မူးယစ်ဆေး၊ အဂတိနှင့် လွတ်မြောက်နေသူများ

မူးယစ်ဆေး၊ အဂတိနှင့် လွတ်မြောက်နေသူများ
တာချီလိတ်မြို့တွင် လက်နက်နှင့် ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် အခြားဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိစဉ် (ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)
တာချီလိတ်မြို့တွင် လက်နက်နှင့် ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် အခြားဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိစဉ် (ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)
Published 29 September 2019
ဇော်မင်းနိုင်

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရ တာဝန်ယူပြီး သက်တမ်း ထက်ဝက်ကျော်လာသည့် အချိန်တွင် အပြောင်းအလဲတစ်ခု လုပ်ဆောင်လာခဲ့သည်။

ယင်းအပြောင်းအလဲမှာ အများက လူရိုးလူအေး၊ စာသမားပေသမားဟု သတ်မှတ်ထားသည့် ဦးထင်ကျော်အစား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် ရှေ့နေဟောင်း တစ်ဦးဖြစ်သူ ဦးဝင်းမြင့်ကို ပြောင်းလဲခန့်အပ် ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြောင်းလဲခန့်အပ်အပြီးတွင် သမ္မတဦးဝင်းမြင့်က တစ်နိုင်ငံလုံးတွင် ကင်ဆာရောဂါတစ်ခုသဖွယ် အမြစ်တွယ်နေသည့် မူးယစ်ဆေးကိစ္စကို အာရုံစိုက် လုပ်ဆောင်လာခဲ့ခြင်းပင်ဖြစ်သည်။

သမ္မတ၏ နိုင်ငံတော်ပရောဂျက် (၀ါ) မူးယစ်တိုက်ဖျက်ရေးလုပ်ငန်း “မူးယစ်ဆေးတွေက ကျွန်တော်တို့ရဲ့ စာသင်ခန်းထဲအထိ ရောက်နေတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဧရာဝတီတိုင်းရှိ ပြည်သူများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

ယင်းအပြင် အခြားလူထုနှင့် တွေ့ဆုံမှုများတွင်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး မပြောခဲ့သည့် အချိန်မှာ ခပ်ရှားရှားဟု ဆိုရမည်ပင် ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော် သမ္မတရုံးတွင် မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ် ဇွန် ၂၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်သူများက မူးယစ်ဆေး ၀ါးသတင်းများ လုံခြုံစွာပေးနိုင်ရန် အရေးပေါ် ဖုန်းလိုင်းတစ်ခုကို ဖွင့်လှစ်၍  မူးယစ်ဆေးဝါး သတင်းများကို လက်ခံခဲ့သည်။

အခြားတစ်ဖက်တွင်လည်း မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပေးခြင်း၊ မူးယစ်သတင်းပေးသူများကို ဆုကြေးချီးမြှင့်ခြင်း၊ အခြေအနေအရ လိုအပ်ပါက လျှပ်တစ်ပြက် ဝင်ရောက်ဖမ်းဆီးနိုင်ရန် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့တစ်ဖွဲ့ ထားရှိကာ ဆောင်ရွက်စေခြင်းများကို ချမှတ်လုပ်ဆောင်ခဲ့သည်။

အပတ်စဉ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကိုလည်း နိုင်ငံ တော်သမ္မတရုံး လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာခြင်းများ လုပ်ဆောင်ခဲ့သည်။

သို့သော် တစ်နှစ်ကျော်အကြာတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မူးယစ်ဆေးမှုများနှင့် ပတ်သက်ပြီး  အားမလိုအားမရဖြစ်သည့် ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

ဇွန် ၂၆ ရက်က နေပြည်တော်ရှှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC -2) တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနား၌ သမ္မတဦးဝင်းမြင့်က “မူးယစ်ဆေးဝါးများ အထူးသတင်း တိုင်ကြားရေးဌာနကို ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာတဲ့ တိုင်ကြားစာ သတင်းအချက်အလက်များကို စနစ်တကျစိစစ် လက်ခံပြီး ဖမ်းဆီးလျက်ရှိရာမှာ အတန်အသင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော်လည်း ပမာဏကြီးမားတဲ့ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းဝယ်ဖောက်ကားမှု သတင်းရရှိမှု အားနည်းနေတဲ့အတွက် လုံခြုံစိတ်ချစွာ သတင်းပေး တိုင်ကြားကြဖို့လည်း တိုက်တွန်းလိုပါတယ်” ဟု  ပြောကြားခဲ့သည်။

