ကလေးမြို့ ရာဇဂြိုဟ်ကျေးရွာ ဘောလုံးကွင်းအတွင်း သွေးပူလေ့ကျင့်ခန်း လုပ်နေစဉ် မိုးကြိုးပစ်၍ ဘောလုံးသမားတစ်ဦး သေဆုံး

ကလေးမြို့ ရာဇဂြိုဟ်ကျေးရွာ ဘောလုံးကွင်းအတွင်း သွေးပူလေ့ကျင့်ခန်း လုပ်နေစဉ် မိုးကြိုးပစ်၍ ဘောလုံးသမားတစ်ဦး သေဆုံး
ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပသည့် ဘောလုံးကွင်းအား တွေ့ရစဉ်
ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပသည့် ဘောလုံးကွင်းအား တွေ့ရစဉ်
Published 8 October 2019
အောင်သူထွန်း(ကလေး)

ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာတွင် ဖိတ်ခေါ်ဖလား ဘောလုံးပွဲ ကျင်းပနေစဉ် အောက်တိုဘာ ၇ ရက် ညနေ ၄ နာရီခန့်တွင် ဘောလုံးယှဉ်ပြိုင်ရန်အတွက် ဘောလုံးကွင်းအတွင်း သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေသော ဘောလုံးသမားများအား မိုးကြိုးပစ်ခဲ့၍ ဘောလုံးသမားတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

“ညနေက ဘောလုံးကွင်းထဲမှာ မိုးကြိုးပစ်တာ။ ဘောလုံးကန်မလို့  ဘောလုံးမကန်ခင် သွေးပူလေ့ကျင့်ခန်း လုပ်နေတုန်းမှာ နှစ်သင်းစလုံး။ မိုးကြိုးက စက်ဝိုင်းအလယ်ကောင်ကို ဆော်ထည့်တာ၊ ငါးယောက်လဲသွားတယ် ပြောတာပဲ။ လေးယောက်က ပြန်ထနိုင်ပြီး တစ်ယောက်က ပြန်မထနိုင်တော့တာ။ အသက်ကတော့ ဆေးရုံအထိ ပါသွားတယ်။ တိုက်နယ်ဆေးရုံနဲ့ ဘောလုံးကွင်းနဲ့က နီးတယ်။ ဆေးရုံအထိတော့ နှလုံးခုန်နေတုန်း နောက်ပိုင်း ဆရာဝန် ရောက်လာတော့ မရတော့ဘူးလို့ ပြောတယ်။ ဦးခေါင်းထဲက နပ်ဗ်ကြောတွေ အလုပ်မလုပ်တော့ဘူးလို့ ပြောတယ်။ ညနေ ၆ နာရီလောက် ကျဆုံးသွားတယ်။ ဘောလုံးအသင်းက မြစိမ်းနဲ့စော်ဘွား(ခ) အသင်းကန်ဖို့ လုပ်နေတာ။ မိုးရာသီ ဖိတ်ခေါ်ပြိုင်ပွဲပါ။ မိုးက ရွာလိုက်ရပ်လိုက် မိုးချိန်းလိုက်ပေါ့။ ပွဲမစခင်ပါ ။ နှစ်ဖက်အသင်းက ကွင်းထဲရောက်ပြီး သွေးပူလေ့ကျင့်ခန်းတောင် လုပ်နေကြပြီ။ ဆုံးတာကတော့ ညနေပိုင်းမှ ဆုံးသွားတာပါ။

ဘောလုံးသမားက လူငယ်ထဲကပါ။ အသက် ၂၅၊ ၂၆ ဝန်းကျင်ပါ ။ နာမည်တော့ မသိဘူး။ သေတာက မြစိမ်းရွာ အသင်းကပါ။ ဘောလုံးပွဲက ဒီကနေ့တော့ မကန်ဖြစ်တော့ဘူး။ မိုးရာသီ ဖိတ်ခေါ်ဖလား အသင်းက ၁၇ သင်း ရှိတယ်။ မိုးက ညနေပိုင်းက သည်းလိုက် ရပ်လိုက်နဲ့ပါ။ မိုးကလည်း တောက်လျှောက်ချိန်းနေတာ။ ကွင်းပြင်ကလည်း ကျယ်တယ်။ ဘောလုံးကွင်းက ရွာမြောက်ဘက် တိုက်နယ်ဆေးရုံ နောက်ကျောဘက်မှာပါ” ဟု ရာဇဂြိုဟ်ကျေးရွာမှ ကိုရဲဝင်းထွန်းက ပြောကြားသည်။

ရာဇဂြိုဟ်ကျေးရွာတွင် ကျင်းပသော ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွင် ဘောလုံးအသင်း ၁၇ သင်းပါဝင်ပြီး နောက်ရက်များအတွက် ဆက်လက် ကျင်းပသွားမည်ဟု သိရသည်။

 

 

Most Read

Most Recent