဖို့လိုပါသလား။ ဒီစီမံကိန်းကို ကိုယ့်ဘတ်ဂျက်နဲ့စီမံသင့်သလား။ သို့ပေမဲ့ နည်းပညာရမယ်၊ သန်း ၈၀ အကူအညီ ထပ်ရမယ်ဆိုရင်တော့ ကောင်းပါတယ်”ဟု ပြောကြားသည်။
စီမံကိန်းကို အသေးစိတ် မဆွေးနွေးလိုသော်လည်း ပညာရေး ဆရာ၊ဆရာမများ မွေးထုတ်ပေးနေသည့် Source ကို တိုးတက်အောင်နှင့် အဆင့်မြင့်အောင် လုပ်ပေးခြင်းသည် သဘာဝကျကြောင်း၊ ပညာရေးကောလိပ်၊ ပညာရေးတက္ကသိုလ် စသည့် မွေးထုတ်ပေးသော နေရာဌာနများကို စွမ်းရည်မြှင့်တင်ရန်လည်း မေ့မထားသင့်ကြောင်း၊ ဖြစ်နိုင်မည်ဆိုပါက စီမံကိန်းကို အချိန်မဆွဲဘဲ နှင့် ပြည်နယ်များကို အလေးထား စဉ်းစား ဆောင်ရွက်ပေးစေလိုကြောင်းနှင့် လိုအပ်ပါက IDA ၊ World Bank မှ နောက်ထပ် သန်း ၁၀၀ တိုး၍ချေးဖို့ ကြိုးစားသင့်ကြောင်းလည်း ဦးစိုးသိန်းက အကြံပြုခဲ့သည်။
“ဝန်ကြီးပြောသွားတဲ့ Decentralizing Funding to School Project ဆိုတာကို စာရွက်ပေါ်မှာ ကြားရတဲ့အတွက်ကြောင့် အထူးပဲ ဝမ်းသာပါတယ်။ သိပ်ကောင်းပါတယ်။ လက်တွေမှာတော့ ပြည်နယ်/တိုင်းဒေသ အစိုးရတွေမှာ ဘာမှလုပ်ပိုင်ခွင့် မရှိပါဘူး။ ယုတ်စွအဆုံး ပညာရေးကဏ္ဍ မူလတန်းအဆင့် Level ကိုပင် လုပ်ပိုင်ခွင့် ပေးမထားပါဘူး”ဟု ဦးစိုးသိန်းက ပြောကြားသည်။
ပညာရေးဝန်ထမ်းများ ခန့်အပ်ခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် အဆင့်တိုးခြင်း၊ ကျောင်းဟောင်းဖျက်ခြင်းနှင့် ကျောင်းသစ် တည်ဆောက်ခြင်းများကို ဗဟိုကသာ ထိန်းချုပ်၍ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဦးစိုးသိန်း က ပြောကြားသည်။
ဦးစိုးသိန်းက “ပြည်ထောင်စုဝန်ကြီးဌာနက စီမံခန့်ခွဲတာတွေကို လျှော့ပြီးတော့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတွေကို ပိုမိုလုပ်ပိုင်ခွင့်ပေးဖို့ အကြံပြုတင်ပြလိုပါတယ်။ ချေးငွေလည်း ရယူပါ။ ထောက်ခံပါတယ်။ အကျိုးလည်းရှိအောင် ဆောင်ရွက်ပါလို့ ပြောချင်ပါတယ်။ အဟောသိကံ မဖြစ်ဖို့အတွက် အလေးအနက် ဆောင်ရွက်ပေးပါ လို့ အကြံပြုလိုပါတယ်”ဟု လွှတ်တော်၌ ထည့်သွင်း ဆွေးနွေးသည်။