သို့သော် မူးယစ်ဆေးဝါးများမှာ အရှိန်အဟုန်ကောင်းကောင်းဖြင့် လည်ပတ်နေဆဲဟု ဆိုရမည်ဖြစ်သည်။

မူးယစ်ဆေးဝါး အများအပြား ရှိသည့်အနက် ပြည်တွင်း၌ အဓိကသုံးစွဲနေသည့် မူးယစ်ဆေးဝါးများမှာ ဆေးခြောက်၊ WY ဆေးပြား၊ ICE မူးယစ်ဆေးခဲများ၊ ဘိန်းဖြူမှုန့်၊ ဘိန်းခဲ၊ ယာဘ စသည့်မူးယစ်ဆေးဝါးများ ဖြစ်သည်။

ယင်းတို့အနက် WY ဆေးပြားနှင့် ဆေးခြောက်ဟုခေါ်သည့် မူးယစ်ဆေးဝါးများမှာ အများဆုံးဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများလည်း ဖြစ်သည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများမှာလည်း တစ်နှစ်ထက်တစ်နှစ် များပြားလာခဲ့သည်ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနားများတွင် မီးရှို့ဖျက်ဆီးခဲ့သည့် စာရင်းများအရ သိရသည်။

အနီးစပ်ဆုံး အနေဖြင့် ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သည့် ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါး တန်ဖိုးမှာ ၂၀၁၈ ခုနှစ်ထက် နှစ်ဆနီးပါး များပြားခဲ့ပြီး ဖမ်းဆီးရမိမှုမှာလည်း နှစ်ဆနီးပါးရှိခဲ့သည်။

“စိတ်ကြွဆေးပြားအနေနဲ့ ကျွန်တော်တို့ မနှစ်က ၂၇၆ သိန်း မီးရှို့ဖျက်ဆီးခဲ့ပြီးတော့ ဒီနှစ်မှာတော့ ၄၁၂ သိန်းကို မီးရှို့ဖျက်ဆီးခဲ့ပါ တယ်။ ၁၃၆ သိန်း ပိုမိုခဲ့တယ်။ ဆေးခြောက်ဆိုရင် မနှစ်က ၆၀ ကီလို ဖျက်ဆီးခဲ့ပြီး ဒီနှစ်မှာ ၈၃ ကီလိုအထိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ၂၃ ကီလို ပိုမိုဖမ်းဆီးခဲ့ပါတယ်။ ICE ဆိုရင် မနှစ်က ၃၀၅ ကီလို၊ ဒီနှစ်မှာ ၁၉၃၇ ကီလို ဖမ်းဆီးရမိတော့ ၁၆၂၃ ကီလို ပိုမိုဖမ်းဆီးရမိခဲ့ပါတယ်။ ကတ်တမင်းက မနှစ်က ၂၀ ကီလို ဖမ်းဆီးရမိခဲ့ပြီး ဒီနှစ်မှာ  ၃၀ ကီလို ဖမ်းဆီးရမိ ခဲ့ပါတယ်” ဟု အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဝေက မီးရှို့ဖျက်ဆီးမှု အခမ်းအနား၌ ပြောကြားခဲ့သည်။

သို့သော် မူးယစ်ဆေးပြားများမှာမူ မြန်မာ့လူမှု ပတ်ဝန်းကျင်တွင် အရှိန်အဟုန် ကောင်းနေဆဲဟု ဆိုရမည်ဖြစ်သည်။

“ဆေးမှုနဲ့ကျတဲ့သူက ပြန်လွတ်လာလည်း ဆေးပဲပြန်ရောင်းတာ တွေ့ရတယ်။ ကျွန်တော်တို့နားမှာဆိုရင် လူတစ်ယောက် ဆေးမှုနဲ့ကျတာ ခြောက်နှစ်လောက်ကျတယ်။ ဒါပေမဲ့ စည်းကမ်းကောင်း လျှော့ရက်နဲ့ နှစ်နှစ်ကျော် သုံးနှစ်နဲ့ ပြန်လွတ်လာတယ်။ ဒါပေမဲ့  မကြာဘူး။ ဒီအလုပ်ပဲ ပြန်လုပ်နေတာပဲ” ဟု ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံးမြို့နယ် တစ်ခုတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

