စပါးအသင်းဂိုးသမား လိုရစ်သည် ဘရိုက်တန်အသင်းအား (၀-၃)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းကြောင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။
စပါးအသင်းဂိုးသမား လိုရစ်သည် ဘရိုက်တန်အသင်းအား (၀-၃)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းကြောင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။
လိုရစ်သည် ပရီးမီးယားလိဂ်ပွဲစဉ် ဘရိုက်တန် (၃-၀) စပါးပွဲတွင် ပွဲချိန် (၃)မိနစ်၌ ဘရိုက်တန်ကစားသမား ဂရော့ဘ်၏ ဖြတ်တင်ပေးပို့မှုကို အမိဖမ်းရန်ကြိုးစားခဲ့ရာတွင် ဘောလုံးမှာ ချော်ထွက်ခဲ့ကာ ဟန်ချက်ပျက်လဲကျခဲ့ပြီး ဘယ်ဘက်တံတောင်၌ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပုံပေါ်သည်။
လိုရစ်သည် ဒဏ်ရာနာကျင်လွန်းသဖြင့် စပါးဆေးအဖွဲ့က စစ်ဆေးကုသမှုများ ချက်ချင်းပြုလုပ်ခဲ့ပြီး ဆေးကုသနေစဉ်အတွင်း အောက်စီဂျင်ပင် ပေးခဲ့ရသည်။
ယင်းနောက် အသက် (၃၂)နှစ်အရွယ်ရှိ ပြင်သစ်ဂိုးသမား လိုရစ်ကို ထမ်းစင်ဖြင့် သယ်ထုတ်သွားခဲ့ရပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ဘရိုက်တန်နှင့်ပွဲအပြီးတွင် လိုရစ် ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ပိုချက်တီနိုက "အခု လိုရစ် ဆေးရုံတက်နေပါတယ်။ လောလောဆယ်မှာတော့ ဘာမှမပြောနိုင်သေးပါဘူး"ဟု ပြောကြားခဲ့သည်။
စပါးအသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရပြီး ကြားရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်း၌ (၇-၂)ဂိုးဖြင့် စံချိန်တင်ရှုံးနိမ့်ခဲ့သလို၊ ပရီးမီးယားလိဂ်ပွဲစဉ် (၈)အပြီးတွင် (၃)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၃)ပွဲရှုံး၊ ရမှတ် (၁၁)မှတ်သာရရှိထားကာ အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်း (၂၄ မှတ်)နှင့် (၁၃)မှတ်အထိ ကွာဟနေသည်။















