ရေထဲက အရိပ်

ရေထဲက အရိပ်
Photo: vineyardgazette
Photo: vineyardgazette
Published 5 October 2019
 မင်းချောမြင့်

အရိပ်ကျရင် မှောင်နေမှာပဲလို့ တွေးမိတတ်ကြတယ်။ မောလာတဲ့ ယုန်ကလေး တစ်ကောင်ကလည်း အရိပ်ဆီ ပြေးနားချင်မှာပဲ။ အရိပ်ကလေးကျနေတဲ့ နေရာတစ်ခုမှာ ရပ်နားခွင့်ရဖို့ အချင်းချင်း တိုးဝှေ့ကြရတာ။ အင်အားကြီးသူတွေနဲ့ ယှဉ်လာရပြီဆိုရင် ယုန်ကလေးဟာ သူများအစာ ဖြစ်သွားပြီ။ ယုန်ကလေးကို တွေ့လိုက်ရတဲ့ ကျားရဲက ပြုံးတယ်။ ဒီလိုအပြုံးမျိုးဟာလည်း လူဖြစ်လာ ရပြီးတဲ့ တစ်လျှောက် မြင်နေကျ အပြုံးမျိုးပဲ။ အားလုံးကို သူ့ရဲ့အစာလို့ မြင်နေတဲ့ သူ့မျက်လုံးတွေ သူ့အကြည့်တွေ မြင်လိုက်ရရင် ခင်ဗျားလည်း ကြုံလှီသွားလိမ့်မယ်။

နေ့တွေ ရှိလိမ့်မယ်။ ဖြစ်တန်စွမ်းတွေ အများကြီးပဲ။ ဦးနှောက်နဲ့ ယူဆကြည့်တဲ့အခါတိုင်း အပေါ်ယံတွေနဲ့ ဝေးဝေးနေဖို့ ဆုံးဖြတ်ရလိမ့်မယ်။ ကိုယ့်ရဲ့ နေရပ်လိပ်စာနဲ့ စတင်မိတ်ဆက်လိုက်ပြီး ရှို့မီးဟာ လိပ်စာအရ လိုက်လောင်ချင်လောင်ပါလိမ့်မယ်။ မီးဆိုတာ သူလောင်နိုင်ဖို့အတွက် အနံ့တစ်မျိုး ခံတတ်တယ်။ လောင်ကျွမ်းပျက်စီးသွားဖို့  အချင်းချင်းက အဖော်ညှိကြပါလိမ့်မယ်။ အနံ့ပေးမယ်။ လမ်းကြောင်းပြမယ်။ သူခိုး လက်ခံလို သစ္စာဖောက်မယ်။ သစ္စာတရား ကိုယ်တိုင်က အနှစ်မြှုပ်ခံလိုက်ရပြီး မကြာခဏ ပြန်ပြန်ပေါ်လာနေတဲ့ နောင်တအကြောင်း သိနေတယ်။ အဖြေကို သိချင်တဲ့ သူအတွက်တော့ အရိပ်ကလေးမှာ ထိုင်ပြီး ကြည့်ချင်နေပါလိမ့်မယ်။