အချုပ်ခန်းများ၊ ထောင်များတွင် နေရာယူနေသည့် မူးယစ်ဆေးမှု

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင်လည်း အများဆုံးအဖြစ် နေရာယူနေသည့် အမှုမှာလည်း မူးယစ်မှုပင်ဖြစ်သည်။

ရန်ကုန်တိုင်းလွှတ်တော်တွင် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီ အဖွဲ့ဝင်များက ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၄ မြို့ နယ်ရှိ တရားရုံးများ၊ ဥပဒေရုံးများ၊ ရဲစခန်းများတွင် ကွင်းဆင်းစစ်ဆေး ခဲ့ရာတွင် ယင်းသို့များပြားနေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

သို့သော် ဖမ်းဆီးခံရသူအများစုမှာ လူငယ်များဖြစ်ပြီး မူးယစ်ဆေးဝါး ဖြန့်ဖြူးသူများထက် သုံးစွဲသူများ ဖြစ်နေသည်ကို တွေ့ရခြင်းပင်ဖြစ်သည်။

“အချုပ်ခန်းတွေမှာ၊ တရားရုံး တွေမှာ မူးယစ်ဆေးဝါးအမှုနဲ့ပတ် သက်လို့ တွေ့ရှိခဲ့ရတာကတော့ လူ ငယ်လူရွယ်လေးများပဲ ဖြစ်ပြီးတော့ ဆေးပြားအနည်းငယ် လက်ဝယ်ဖမ်း မိသူများဖြစ်ပါတယ်။ပြီးတော့ အဓိက ရောင်းဝယ်ဖြန့်ဖြူးသူတွေကို ဖမ်း မိတာ နည်းပါးတာကို တွေ့ရှိရပါတယ်” ဟု ကော်မတီဝင်တစ်ဦးဖြစ်သည့် လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့်  ၂၀၁၇ ခုနှစ် ဘိန်းစိုက်ပျိုးမှု ဟက်တာ ၄၁၀၀၀ ရှိပြီး ထုတ်လုပ်မှု ၅၅၀ မက် ထရစ်တန်ဖြစ်ခဲ့ကာ ၂၀၁၈ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှုဟက်တာ ၃၇၃၀၀ ခန့်သာရှိပြီး  ထုတ်လုပ်မှုမှာ ၅၂၀ မက်ထရစ်တန်သာ ရှိခဲ့ကြောင်း၊ ထို့ကြောင့် ဘိန်းစိုက်ပျိုးမှုမှာ ၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ထုတ်လုပ်မှုမှာ ၅ ဒသမ ၄၅ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ သို့သော် ဘိန်းစိုက်ပျိုးမှု လျော့ကျခဲ့သော်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ဖမ်းဆီးရမိမှုများမှာ တစ်နှစ်ထက်တစ်နှစ် မြင့်မားလျက်ရှိပြီး အများစုမှာ ဆယ်ကျော်သက် လူငယ်များ ဖြစ်နေသည်ကို တွေ့ရသည်။

ဆယ်ကျော်သက်လူငယ်၊ ကျောင်းသားများကို အသုံးချနေသည့် မူးယစ်ဖြန့်ဖြူးရေး

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး တစ်နိုင်ငံလုံး၏ စီးပွားရေးကို ဦးဆောင်နေသည့် ရန်ကုန်ကဲ့သို့ မြို့တစ်မြို့တွင်ပင် မူးယစ်ဆေးဝါးများမှာ စာသင်ကျောင်းများအတွင်းပင် ပျံ့နှံ့နေသည်။

ရန်ကုန်မြို့တွင် မူးယစ်ဆေးသုံးစွဲသူများ အဓိကထားသည့်ဆေးမှာ WY ကဲ့သို့ ဆေးပြားများဖြစ်သည်။ ယင်းဆေးပြားများမှာ စိုက်ရသည့်မြေနေရာ၊ လူအင်အားမလိုဘဲ အတန်အသင့် နေရာတစ်ခု ရှိရုံဖြင့် ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ယင်းအပြင် သယ်ဆောင်ဖြန့်ဖြူးရာတွင်လည်း လွယ်လင့်တကူ သယ်ဆောင်နိုင်သည့် အခြေအနေ ဖြစ်ခြင်းကြောင့် ဖြန့်ဖြူးသူများ အကြိုက်တွေ့သည့် အရာတစ်ခုလည်း ဖြစ်သည်။

