ကထိန်ခင်းရန် မော်လမြိုင်မှ ထွက်လာသည့် ခရီးသည်တင် မှန်လုံယာဉ် တိမ်းမှောက်မှုကြောင့် သံဃာတော်နှစ်ပါး အပါအဝင် ၁၃ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရ

ကထိန်ခင်းရန် မော်လမြိုင်မှ ထွက်လာသည့် ခရီးသည်တင် မှန်လုံယာဉ် တိမ်းမှောက်မှုကြောင့် သံဃာတော်နှစ်ပါး အပါအဝင် ၁၃ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရ
Published 5 November 2019
ယဉ်မျိုးသွယ်

 

ကထိန်ခင်းရန် မော်လမြိုင်မှ ထွက်လာသည့် ခရီးသည်တင် Express ယာဉ် နိုဝင်ဘာလ ၅ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်က သပိတ်ကျင်းမြို့အနီးတွင် တိမ်းမှောက်မှု ဖြစ်ပွားပြီး ၁၃ ဦးသေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဟိတဒရ တောစခန်းရိပ်သာကျောင်း၊ ရွှေကူမြို့သို့ ကထိန်ခင်းရန် မော်လမြိုင်မြို့မှ ထွက်ခွာလာသည့် ခရီးသည်တင် ၄၂ ဦးလိုက်ပါလာသော မှန်လုံယာဉ်သည် နံနက် ၅ နာရီခန့်တွင် ၇ မိုင်-တကောင်း ကားလမ်းမ မိုင်တိုင်အမှတ် (၆/၁) နှင့် (၆/၂) ကြား သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကုန်းဆင်းအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းချော်ကာ လမ်းဘယ်ဘက်သို့ ထိုးဆင်းတိမ်းမှောက် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် မွန်းလွဲ ၂ နာရီထိ ရရှိသော စာရင်းများအရ ဆရာတော် ၂ ပါး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း သေဆုံးသူ ၁၃ ဦး၊ ၂၉ ဦးဒဏ်ရာရရှိထားကြောင်း သိရသည်။

ယခုတိမ်းမှောက်ခဲ့သည့် ခရီးသည်ယာဉ် အပါအဝင် ၃ စီးအတူ ထွက်ခွာလာခြင်းဖြစ်ပြီး ဒုတိယယာဉ်မှာ တိမ်းမှောက်ခဲ့သဖြင့် နောက်ကကပ်ပါလာသည့် တတိယယာဉ်မှာ တိမ်းရှောင်ခဲ့ရာ သစ်ပင်ဝင်တိုက် မိခဲ့သော်လည်း လူထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဟု သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အခင်းဖြစ်ရာသို့ သွားရောက်ကယ်ဆယ် ကူညီခဲ့သည့် အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည့် ရွှေဘိုခရိုင် လူမှုကယ်ဆယ်ရေး အဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ဘုန်းကြီး ၂ ပါး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၃ ဦးသေဆုံးပြီး ကျန်တာတွေက ဒဏ်ရာရပါတယ်။ မော်လမြိုင်ကနေထွက်လာပြီး ရွှေဘိုတစ်ည အိပ်ကြသေးတယ်။ ဆရာတော်တစ်ပါးပဲ ရွှေဘိုကပါ။ ကျန်တာအကုန် မော်လမြိုင်ကချည်း။ လာတာ သုံးစီးလို့သိရတယ်။ ပထမ တစ်စီးက ဘာမှမဖြစ်ဘူး။ ဒုတိယ တစ်စီးက အရှိန်မထိမ်းနိုင်ဘဲ မှောက်တာကို နောက်ကပါလာတဲ့ တတိယအစီးက ရှောင်လိုက်တဲ့အတွက် သစ်ပင်ကို ဝင်တိုက်မိတယ်။ အဲဒီကားကတော့ လူထိခိုက်မှုမရှိပါဘူး။ ကားနည်းနည်း ထိခိုက်သွားရုံပါ။ မှောက်တဲ့ကားကပဲ လူသေဆုံးဒဏ်ရာ ရရှိမှု ရှိတာပါ ဟု ရွှေဘိုခရိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ဌေးက ပြောကြားခဲ့သည်။

ထိုကဲ့သို့ လူ ၁၁ ဦး၊ သံဃာ ၂ ပါးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရစေခဲ့သည့် ယာဉ်မောင်းဖြစ်သူ ဦးနိုင်မြင့်ထွန်းအား ယာဉ်(ပ) ၅၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ၃၃၇/၃၃၈ တို့ဖြင့် သပိတ်ကျင်း မြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

Most Read

Most Recent