အစီအစဉ်တကျ ဖြစ်လိမ့်မယ်လို့တော့ ရေအဖြစ် စီးဆင်းလာခဲ့ရတာပဲ။ စီးဆင်းဖို့အတွက် လှုံ့ဆော်မှုတွေ ရှိတယ်။ ပြီးတော့ အလိုက်သင့် ပေးဆပ်ဖို့တော့ အဆင်သင့်ဖြစ်ရမယ်။ အကြိမ်ကြိမ် အနည်ကျပြီးမှ ဖြစ်လာရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဘဝကို မတောင်းဆိုလိုပါ။ ရပ်တဲ့ အရပ်က ဆက်သွားရဖို့ အဆင်သင့် ပြင်နေရမယ်။ စီးဆင်းချင်စိတ် ရှိရင်တော့ အမြဲတမ်း အဆင်သင့် ဖြစ်နေရမယ်။ သယ်ဆောင်သွားတဲ့ ၀ါကျကလည်း ရိုးသားရပါလိမ့်မယ်။ ရရှိမှုတွေက သိပ်တော့ အဖတ်မတင်ပါဘူး။ ဒြပ်ထုဖြစ်နေတဲ့ အတွက်တော့ အမှုန်အမွှားအဖြစ် လွင့်စင်ရပါလိမ့်မယ်။ ဟဟ ပေးတာတွေလည်း ဂရုစိုက်စရာ မလိုဘူးလေ။ အတင်းဖားယားပြီးလည်း အတည်မပေါင်းတော့ဘူး။ သမိုင်းဟာ ငါ့ကို မြတ်နိုးနေဖို့ပဲ လိုပါလိမ့်မယ်။ မြစ်တွေအဆုံးထိတော့ ၀ါကျကိုတွေ့မှာ မဟုတ်ဘူးဆိုတာကတော့ ယုံကြည်တယ်။ ခင်ဗျားလည်း ပြတ်သားရဲတာတော့ မဟုတ်ဘူး။

ရာသီဥတုကို ယုံကြည်ပြီးတော့လည်း ပွင့်လာခဲ့ရတာမှ မဟုတ်တာ။ အရသာရှိရှိ နှပ်နေခဲ့ပြီးမှ သိပ်အရသာရှိတဲ့အကြောင်း ရှင်းပြနေဖို့ မလိုအပ်ခဲ့တော့ပါ။ စားသုံးနေရတာချင်း အတူတူဖြစ်နေခဲ့ရင်လည်း ခင်ဗျားကို အရသာမတွေ့တော့တဲ့အတွက် ဦးမညွှတ်လိုတော့ပါဘူး။ နီးစပ်ရာတွေထဲ ဆွဲသွင်းထားတဲ့ ဖွဲ့စည်းပုံထဲလည်း မပါဝင်ချင်ပါဘူး။ သူကောင်းပြုခံရပြီး လုံးဝ အသုံးမကျတဲ့ ကျွန်အစစ် မဖြစ်လိုဘူး။ ညံ့နေတဲ့အထဲ ပေါင်းသင်းရမယ့် ကံတရားကတောင် သင်နဲ့ မတွေ့လိုတော့ပါဘူး။ ယခု ရှိတယ်။ ယခင်လည်း ရှိခဲ့တယ်။ နောင်မှာလည်း ရှိပါလိမ့်ဦးမယ်။ ရေရေရာရာ ဖြစ်ဖူးဖို့တော့ လိုတယ်။

မဖြစ်လောက်တဲ့ ကိုယ်ခံအားက ရှိနေသေးတယ်။ အဲဒီအင်အားနဲ့ပဲ အမြင့်မှာ ရှိနေတဲ့နေရာတစ်ခုကို သိမ်းပိုက်ရပေဦးမယ်။ အဲဒီနေရာ ရောက်သွားရင်လည်း အင်အားက ကျန်ရှိနေသေးတယ်ဆိုရင် ဒီ့ထက် အမြင့်ကို တက်ချင်နေပြန်သေးတယ်။ စိတ်က မလျှော့ချင်သေးဘူး။ မောရတယ်။ အားအင်ကို ပြန်လည် စုစည်းမိပြန်တယ်။ လုံလောက်ခဲ့ရင် တစ်ချီတစ်မောင်းတော့ နွှဲလိုက်ချင်သေးတယ်။ ဒါပေမဲ့ ပြန်ဆင်းဖို့ အနာဂတ်က ရှိနေသေးတယ်။ အရိပ်ရဲ့ အိပ်မောကျရာ အရပ်ကလေးဆီကို ပြန်ဦးလှည့်ရဦးမယ်။ အမြင့်ကို လှမ်းလိုလို့သာ တက်ခဲ့တယ်။ အရိပ်ကို ရှာဖွေလိုလို့သာ ရင်းခဲ့ရတယ်။ ကိုယ့်ဆီကို မိုးလို့ကျနေတဲ့ အရပ်ဆီ ရောက်ချင်လို့သာ လာခဲ့ရတယ်။ အပြန်ခရီးဆိုတာက ရှိနေသေးတယ်။ ပိုလို့ ပင်ပန်းဦးမယ်လား။ ရောက် ခဲ့ရာ အရပ်မှာ ဘာမှမဟုတ်ပါဘူးလို့ ပြောနိုင်ဖို့က အဲဒီနေရာကို ရောက်ခဲ့ဖို့လိုတယ်။ အဲဒီအတွက် အဲဒီအရပ်ကို လာခဲ့တယ်။ ရောက်ခဲ့တယ်။ ဘာမှမရှိ။ အပြန်ခရီးကို နွမ်းလျနေတဲ့ ခြေလှမ်းတွေက ဦးဆောင်နေလေတယ်။