ယခင်က ဆေးပြားဖြန့်ဖြူးသူများမှာ လူလတ်ပိုင်းအရွယ်များ ဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် ဆယ်ကျော်သက်များပါ လှုပ်ရှားလာသည်ဟု ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်အချို့က ပြောကြားသည်။

မူးယစ်ဆေးပြား ဖြန့်ဖြူးသူများ၏ အဓိကပစ်မှတ်မှာလည်း လူငယ်များဖြစ်ပြီး ကျောင်းသားကျောင်းသူ အချင်းချင်း၊ လူငယ်လူရွယ် အချင်းချင်းမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုများရှိကြောင်း ရန်ကုန်တိုင်းလွှတ်တော်မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်လွင်ထွန်းက ပြောကြားသည်။

ရန်ကုန်မြို့ကဲ့သို့ ဆင်ခြေဖုံးမြို့နယ်များတွင်ပင် လူငယ်အချို့က မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးနေခြင်းများရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောကြားသည်။

“ကလေးတွေများတယ်။ ၁၃ ၁၄ လောက်တွေပေါ့။ သူတို့ကျတော့ လူတွေက သိပ်သတိမထားမိဘူး။ အဲဒီလိုအရွယ်တွေနဲ့ လွှတ်တာများတယ်။ မသိရင်တော့ ကလေးပေါ့။ တကယ်လမ်းကြောင်း သိတဲ့သူမှပဲ အဲဒါကိုသိတာ။ သူ့အထာနဲ့သူရှိတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဆင်ခြေဖုံးမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြန့်ဖြူးလူငယ်များမှာလည်း ပထမတွင် သုံးစွဲအဆင့်များ ဖြစ်သော်လည်း နောက်ပိုင်းတွင် သုံးစွဲခြင်းအပြင် ရောင်းဝယ်ခြင်းများကိုပါ လုပ်ကိုင်လာခြင်းဖြစ်သည်။

မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူးသူများမှာ ရောင်းဝယ်သည့် ပစ္စည်းများကို လက်ဝယ်တွင် မထားရှိဘဲ အနည်းဆုံး နှစ်ဆင့်သုံးဆင့်ခံ ထားပြီးမှသာ လုပ်ကိုင်ကြခြင်းကြောင့် မည်သည့်အခါမျှ ပင်စည်များကို မမိဘဲ ကိုင်းဖျားကိုင်းနားများကိုသာ ဖမ်းဆီးရမိနေခြင်းဖြစ်သည်။

“ဒီကောင်တွေလုပ်နေတဲ့ ဗျူဟာက သူတို့ဆီကို မရောက်နိုင်အောင် အကန့်စနစ်နဲ့ ဖြတ်ဖြတ်ပြီး လုပ်တယ်။ သဘောက အောက်မှာ ဆေးပြားရောင်းတယ်။ ရောင်းတဲ့နေရာမှာ ဖမ်းမိတယ်။ ဖမ်းမိတော့ နောက်ကွင်းဆက်ကို ထပ်လိုက်တော့ နှစ်ဆက်လောက်ပဲ ဖမ်းမိတယ်။ အပေါ်ပိုင်းကျတော့သူတို့က တယ်လီဖုန်းနဲ့ ဆက်သွယ်တာတွေ လူချင်းအတွေ့မခံတာတွေ ပြုလုပ်တဲ့အတွက် လက်ကြီးသမားတွေကို ဖမ်းမိဖို့ ခက်ခဲတာပေါ့” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အများစုမှာလည်း အရေအတွက် အနည်းငယ်သာ ဖမ်းဆီးရမိနေခြင်းဖြစ်ပြီး အရေအတွက် အများအပြား ဖမ်းမိပါက ပိုင်ရှင်မဲ့များသာ ဖြစ်နေသည်ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောကြားသည်။

“မူးယစ်ဆေးဝါး အများအပြား မိလိုက်ရင်လည်း ပိုင်ရှင်မဲ့ဖြစ်နေတာတွေ များပါတယ်။ တကယ်တော့ သယ်ယူဖြန့်ဖြူး ရောင်းချသူတွေ များနေလို့ အခုလို လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးကို အလွယ်တကူရရှိနေကြတာ ဖြစ်ပါတယ်။ ဒီလိုလူတွေကို ထိထိရောက်ရောက် ဖော်ထုတ်ဖမ်းဆီး အရေးယူသင့်ပါတယ်” ဟု လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

