ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအထောက်အပံ့ ARISE PLUS Myanmar စီမံကိန်းကို ၂၀၁၉ မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းအတွက် ယူရိုရှစ်သန်း ထောက်ပံ့မည်

ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအထောက်အပံ့ ARISE PLUS Myanmar စီမံကိန်းကို ၂၀၁၉ မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းအတွက် ယူရိုရှစ်သန်း ထောက်ပံ့မည်
 အောက်တိုဘာ ၁၈ ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအထောက်အပံ့ ARISE PLUS Myanmar စီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနား ပြုလုပ်စဉ်
အောက်တိုဘာ ၁၈ ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအထောက်အပံ့ ARISE PLUS Myanmar စီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနား ပြုလုပ်စဉ်
Published 18 October 2019
အောင်မင်းသိန်း

ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအထောက်အပံ့ ARISE PLUS Myanmar စီမံကိန်းကို ၂၀၁၉ ခုနှစ် ဇူလိုင်မှ ၂၀၂၃ ခုနှစ် ဇွန်လအထိ လေးနှစ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းအတွက် ယူရိုရှစ်သန်း ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၈ ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အထောက်အပံ့ ARISE PLUS စီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနား၏ ထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။

“EU ARISE PLUS Project နဲ့ ပတ်သက်ပြီးတော့ အောက်မှာပါတဲ့ ကဏ္ဍလေးတွေကို ပြောချင်ပါတယ်။ ဘာလဲဆိုတော့ ပထမဦးဆုံး တစ်ချက်ကတော့ ကျွန်တော်တို့က MSME တွေနဲ့ ပတ်သက်ပြီးတော့ MSME တွေရဲ့ Value Chain  မှာပေါ့။ သူတို့ရဲ့ Value Chain ဆိုတာကတော့ လယ်ယာမှာ စိုက်ပျိုးတာကနေပြီးတော့ စျေးကွက်ထဲဝင်ရောက်တဲ့အချိန်အထိကို ပံ့ပိုးပေးဖို့ ကဏ္ဍတစ်ခုပါတယ်။ ကဏ္ဍ နံပါတ်(၂)ကတော့ အဲဒီလို Value Chain မှာ လုပ်ပေးပေမယ့်လည်း ကျွန်တော်တို့က SPS လို့ခေါ်တဲ့ Sanitary and Phytosanitary ဆိုတာ ကျွန်တော်တို့နိုင်ငံက ရင်ဆိုင်နေရတဲ့ ဥပမာဆိုရင် တရုတ်ပြည်ပို့တာပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံပို့တာပဲ ဖြစ်ဖြစ်ပေါ့။ နိုင်ငံတွေက ချမှတ်ထားတဲ့ အပင်ပိုးမွှားကာကွယ်ရေး စည်းမျဉ်းစည်းကမ်းချက်တွေကို ကျော်လွန်နိုင်ဖို့၊ ဖြတ်သန်းနိုင်ဖို့၊ ဒါတွေကို အောင်မြင်ဖို့အတွက်ကို လုပ်ဖို့အပိုင်းပေါ့။ နောက်နံပါတ် (၃) ကကျတော့ ကျွန်တော်တို့က ကုန်သွယ်မှုမူဝါဒနဲ့ ဆိုင်တဲ့ဟာ၊ Trade Policy နဲ့ပတ်သက်တဲ့ အောက်မှာတော့ ကျွန်တော်တို့က အဓိကကတော့ မူဝါဒတွေ ပိုပြီးတော့ နိုင်ငံတကာနဲ့ ပိုပြီးတော့ Inline ဖြစ်ဖို့အတွက် အဓိက အဲဒီ Project သုံးခု၊ ဒီကဏ္ဍသုံးခု ပါပါတယ်” ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။

နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန (International Trade Centre ICT) က စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရမိတ်ဖက်အဖွဲ့အစည်းအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလေးနှစ်စီမံကိန်းသည် ကုန်သွယ်မှုအမျိုးအစားများ ကွဲပြားစွာ ဆောင်ရွက်နိုင်ရေးနှင့် ပေါင်းစည်းဆောင်ရွက်နိုင်ရေးတို့ကို ပ့ံပိုးပေးမည်ဖြစ်ပြီး ဒေသတွင်းနှင့်  နိုင်ငံတကာစျေးကွက်ဝင်နိုင်စေရေး၊ ထုတ်လုပ်မှုတန်ဖိုးကွင်း ဆက်များ၏ စျေးကွက်ဝင်လိုအပ်မှုများကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဦးမင်းမင်းက “Value Chain Component မှာဆိုရင် ဆီနဲ့ ဆီထွက်သီးနှံတွေပါမယ်။ ပဲအမျိုးမျိုးပါမယ်။ ပျားရည်၊ ဥယျာဉ်ခြံထွက်ပစ္စည်းတွေဖြစ်တဲ့ ထောပတ်သီး၊ ကျွဲကောသီး၊ နာနတ်နဲ့ ကြက်သွန်ဖြူတို့ပါမယ်။ SPS Component အောက်မှာဆိုရင်တော့ ပျားရည်၊ ခြံထွက်သီးနှံ၊ ကော်ဖီနဲ့ လက်ဖက်တို့ပါဝင်ပါတယ်။ Trade Policy မှာတော့ အဓိက ကျွန်တော်တို့က ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒ ဆန်းစစ်ခြင်းကိစ္စတွေ ဆောင်ရွက်မယ်။ အဲဒီကိစ္စတွေ ပါဝင်မှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

 အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် အာဆီယံဘုံစီးပွားရေး၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့စျေးကွက်များထံမှ အကျိုးအမြတ် အခွင့်အလမ်းများ ရရှိခံစားနိုင်ရန် ၎င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ ရွေးချယ်ထုတ်လုပ်မှုတန်ဖိုးကွင်းဆက်များက အာဆီယံနှင့်နိုင်ငံတကာ ကတိကဝတ်များနှင့်အညီ ပိုးမွှားကင်းစင်ရေး စည်းမျဉ်းများ၊ ထိန်းချုပ်မှုစနစ်များနှင့် အရည်အသွေးများကို တိုးတက်ဆောင်ရွက်နိုင်ရေး ထောက်ပံ့ပေးခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကတိကဝတ်များကို လိုက်ပါဆောင်ရွက်နိုင်ရေးနှင့် ထုတ်လုပ်မှုတန်ဖိုးကွင်းဆက်များတစ်လျှောက်ရှိ အကောက်အခွန်မဟုတ်သည့် အတားအဆီးများကို ဖြေရှင်းနိုင်ရေးအတွက် ကုန်သွယ်မှုမူဝါဒချမှတ်ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ ဆောင်ရွက်ရာတွင် ပိုမိုအားကောင်းလာစေခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုစီမံကိန်းသည် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများပြားလာစေရေး အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။              

 

 

Most Read

Most Recent