အဓိပ္ပာယ်ကို တိတိကျကျ နားလည်သဘောပေါက်လွယ်တဲ့ ဉာဏ်ရှိဖို့ လိုတယ်။ ယူဆချက်အရကို ပိုလို့ ခိုင်မာသွားစေချင်တယ်။ မင်းကိုယ်မင်း အဓိပ္ပာယ်ရှိစေချင်လို့ နီးစပ်ရာ စုပ်ယူလိုက်ရတဲ့ စကားလုံးကြမ်း ကြမ်းတွေကြောင့် ဖွင့်ဆိုချက်တွေက အရောင် ရင့်ရင့်သွားရတယ်။ ကြည်နူးရမှုလို့ ဆိုခဲ့ရတဲ့တိုင် ကြာကြာ မကြည်နူးနိုင်ဘူး။ စိတ်ထဲစွဲနေတဲ့ အလင်္ကာနဲ့ တန်ဆာဆင်ခဲ့ပေမဲ့လည်း ကဗျာဟာ ၀ိညာဉ်မရှိ။ သေလုနီးပါး အော်ခေါ်ခံရနိုင်တဲ့ ဥပေက္ခာမှာလည်း အကြောင်းပြချက် ကောင်းကောင်း ရှိနိုင်တယ်။ စိတ်က ထိန်းထားနိုင်လိုက်ချင်ပေမဲ့ မျိုသိပ်ရမှုရဲ့ ငရဲဟာ သွေးပျက်စရာ ဖြစ်တယ်။ အံ့သြတုန်လှုပ်ရခြင်းကပဲ ဒေါသသင့်နေတာလို့ ဆိုတယ်။ ရက်စွဲတိုင်း ကြားရမြဲဖြစ်တဲ့  နာရီသံကိုတောင် ချောက်ချားရပါတယ်။ အမေရဲ့ဟောက်သံတိုးတိုးဟာလည်း ကဗျာပြုလုပ်သူရဲ့ ချောက်ချားမှုကို တိတ်တဆိတ် လျော့ကျစေတယ်။ သူရဲ့ မှော်ရုံတောမှာ စကားလုံးဝတ်ရည် စုပ်ယူမယ့် ငှက်ဆိုးတွေရနံ့ ရှူရင်း ယစ်မူးသွားကြရပြီ ထင်တယ်။ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ သေခြင်းတရားကတောင် အဓိပ္ပာယ် ရှိနေနိုင်တယ်။ အဟောင်းအမြင်း ဖြစ်သွားလို့ ရောင်းချ စွန့်ထုတ်ရတော့မယ့် အရင်က အသစ်ဖြစ်ဖူးတဲ့ အတွေးတွေ ကပ်ငြိလာတယ်။ လူတစ်ဦးမှာ အများဆုံး ဖြစ်တတ်တဲ့ အထီးကျန်မှုတွေဟာလည်း အဟောင်းအမြင်းတွေ ဖြစ်နိုင်ရင် ကောင်းမယ်။ ရေရာသလိုတော့ ရှိကောင်း ရှိနေနိုင်တယ်။ ရေရာပါ့မလားလို့ စိတ်ပျက်လက်ပျက် ဖြစ်ရနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ဖယ်ထုတ်နိုင်လိုက်ရင် အများကြီး ကောင်းသွားမယ့် ဝန်းကျင်ရဲ့ အနာဂတ်အတွက် အနစ်နာခံနိုင်တဲ့ နှလုံးသားရှိဖို့ လိုတယ်။ ရေ ရှိနေပေမဲ့ အရသာရှိရိုး မဖြစ်နိုင်ဘူး။ နစ်မြုပ်နေသင့်ပေမဲ့ အကြောင်းအရာပေါင်းများစွာကြောင့် ပေါ်ထွန်းလာရတဲ့ သောင်တစ်ခုလို အဓိပ္ပာယ်မဲ့လိုက မဲ့နေပါလိမ့်မယ်။ လိုအပ်နေသူတွေအတွက် တကယ် လိုအပ်ခဲ့ပါရင် တူးဖော်စရာ မလိုတဲ့ စျေးပေါပေမဲ့ တန်ဖိုးများစွာ ထိုက်တန်တဲ့ အဓိပ္ပာယ် ဖြစ်ချင်တယ်။