ထို့ပြင် သုံးစွဲရန်အတွက် ငွေရလွယ်ခြင်း၊ ကိုယ်တိုင်ဖြန့်ဖြူးသည့် အနေအထားများ ရောက်ရှိသွားပါက စျေးသက်သာခြင်း စသည့်အခြေအနေများအပြင် အချို့လူငယ်များမှာ သုံးစွဲရောင်းဝယ်ခြင်း မရှိဘဲ ရောနှောဖမ်းဆီးခံရသည့် ဖြစ်စဉ်များမှာလည်း ဒုနှင့်ဒေးပင်။

“ဘယ်သူတွေ ဘယ်လိုသေသေ ငတေမာရင်ပြီးရောထုံးကို နှလုံးမူတဲ့ မူးယစ်ရာဇာကြီးတွေရဲ့ သားကောင်ဖြစ်ကြရတဲ့ သူတွေကတော့ မလိမ်မိုးမလိမ္မာ လက်တည့်စမ်းကြတဲ့ လူငယ်လူရွယ်လေးတွေပဲ ဖြစ်ပါတယ်။ တချို့ဆိုရင် သုံးစွဲသူအဆင့်ကနေ ငွေရေးကြေးရေး မလောက်တာကြောင့် ရောင်းဝယ်ဖောက်ကားသူ အဆင့်ကို ရောက်ရှိသွားရရှာပါတယ်။ တချို့ကျတော့လည်း လုံးဝသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်း မရှိဘဲနဲ့ ရောနှောဖမ်းဆီးခြင်းကို ခံကြရတာတွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကြားနေရပါတယ်” ဟု ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ဒေါ်သီတာမောင်က ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အများစိတ်ဝင်စားနေသည့် အမှုတစ်ခုဖြစ်သည့် နာမည်ကျော် မူးယစ်ဆေးဝါး အမှုသာမက လက်နက်များ တွေ့ရှိမှုဖြင့် ဖမ်းဆီးခံထားရသည့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်း အမှုပင်ဖြစ်သည်။

ဖြိုးကိုကိုတင့်ဆန်းကို နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ နေအိမ်များတွင် မူးယစ်ဆေးဝါးများ၊ လက်နက်များဖြင့်လည်းကောင်း၊ ၎င်း၏ မော်တော်ယာဉ်များတွင် လည်းကောင်း မူးယစ်ဆေးဝါး၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သော်လည်း လက်ရှိတွင် ဖြိုးကိုကိုတင့်ဆန်းက ငြင်းဆို ထားသည်။

မူးယစ်မှုများတွင် အဂတိကင်းရဲ့လား

ကျင်းပနေသည့် ရန်ကုန်တိုင်း လွှတ်တော်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အဆိုတစ်ခုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

ယင်းအဆိုတွင် ထူးခြားမှုတစ်ခုမှာ မူးယစ်မှုများတွင် ပြည်သူက သတင်းပေးသော်လည်း အမှန်တကယ် ဖမ်းဆီးချိန်တွင် ကျူးလွန်သူများမှာ လွတ်မြောက်သွားသည့် အခြေအနေများကို ဆက်စပ်ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

ယင်းသို့လွတ်မြောက်နေခြင်းမှာ ရဲတပ်ဖွဲ့ဝင်အချို့က ကြိုတင်သတင်းပေးနေခြင်းကြောင့်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုလျက်ရှိသည်။

“ကိုယ့်မိခင် အဖွဲ့အစည်းအတွက် အများစုက ဆောင်ရွက်နေသလို တချို့တွေကဆိုရင် ကိုယ်ကျိုးစီးပွားအတွက် မိမိအဖွဲ့အစည်းရဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘဲနဲ့ ကိုယ်ကျိုးရှာပြီးတော့ WY ရောင်းဝယ်ဖောက်ကားသူတွေနဲ့ သတင်းပေးအဖြစ် ဆောင်ရွက်နေတာကိုလည်း တွေ့မြင်ရပါတယ်။ ဥပမာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဆိုရင်လည်း ၁၉၉ ဖုန်းနံပါတ်တွေကို ပေးထားတယ်။ တချို့ပြည်သူတွေက ဆက်သွယ်ပါတယ်။ ရောက်လာပါတယ်။ ချက်ချင်းဖမ်းဆီးတဲ့အခါမှာ သတင်းကြိုတင် ရရှိမှုတွေကြောင့် ခုနကတင်ပြခဲ့တဲ့ တပ်ဖွဲ့ဝင်အချို့က ကြိုပြီးတော့ သတင်းပေးထားတဲ့အတွက် လက်ဝယ်မတွေ့ဘဲ ဖမ်းဆီးမရတာတွေလည်း ရှိခဲ့ပါတယ်” ဟု ဒေါပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးက ပြောကြားသည်။

မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး အထက်လူကြီးများက ကိန်းဂဏန်းများဖြင့် မည်မျှဖမ်းဆီးရမိသည် ဆိုသည်ကို ပြောကြားနေသော်လည်း အမှန်တကယ် အောက်ခြေတွင် ယင်းကိန်းဂဏန်းများထက် ပိုများသည့် လွတ်မြောက်မှုများ ရှိနေသည်ဟု အင်းစိန်မြို့နယ် မဲဆန္ဒအမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။

ပြည်သူများက သတင်းပေးနေသော်လည်း အကျင့်ပျက် ရဲတပ်ဖွဲ့ဝင်အချို့က မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူများနှင့် လက်ဝါးခြင်းရိုက်ကာ သတင်းပေးနေမှုကြောင့် ယင်းပုံစံအတိုင်း ဆက်သွားပါက ပြည်သူများ၏ ယုံကြည်မှု ပျောက်ဆုံးလာမည် ဖြစ်ကြောင်း ဦးဝေဖြိုးဟန်က ဆက်လက်ပြောကြားသည်။

“အောက်ခြေမှာ ပြည်သူလူထုဟာ အခုဆိုရင် မူးယစ်မှုဆိုတာနဲ့ မြို့နယ်ရဲစခန်း၊ ခရိုင်ရဲစခန်းတွေကိုတောင် ယုံကြည်မှု လျော့လာနေပါပြီ။ နောက်ဆိုရင် တိုင်းရဲရုံးကိုတောင် ယုံကြည်မှာ မဟုတ်တော့ပါဘူး” ဟု ဦးဝေဖြိုးဟန်က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မူးယစ်မှုဟေ့လို့ ဆိုလိုက်ရင် လူတွေက ရဲကိုမယုံဘူး။ တိုင်လိုက်ရင် သတင်းကြိုပေါက်တာပါပဲ။ ဒီလိုတွေဖြစ်နေတာ လူကြီးတွေ သိချင်လည်းသိမယ်။ မသိသလို နေနေတာလည်း ဖြစ်ချင်ဖြစ်မယ်” ဟု အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။

အဆိုပါ အခြေအနေများမှာ ကြိုတင်ဖမ်းဆီးသည့် အချိန်များတွင် ကြုံတွေ့ရသည့် အဂတိလိုက်စားမှုများဖြစ်ပြီး ဖမ်းဆီးပြီးသည့် နောက်ပိုင်းတွင်လည်း အဂတိလိုက်စားမှုများ ရှိနေသည်ဟု ပြည်သူများအကြားတွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိနေသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်ထက်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ပြန်လည်ပြင်ဆင်လိုက်သည့် အချက်များအရ  မူးယစ်အရေအတွက် အနည်းငယ်သာ လက်ဝယ်တွေ့ရှိပါက သုံးစွဲမှုဖြင့် တရားစွဲဆိုနိုင်ပြီး ပြစ်ဒဏ်မှာလည်း လူမှုရေး ပြစ်ဒဏ်များသာ ချမှတ်ခံရသည့် အခြေအနေဖြစ်သည်။

ယင်းကြောင့် ဖမ်းဆီးခံရသူများ အနေဖြင့် သုံးစွဲအဖြစ် သတ်မှတ်ထားသည့် အရေအတွက်ထက် ပိုများပါက အမှုအား ပြောင်းလဲနိုင်ရန် သက်ဆိုင်သူများနှင့် ညှိနှိုင်း၍ ဖမ်းဆီးရမိသည့် အရေအတွက်ကို လျှော့ချစာရင်းသွင်းနိုင်ရန် ကြိုးစားခြင်းပင် ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မူးယစ်မှုနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည့် အမှုတစ်ခုရှိခဲ့သည်။

“အများဆုံး တိုင်ကြားတာကတော့ လောလောဆယ် မရှိသေးဘူး။ ပြီးခဲ့တဲ့ ကော်မရှင်တုန်းကတော့ သထုံခရိုင်က မူးယစ်တာဝန်ခံ တစ်ယောက်က သူရဲ့အာဏာ၊ လုပ်ပိုင်ခွင့်အပေါ် မူတည်ပြီးတော့မှ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ကလေးလေးတစ်ယောက် အပေါ်မှာ သူ့ရဲ့လုပ်ပိုင်ခွင့် အပေါ်မှာ အဂတိလိုက်စားလို့ တိုင်စာတစ်စောင်ရောက်တယ်။ အဲဒါကို စစ်ဆေးတော့ ပေါ်ပေါက်တဲ့ အတွက်ကြောင့် သူ့ကိုအရေးယူခဲ့ဖူးတယ်။ အဲဒါတစ်ခုတော့ရှိတယ်” ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောကြားသည်။

သမ္မတဦးဝင်းမြင့် လက်ထက်တွင်မူ ယင်းသို့ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တိုင်ကြားမှုမျိုး မရှိသေးကြောင်း ဦးကျော်စိုးက ဆက်လက် ပြောကြားသည်။

“ဒီဘက်ပိုင်းမှာတော့ အဲဒီလို တရားစွဲတင်ခံရတဲ့သူတွေ မရှိသေးဘူး” ဟု ၎င်းက ပြောကြားသည်။

မူးယစ်ဆေးဝါးမှုမှာ အဂတိလိုက်စားမှု အများဆုံးဖြစ်ပွားနေသည့် အခြေအနေဖြစ်ပြီး ပြည်သူများအကြားတွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်ဟု ဥပဒေပညာရှင် တစ်ဦးဖြစ်သည့် ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့မှ ဒေါ်ညိုညိုသင်းက ပြောကြားသည်။

“တရားရုံးမှာက လူငယ်တွေ မူးယစ်ဆေးဝါးမှုနဲ့ ရောက်ကြတာများတယ်။ အဲဒီအခါကျတော့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေရဲ့ ဟာကွက်၊ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီးတော့ အကျင့်ပျက်လာဘ်စားတဲ့ နိုင်ငံ့ဝန်ထမ်း တချို့လည်းရှိတယ်။ အထူးသဖြင့် ရဲတပ်ဖွဲ့ဝင်တချို့၊ ဥပဒေဝန်ထမ်းတချို့၊ တရားသူကြီး တချို့တွေက ဆေးမှုတွေ၊ အထူးသဖြင့် မူးယစ်ဆေးဝါးမှုတွေမှာ ပိုက်ဆံပေးနိုင်ရင်တစ်မျိုး၊ မပေးနိုင်ရင်တစ်မျိုး ရှေ့နောက်မညီတဲ့ ဆုံးဖြတ်ချက်တွေကို တွေ့ရတယ်။ တရားရုံးအမှုတွေကို လေ့လာ တဲ့အခါမှာလည်း အဲဒီအချက်တွေကို ထင်ထင်ရှားရှား တွေ့ရတယ်။ အထူးသဖြင့် မူးယစ်မှုတွေမှာ အဂတိလိုက်စားမှု ကျူးလွန်ဖို့အတွက် အကောင်းဆုံးအမှုလို ဖြစ်နေတယ်” ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

မူးယစ်ဆေးဝါးမှုတွင် အဂတိလိုက်စားမှု အများဆုံး ဖြစ်ပွားစေသည့် အကြောင်းရင်းများမှာ နှစ်ချက်ရှိပြီး ယင်းအချက်များကို ပြင်ဆင်နိုင်ပါက အဆင်ပြေနိုင်မည်ဟု ဒေါ်ညိုညိုသင်းက ထောက်ပြသည်။

တရားဥပဒေပိုင်းတွင် ပါဝင်သည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်ဘောင်များထဲက ပြုလုပ်နေခြင်းဖြစ်သဖြင့် မူးယစ်ဆေးမှုနှင့် ပတ်သက်၍ သီးသန့်ညွှန်ကြားချက်များ ထုတ်ပြန်ပေးခြင်းနှင့် နည်းဥပဒေများကို အမြန်ဆုံး ပြဋ္ဌာန်းပေးခြင်းများကို ဆောင်ရွက်ရမည်ဟု ဒေါ်ညိုညိုသင်းက ဆိုသည်။

