အကျင့်ပျက်ခြစားမှုကြောင့် UNOPS ၏ အရေးယူပိတ်ဆို့ခြင်းခံရသည့် မြန်မာနိုင်ငံကျန်းမာရေးမှှူး အသင်းဥက္ကဋ္ဌအား လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ စစ်ဆေးမည်

အကျင့်ပျက်ခြစားမှုကြောင့် UNOPS ၏ အရေးယူပိတ်ဆို့ခြင်းခံရသည့် မြန်မာနိုင်ငံကျန်းမာရေးမှှူး အသင်းဥက္ကဋ္ဌအား လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ စစ်ဆေးမည်
Published 7 October 2019
ဇော်မင်းနိုင်

အကျင့်ပျက်ခြစားမှုကြောင့် UNOPS ၏ အရေးယူပိတ်ဆို့ခြင်းခံရသည့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းဥက္ကဋ္ဌအား လွတ်လပ် သောစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ် ဆေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက သတင်းထုတ်ပြန်သည်။

အကျင့်ပျက်ခြစားမှုကြောင့် UNOPS က အရေးယူပိတ်ဆို့ခံရခြင်းမှာ မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းနှင့် ဥက္ကဋ္ဌတို့ဖြစ်ပြီး အကြောင်းကြားစာကိုအသင်းနှင့် ဥက္ကဋ္ဌဖြစ်သူ ဦးမျိုးသွင်တို့အား စက်တင်ဘာ ၉ ရက်တွင် ပေးပို့ခဲ့သည်။

တစ်လကျော်အကြာမှသာ  မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းက အရေးပေါ်အစည်းအဝေးခေါ်ယူကာ ဥက္ကဋ္ဌအား ရာထူးမှ ရပ်ဆိုင်းကာ လွတ်လပ်သောစုံစမ်းစစ်ဆေး ရေးကော်မတီအဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ် ကြောင်း အဆိုပါအသင်း၏ သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ အရေးပေါ်အစည်းအဝေးကို အောက်တို ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် အသင်းရုံးအစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးတွင်အသင်း၏နာယက အဖွဲ့ဝင်များ၊ဗဟို အမှုဆောင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ်များမှ ဥက္ကဋ္ဌနှင့် အ လုပ်အမှုဆောင်အဖွဲ့ဝင်များ၊ လေ့လာသူများ တက်ရောက်ခဲ့ကြောင်း၊ အစည်းအဝေးတွင် အသင်း၏ဖြစ်ပေါ်ဆောင်ရွက်မှုအခြေအနေအရပ်ရပ်နှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ ကြကာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း အဆိုပါအသင်းက သတင်းထုတ်ပြန်သည်။

အစည်းအဝေးတွင် ဆုံးဖြတ်ချက် ကိုးခုကိုချမှတ်ခဲ့ပြီး ယင်းကိုးချက်တွင် ဥက္ကဋ္ဌဖြစ်သူ ဦးမျိုးသွင်အား လက်ရှိရာထူးမှ ရပ်ဆိုင်းကာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဖြင့် စစ်ဆေးပြီး တွေ့ရှိချက်များကို မူတည်၍ အသင်း၏စည်းမျဉ်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် အတည်ပြု ခြင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ဥက္ကဋ္ဌနေရာအား လက်ရှိ ဒုဥက္ကဋ္ဌ ဦးမြသွင်က ယာယီ ဥက္ကဋ္ဌအဖြစ် လာမည့် ညီလာခံအထိ တာဝန် ယူဆောင်ရွက်ရန် အတည်ပြုဆုံးဖြတ်ခြင်းတို့ ကို အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ UNOPS က အရေးယူပိတ်ဆို့ မှု ဖြစ်ပွားအပြီးတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဋ္ဌက အသင်းမှ နုတ်ထွက်စာအား အောက်တိုဘာ ၃ ရက်တွင် တင်ခဲ့ကြောင်း၊ ကော်မတီတစ်ခုခု ဖွဲ့စည်းကာ စုံစမ်း စစ်ဆေးမှုများပြုလုပ်ပါက ကျေနပ်စွာပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားပါက အသင်းဖွဲ့ စည်းပုံအတိုင်း အရေးယူမှုများကိုလည်း ကျေနပ်စွာခံယူမည်ဟု ဦးမျိုးသွင်၏ အသင်းသို့ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

UNOPS က မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းသို့ပေးပို့သည့်စာတွင် ဥက္ကဋ္ဌဦးမျိုး သွင်အား UNOPS နှင့်ပတ်သက်သည့်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်မပြုကြောင်းနှင့် အသင်းအားလက်ရှိစာချုပ်ချုပ် ဆိုထားသည့် လုပ်ငန်းများကိုသာ ဆက်လက် ဆောင်ရွက်ခွင့်ပြုပြီး အရေးယူပိတ်ဆို့ခြင်းခံ ထားရသော ကာလအတွင်း စီမံချက်လုပ်ငန်းများ ထပ်မံခွင့်မပြုကြောင်း ဖော်ပြထားသည်။

Most Read

Most Recent