ဖယ်ထုတ်ခံရခြင်းအတွက် နာကျင်မှု တွေရှိတယ်။ အနိုင်ရယူသူတွေအတွက်ပဲ လက်ခုပ်သံတွေ ဖြစ်နေခဲ့ရင် ဘဝပေါင်းများစွာကို ချိုးနှိမ်လိုက်သလို ဖြစ်မယ်။ ကန္တာရ ကြမ်းကြမ်းမှာ ရှင်သန်လာရတဲ့ ရနံ့ပင်ရဲ့  ရနံ့ဟာ ပိုလို့ စူးနစ်စေခဲ့တယ်။ အရောင်တွေအပေါ် နားလည်လိုတဲ့စိတ် မရှိပေမဲ့ နားတော့လည်ရပေဦးမယ်။ သွေးကြောကလေးတွေ ရဲ့ဆန္ဒဟာလည်း သင်ရဲ့ဆန္ဒ္ဒ ဖြစ်ကောင်းဖြစ်ပေလိမ့်မယ်။ အိပ်မရခြင်းကပဲ တစ်ခုခုကို တောင်းဆိုကောင်း တောင်းဆိုပေလိမ့်မယ်။ တစ်နေရာ ရပ်တည်နေနိုင်ဖို့ အားလုံးကို နှိပ်ကွပ်ခဲ့ရတာလည်း ဖြစ်နိုင်တယ်။ ဆင်တစ်ကောင်လုံး မိထားပါလျက် သက်သေပြနိုင်ဖို့ ဆင်တစ်ကောင် ထပ်ဖမ်းဦးမယ်ဆိုရင်...ဝေါဟာရကို အစကတည်းက တိတိပပ မဖွင့်ဆိုနိုင်ခဲ့လို့ အဓိပ္ပာယ်က မရှင်းခဲ့ဘူး။ မရှင်းလင်းခဲ့လို့ ယူဆခဲ့ကြရတာတွေ အခက်တွေ့ရပြီ။ ဉာဏ်မမီတော့လို့ ဥပေက္ခာပြုလိုက်ရတဲ့ မိမိ ဖြစ်နေတတ်တယ်။ မှားယွင်းမှာကို ကြောက်နေလျက်ကပဲ အမှားကို ထပ်ထပ်မှားမိတော့တယ်။ မိုးက မလင်းဘူး။ စိတ်ကလည်း  မလင်း။ အပြစ်သားဟာ အကြည့်တွေရဲ့ စူးရှမှုဒဏ်ကို မခံနိုင်လို့ မှောင်မိုက်နေချင်တော့တယ်။