“တပ်ဖွဲ့ဝင်တွေလည်း လုပ်ပိုင်ခွင့်အတွင်းမှာ တရားသူကြီး တချို့က လည်း သူ့ရဲ့လုပ်ပိုင်ခွင့်ဘောင်၊ ဥပဒေဝန်ထမ်း တချို့ကလည်း သူ့ရဲ့ဘောင်ထဲကနေ အဂတိလိုက်စားမှု ကျူးလွန်ကြတယ်။ --- နောက်ပြီးတော့ အပြစ်အနည်းဆုံး တရားခံ တစ်ယောက်ကို ခေါင်းထိုးပြီးတော့ ကျန်တဲ့သူတွေက လွတ်မြောက်သွားတာတွေ တွေ့ရှိရတယ်။ ဥပမာ အမှုမှာ သုံးယောက်လောက် ဖမ်းခံရတယ်။ အဲဒီမှာ ပိုက်ဆံလည်းမပေးနိုင်တဲ့ အခါကျတော့ သူ့ထက်လည်း ပိုက်ဆံရှိတယ်။ ပါးရည်နပ်ရည် လည်းရှိတယ်။ ပိုပြီးတော့ ရောင်းဝယ်ဖောက်ကားတဲ့ လူတွေရဲ့ တလွဲအသုံးချပြီးတော့ လွတ်မြောက်သွားတဲ့ အမှုတွေကိုလည်း လေ့လာတွေ့ရှိရတယ်။ ဒါကြောင့် မူးယစ်မှုတွေနဲ့ ပတ်သက်ပြီး တရားရုံးချုပ်က တရားသူကြီးတွေ လိုက်နာဖို့ စည်းမျဉ်း စည်းကမ်းတွေ ညွှန်ကြားချက်တွေ သီးသန့်ထုတ်ပြန်သင့်တယ်။ နောက်တစ်ခါ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေထွက်ပြီးပေမယ့် နည်းဥပဒေ မထွက်သေးတဲ့ဟာတွေ ရှိနေတဲ့အတွက်ကြောင့် လက်တွေ့ဆောင်ရွက်ရာမှာ အခက်တွေ့တာတွေရှိတယ်။ ဒါကြောင့်မို့လို့ မူးယစ်မှုတွေမှာ လုပ်ထုံးလုပ်နည်းတွေကို သက်ဆိုင်ရာက အမြန်ဆုံး ထုတ်ပြန်သင့်တယ်” ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

မူးယစ်ဆေးဝါးမှုများတွင် အမြစ်တွယ်နေသည့် အဂတိလိုက်စားမှုများကို ဖော်ထုတ်ရန်မှာ လက်ရှိခေတ်အခြေအနေများအရ စုံစမ်းဖော်ထုတ်ရန် လွယ်ကူသည့် အခြေအနေများကို ရောက်ရှိလာကြောင်း၊ ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါး အမှုများတွင် စောင့်ကြည့်ကာ သံသယဖြစ်သည့် အခြေအနေများ ဖြစ်ပွားလာပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်နေသည့် အရပ်ဘက် လူထုအဖွဲ့အစည်းများသို့ သတင်းပေးပို့ခြင်းများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူနေသည့် ဦးဝင်းမြင့် လက်ထက်တွင် ဦးစားပေးလုပ်ငန်း၌ တစ်ခုအပါအဝင်ဖြစ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းအတွက် ပြည်သူများ သတင်းပေးပို့ရာတွင် လုံခြုံမှုရှိစေရန် သတင်းပေါက်ကြားမှု မရှိစေရန် စီစဉ်ဆောင်ရွက်ထားသည်ဟု မကြာခဏ ပြောဆိုခြင်းများ ရှိနေသော်လည်း အောက်ခြေတွင်မူ ကွဲလွဲမှုများ ရှိနေသည်။

မူးယစ်မှုကို သတင်းပေးဖမ်းဆီးနိုင်ရန် ပြည်သူများက တိုင်ကြားသော်လည်း သတင်းပေါက်ကြားမှုကြောင့် လွတ်မြောက်သွားသည့် အခြေအနေများမှာ လွှတ်တော်တွင် ဆွေးနွေးမှုများအဖြစ် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ထို့ပြင် ပြည်သူများအကြားတွင် ရေပန်းစားနေသည့် မူးယစ်မှုမှာစား၍ (အဂတိ) အကောင်းဆုံးဟုဆိုသည့် စကားကိုလည်း ပြောင်းပြန်လှန်ပစ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ ယင်းသို့ မပြုလုပ်နိုင်ပါက မူးယစ်မှုများမှာ ငွေကြေးတတ်နိုင်သူများအတွက် မပြောပလောက်သည့် အမှုတစ်ခုအဖြစ် တည်ရှိနေမည်သာ ဖြစ်သည်။

 

 

Most Read

Most Recent