ရာသီအဖွင့် (၈)ပွဲဆက်အနိုင်နဲ့ အမှားအယွင်းမရှိသေးတဲ့ လီဗာပူးလ်

ရာသီအဖွင့် (၈)ပွဲဆက်အနိုင်နဲ့ အမှားအယွင်းမရှိသေးတဲ့ လီဗာပူးလ်
Photos: Twitter
Photos: Twitter
Published 5 October 2019

■ လီဗာပူးလ် ၂-၁ လက်စတာ 

ပရီးမီးယားလိဂ်ပွဲစဉ် (၈) စနေညရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ လက်စတာအသင်းတို့ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းက နောက်ကျပယ်နယ်တီဂိုးနဲ့အတူ ရာသီအစအဖွင့် (၈)ပွဲဆက်အနိုင်ယူပြီး အမှားအယွင်းမရှိ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်ခဲ့ပါတယ်။

ဒီရာသီမှာ ပုံစံကောင်းပြနေတဲ့ လက်စတာအသင်းနဲ့ ရင်ဆိုင်ရတာဖြစ်တာကြောင့် အန်ဖီးလ်မှာ လီဗာပူးလ်သတိကြီးကြီးထားကစားခဲ့ပြီး လက်စတာအသင်းရဲ့ တုံ့ပြန်မှုကြောင့် ရင်ခုန်စရာပွဲတစ်ပွဲကိုလည်း ခံစားခဲ့ရတာပါ။

မာနေ၊ ဆာလာ၊ ဖေမီနို၊ ဖာဘင်ဟို၊ ၀ိုင်နယ်လ်ဒမ်းတို့နဲ့ လီဗာပူးလ်ရဲ့စုဖွဲ့မှုကို ဗာဒီ၊ အန်ဒီဒီ၊ မတ်ဒီဆန်၊ တီလေးမန်းစ်တို့နဲ့ လက်စတာအသင်းက ခပ်မာမာတုံ့ပြန်ခဲ့ပါတယ်။

ပွဲစကတည်းက လီဗာပူးလ်အသင်းက အချိတ်အဆက်မိမိနဲ့ ကစားကွက်စီးနိုင်ခဲ့သလို အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးကံခေနေပြီး လက်စတာဂိုးသမား ကက်စပါရှမိုက်ကယ် လက်စွမ်းပြနေလို့လည်း သွင်းဂိုးတွေစောစောစီးစီးမမြင်ခဲ့ရတာပါ။

လက်စတာအသင်းကလည်း လျင်မြန်တဲ့တန်ပြန်တိုက်စစ်နဲ့အတူ လီဗာပူးလ်အသင်းဘက်ကို ဖိအားပြန်ပေးဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။

ဂိုးကံခေနေတဲ့ လီဗာပူးလ်အသင်းဟာ ပွဲချိန်မိနစ် (၄၀)မှာတော့ အဖွင့်ဂိုးရခဲ့ပြီး ဂျိမ်းစ်မီလ်နာရဲ့ လှပတဲ့ပေးပို့မှုကို မာနေက အကောင်းဆုံးအဆုံးသတ်သွင်းယူပေးခဲ့တာပါ။

ဒီဂိုးဟာ မာနေအတွက် လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပွဲ (၁၀၀)မှာ ဂိုး (၅၀)မြောက်သွင်းဂိုးဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး (၅၀)ပြည့်တဲ့ (၁၀)ဦးမြောက်ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ (၁-၀)ဂိုးနဲ့ပဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာလည်း လီဗာပူးလ်ကပဲ ပွဲကို စိုးမိုးခဲ့ပြီး လက်စတာအသင်းကလည်း ချေပဂိုးအတွက်ကြိုးပမ်းလာမှုကြောင့် ပွဲကအကြိတ်အနယ်ပိုရှိလာခဲ့ပါတယ်။

လီဗာပူးလ်အသင်း အခွင့်အရေးတွေပိုရခဲ့သလို၊ နောက်ထပ်ဂိုးတွေအတွက်နီးစပ်ခဲ့ပေမယ့် လက်စတာခံစစ်နဲ့ ရှမိုက်ကယ်ကိုမကျော်ဖြတ်နိုင်ခဲ့ပါဘူး။

လက်စတာအသင်းကလည်း မက်ဒီဆန်၊ ဘားနက်စ်တို့ရဲ့တောင်ပံအားနဲ့အတူ လီဗာပူးလ်ဘက်ကိုဖိအားပေးခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေတော့ နည်းခဲ့ပါတယ်။

ပွဲရဲ့ရင်ခုန်စရာအခိုက်အတန့်ကတော့ မိနစ် (၈၀)မှာ လက်စတာအသင်း ချေပဂိုးရတာက စခဲ့တာပါ။

အယိုဇေပီရက်ဇ်ရဲ့ ပေးပို့မှုကနေ မက်ဒီဆန်က လက်စတာအတွက်ချေပဂိုးသွင်းယူလိုက်ပြီး လီဗာပူးလ်ရဲ့ နိုင်ပွဲဆက်မှုကို ရပ်တန့်နိုင်ဖို့ နီးစပ်ခဲ့ပါတယ်။

ချေပဂိုးပေးလိုက်ရလို့ လီဗာပူးလ်အသင်း တစ်သင်းလုံးတိုက်စစ်ကိုကစားခဲ့ပြီး လက်စတာအသင်းကို ဆက်တိုက်ဖိအားပေးခဲ့တာပါ။

(၁-၁) နဲ့ပွဲပြီးဖို့နီးစပ်နေတဲ့အနေအထားမှာ ကံကြမ္မာက လီဗာပူးလ်ဘက်မှာရှိနေခဲ့ပါတယ်။

မိနစ် (၉၀)အပြီး နာကျင်အချိန်ပို (၄)မိနစ်မှာတော့ လီဗာပူးလ်အသင်းပယ်နယ်တီကန်သွင်းခွင့်ရခဲ့ပါတယ်။

ပယ်နယ်တီဧရိယာအတွင်း မာနေကို အော်ဘရိုက်တန် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် လီဗာပူးလ်အသင်း ပယ်နယ်တီရခဲ့ပြီး ဒီပယ်နယ်တီကို မီလ်နာက အမှားအယွင်းမရှိကန်သွင်းကာ အဖိုးတန်အနိုင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းက (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ရာသီအဖွင့် (၈)ပွဲဆက်ရာနှုန်းပြည့်အနိုင်ကိုရခဲ့ရုံမက ပြီးခဲ့တဲ့ရာသီကစတွက်မယ်ဆို အသင်းရဲ့ပရီးမီးယားလိဂ်နိုင်ပွဲဆက်မှုဟာ (၁၇)ပွဲအထိရှိလာခဲ့ပြီး မန်စီးတီးအသင်းရဲ့ (၁၈)ပွဲစံချိန်ကိုမီဖို့ (၁)ပွဲသာ လိုပါတော့တယ်။

 

Most Read

Most Recent