Abominable ဇာတ်ကားက မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်လာ

Abominable ဇာတ်ကားက မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်လာ
Published 1 October 2019

Abominable အန်နီမေးရှင်းဇာတ်ကားသည် ပွဲဦးထွက်ဝင်ငွေဒေါ်လာ ၂၀.၉ သန်းရရှိခဲ့ပြီး ဗြိတိန်သမိုင်းနောက်ခံဇာတ်ကား Downton Abbey ကို ကျော်တက်ကာ ယခုသီတင်းပတ်အတွင်း မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်လာကြောင်း လက်မှတ်ဝင်ငွေလေ့လာရေးအဖွဲ့ Exhibitor Relations က ထုတ်ပြန်ခဲ့သည်။

ဆယ်ကျော်သက်မိန်းကလေး Yi သည် ၎င်း၏နေအိမ်ခေါင်မိုးထပ်သို့ လမ်းမှားရောက်ရှိလာသော Yeti အမည်ရှိ အဖြူရောင်နှင်းလူနှင့် အမှတ်မထင်တွေ့ဆုံမိကာ ရင်းနှီးသွားခဲ့သည်။ မိသားစုနှင့်ကွဲကွာလာသော Yeti အား ၎င်းမိသားစုရှိရာ ဟိမဝန္တာတောင်ဆီသို့ ပို့ပေးရန် Yi နှင့် သူ၏သူငယ်ချင်းများ စွန့်စားခန်းဖွင့် ကြိုးပမ်းနေကြချိန်တွင် ကိုယ်ကျိုးစီးပွားအတွက် နှင်းလူ Yeti ကို ဖမ်းဆီးရန် လူချမ်းသာတစ်ဦးက ကြံစည်လာခဲ့ရာ ယင်းအန္တရာယ်ကို Yi နှင့် သူ၏သူငယ်ချင်းတို့ မည်သို့ရှောင်ရှားအနိုင်ယူကြမည်ကို Abominable ဇာတ်ကားတွင် စိတ်ဝင်စားဖွယ် ရိုက်ကူးပုံဖော်ပေးထားခြင်းဖြစ် သည်။

Dream Works နှင့် Pearl စတူဒီယိုတို့မှ ဖန်တီးထုတ်လုပ်ထားပြီး ဒေါ်လာ ၇၅ သန်း အကုန်ကျခံ ရိုက်ကူးထားသော Abominable အန်နီမေးရှင်းဇာတ်ကားတွင် Chloe Bennet, Albert Tsai, Eddie Izzard တို့က အသံနောက်ခံ ပြောကြားပေးထားသည်။

ဗြိတိန်အထက်တန်းလွှာ မိသားစုတစ်စုအကြောင်းကို ရိုက်ကူးထားသော Downton Abbey ဇာတ်ကားသည် ရုံတင်ပြသရက် သီတင်းပတ်နှစ်ပတ်အတွင်းသို့ ရောက်ရှိလာချိန်တွင် လက်မှတ်ရောင်းချရငွေဒေါ်လာ ၁၄.၅ သန်း ရရှိခဲ့ပြီး ဝင်ငွေအကောင်းဆုံးရုပ်ရှင် စာရင်း၏ နံပါတ်နှစ်နေရာတွင် ရှိနေသည်။

အဆိုတော်၊ သရုပ်ဆောင် ဂျနီဖာလိုပက်ဇ်ပါဝင်ထားသော Hustlers ဇာတ်ကားမှာ ဝင်ငွေဒေါ်လာ ၁၁.၅ သန်းဖြင့်မြောက် အမေရိကဝင်ငွေအကောင်းဆုံးရုပ်ရှင်စာရင်းတွင် နံပါတ်သုံးနေရာ၌ ရပ်တည်နေပြီး ထိတ်လန့်ချောက်ချားဖွယ်ကောင်းသော It Chapter Tow ဇာတ်ကားမှာ ဝင်ငွေဒေါ်လာ ၁၀.၄ သန်းဖြင့် နံပါတ်လေးနေရာတွင် ရှိနေသည်။

အသက်အန္တရာယ်များသော မစ်ရှင်တစ်ရပ်ကို ထမ်းဆောင်ရသည့် အာကာသယာဉ်မှူးဇာတ်ကောင်နေရာ၌ ပါဝင်သရုပ်ဆောင်ထားသော ဘရက်ပစ်၏ Ad Astra ဇာတ်ကားမှာ ဝင်ငွေဒေါ်လာ ၁၀.၁ သန်းဖြင့် မြောက်အမေရိက ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ နံပါတ်ငါးနေရာတွင် ရပ်တည်လျက်ရှိသည်။

 

Most Read

Most Recent