သက္ကရာဇ်တို့ ရှိခဲ့ပြီလား မသိ။ အရိုင်းအစိုင်း ပွင့်လာတတ်တဲ့ စံပယ်တွေတောင်မြေကို အဖော်ပြုရတယ်။ ရေရဲ့ကောင်းခြင်းကပဲ ရနံကို စိုစွတ်စေတယ်။ နှင်းဖြစ်နေလို့ အရသာဟာ မပျက်ဘူး။ သံသရာ ဖြစ်ရခြင်း ဟာလည်း မငြီးငွေ့နိုင်ဘူး။ စိတ်ထဲမှာ ရှိနေနိုင်တဲ့ အကန့်အသတ်တွေကတောင် စိတ်ရဲ့ ကွန့်မြူးမှုကို သတ်တယ်။ စိတ်ရဲ့ အရိပ်ထိုးမှုကြောင့် သေဆုံးသွားရတဲ့ အိပ်မက်တွေ အထောင်အသောင်း ရှိတယ်။ မိုးသစ်တောကြီးထဲ အဆင့်မီ သစ်တစ်ပင် ဖြစ်ရဖို့ သူဆန့်ကျင်ဖယ်ထုတ်ခဲ့ရတဲ့ လောင်းရိပ်တွေ ရှိတယ်။ လူတစ်ယောက်ရဲ့ လောင်းရိပ်မိသွားခဲ့ရင် လောင်းရိပ်အမိခံရသူရဲ့ စိတ်ဟာ သေဆုံးသွားလေပြီ။ ငယ်ငယ်က စာလိုလို ဘာလိုလို ရေးဖူးတယ်။ “ လောင်းရိပ်မိတဲ့ နှလုံးသားမှာ အိပ်မက်တွေ ဘယ်လိုမှ မဖူးပွင့်နိုင်တော့” တဲ့။ ဂီတဟာလည်း အရိုင်းအစိုင်း အသံတွေကို ယဉ်လာအောင် ကျုံးသွင်းရတာပဲ ဖြစ်မယ်ထင်တယ်။ နှလုံးသားကို နှစ်ရှည်လများ လုပ်ကြံခံခဲ့ရလို့ အယူတိမ်းသွားရတဲ့ နတ်စိမ်းတွေ ရှိတယ်။ ရယ်နေသံတွေကြားနေရလို့ လိုက်လာခဲ့မိတယ်။ လှောင်နေကြတယ်။ မျှော်လင့်ခဲ့ရခြင်းဟာ တိုးလျသွားတော့တယ်။

မြစ်မဟုတ်ပေမဲ့ အကြိမ်ကြိမ် လှိုင်းကြမ်းခဲ့ရဖူးတယ်။ ဘဝလို့ ယူဆပြီး အကြိမ်ကြိမ် ခုန်ဆင်းခဲ့ရဖူးတယ်။ ခံနိုင်ရည် မရှိတော့လို့ ဒဏ်ရာတွေကို အန်ချလိုက်ချင်တယ်။ ဝေဒနာအစစ်လို့  ရှုနေရပေမဲ့ အသိက မကင်းပဘူး။ နာနေရတဲ့ တရားကိုတောင် တဏှာတရားက ကပ်ငြိစိတ် ဖြစ်ရတယ်။ ယဉ်ပါးသွားပြီးဖြစ်လို့ အဆိပ်တွေတောင် ဆေးမည် သွားရတယ်။ အလံတွေ အများကြီး လွှင့်တင်ခဲ့ရလို့ မျှော်လင့်ခြင်းတွေတောင် မောပန်းသွားကြပြီ။ ရေမှာ အရုပ်ထင်ကြည့်နေမိတယ်။ မပီပြင်ဘူး။ လေက ဝေ့ဝိုက်သွားတယ်။ လှိုင်း ကလေး ထန်ပြီ။ ရေထဲက အရိပ်ဟာ သံသရာ တစ်ခုလုံး ကူးခတ်နေလိမ့်မယ်။

 

Most Read

Most Recent