လားရှိုး - မူဆယ် လမ်းမကြီးပေါ်ရှိ သိန္နီမြို့တွင်းတွင် TNLA လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံအချို့ လက်နက်ကြီးကျည်စ ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိ

လားရှိုး - မူဆယ် လမ်းမကြီးပေါ်ရှိ သိန္နီမြို့တွင်းတွင် TNLA လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံအချို့ လက်နက်ကြီးကျည်စ ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိ
Published 9 October 2019
ထွန်းနေလှုိင် (နောင်ပိန်)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး - မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ် သိန္နီမြို့တွင်းတွင် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်က TNLA လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုများသည် နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်မှ စတင်၍ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုများကြောင့်် သိန္နီမြို့တွင်းရှိ နေအိမ်အချို့ပေါ်တွင် လက်နက်ကြီးကျည် ကျရောက်မှုများရှိခဲ့ပြီး ဒေသခံအချို့လည်း လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက်မှာ ၆ နာရီခွဲလောက်မှာ သိန္နီမြို့ထဲကို TNLA က ကောင်းမူးဖိတ်ဘက်ကနေ ဆင်းလာပြီး တပ်ယာဉ်တန်းကို ပစ်တာပေါ့။ ယာဉ်တန်းကိုပစ်တော့ ယာဉ်တန်းကလည်း ပြန်ပြီးရှင်းတာပေါ့။ ထိခိုက်မှုကတော့ ခုနှစ်ယောက်လောက် ရှိတာပေါ့။ မြို့ပေါ်ကျောင်းတွေမှာတော့ ကလေးတွေ ကျောင်းကိုမလာကြဘူး။ တခြားပတ်ဝန်းကျင်က ကျောင်းတွေကတော့ ဖွင့်ပါတယ်။ ယာဉ်အသွားအလာကို မနက်ပိုင်းမှာတော့ ခဏတား ထားပါတယ်။ အခုတော့ ယာဉ်တွေကို ပြန်လွှတ်ပေးပါတော့မယ်” ဟု သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပစ်ခတ်မှုများသည် မြို့တွင်းတွင် ဖြစ်ပွားခဲ့ခြင်းကြောင့် သိန္နီမြို့တွင်းရှိ စျေးဆိုင်များ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချခြင်း မရှိဘဲ မြို့တွင်းလမ်းများပေါ်တွင်လည်း လူသွားလူလာများ ကင်းမဲ့ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ လက်နက်ကြီးကျည်ဆန် ထိမှန်ဒဏ်ရာ ရရှိသူများအား သိန္နီမြို ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း သိရသည်။

“ကျွန်မတို့က မနက်အိပ်ယာထပြီး မျက်နှာသစ်မလို့ အိမ်ထဲကနေ ထွက်တဲ့အချိန် လက်နက်ကြီးကျည်စ လာမှန်တာပါ။ လက်နက်ကြီးက ခြံဝင်းရှေ့လမ်းပေါ်မှာ လာကျတယ်ထင်တယ်။ အဲ့ဒီကနေ လက်နက်ကြီး ကျည်စက ကျွန်မတို့ကို လာစင်တာ။ ကျွန်မကိုတော့ ပေါင်မှာ နှစ်ချက်မှန်တယ်။ ကျွန်မအမျိုးသားကိုကျ ကျောမှာ နှစ်ချက် မှန်တယ်။ အခုတော့ ကျွန်မတို့ သိန္နီဆေးရုံမှာ တက်ရောက်ကုသနေပါတယ်။ ဆေးရုံမှာတော့ ကျည်စထိမှန်ပြီး ရောက်လာတဲ့ သူတွေကတော့ ခြောက်ယောက်လောက်တော့ ရှိတယ်။” ဟု သိန္နီမြို့တွင် နေထိုင်သည့် မခင်နန်းစိုးက ပြောကြားသည်။

ပစ်ခတ်မှုများ ဖြစ်ပွားချိန်တွင် သိန္နီမြို့အဝင်၌ မူဆယ်၊ ကွမ်းလုံဘက်သို့ သွားရောက်မည့် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များအား ဖြတ်သန်းခွင့် ခေတ္တပိတ်ထားပြီး နံနက် ၁၁ နာရီအချိန်တွင် ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းခွင့် ပြုနေပြီဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent