အတ္ထုပ္ပတ္တိဟူသည် . . .

အတ္ထုပ္ပတ္တိဟူသည် . . .
Published 28 September 2019

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘဝနှင့် စရိုက်ကို ဖော်ပြသည့်စာသည် အတ္ထုပ္ပတ္တိ ဖြစ်သည်။ အတ္ထုပ္ပတ္တိသည် ရုပ်ရှင်ရိုက်ကူးထားသည့်တိုင် ကဗျာ၊ ပြဇာတ်၊ ဝတ္ထု အစရှိ သည်တို့ကဲ့သို့ပင် စာပေ၏ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သည်။ စာပေ၏ အခြားအင်္ဂါ အစိတ်အပိုင်းများကဲ့သို့ပင် အတ္ထုပ္ပတ္တိသည် စာဖတ်သူတို့အား စိတ်ဝင်စားမှုလည်း ဖြစ်ပွားစေသကဲ့သို့ အကျိုးလည်း များစေသည်။ အတ္ထုပ္ပတ္တိကို ဖတ်လျှင် စာဖတ်သူသည် စိတ်ဝင်စားမှု ရရှိပြီး မိမိအတွက် အကျိုးများစေမည့် အချက်အလက်များကို သိရှိနားလည်နိုင် သည်။ အခြားသော ပုဂ္ဂိုလ်များ၏ ဘဝဖြစ်ရပ်နှင့် စရိုက်ကို သိရှိနားလည်ပါက မိမိ ဘဝ ဖြစ်ရပ်နှင့် စရိုက်ကို ပြန်လည်သုံးသပ်ပြီး ပြုပြင်သွားသင့်သည်ကို ပြုပြင်သွားနိုင်သည်။ အတုယူသင့်သည်ကို အတုယူသွားနိုင်သည်။ စွန့်ပယ်သင့်သည်ကို စွန့်ပယ်သွားနိုင်ပေ လိမ့်မည်။ အတ္ထုပ္ပတ္တိ ပြုစုရာတွင် (၁) အချက်အလက် စုဆောင်းခြင်း၊ (၂) အချက်အလက်များကို ဖွဲ့စည်းခြင်း၊ (၃)အချက်အလက် ဖွဲ့စည်းရာ၌ ပေါ်တတ်သော ပြဿနာများ၊ (၄) သမိုင်းအဆက်ပြတ်သည်ကို ရှာဖွေခြင်းနှင့် (၅) ကိုးကားစရာ အရေးအသားပစ္စည်းများ ဟူ၍ အစိတ်အပိုင်းများ ရှိသည်။

အတ္ထုပ္ပတ္တိ၏ အစသည် မြန်မာစာပေအရေးအသား စတင်ချိန်ကတည်းက ဖြစ်သည်ဟု ဆိုနိုင်သည်။ မြန်မာစာပေသုတေသီများ၏ အဆိုအရ မြန်မာစာအရေးအသားသည် ပုဂံခေတ် မြစေတီကျောက်စာဟု ခေါ်တွင်သော ရာဇကုမာရကျောက်စာက စသည်ဟု သိရသည်။ ခရစ်နှစ် ၁၁၁၂ ခုနှစ်က ကျန်စစ်သား၏ သားတော် ရာဇကုမာရသည် ပုဂံတောင်ဘက် မြစေတီဘုရား၌ ပါဠိ၊ မွန်၊ ပျူ၊ မြန်မာဘာသာတို့ဖြင့် ကျောက် စာရေးထိုးခဲ့သည်။ ထိုကျောက်စာ၌ သာသနာတော်နှစ် ၁၆၂၈ ခုနှစ်၌ ပုဂံပြည်တွင် ကျန်စစ်သားမင်း အုပ်ချုပ်မင်းလုပ်ကြောင်း၊ ကြင်ရာမိဖုရား သမ္ဘူလ၏ သားတော်မှာ ရာဇကုမာရဖြစ်ကြောင်း၊ ဘုရင်သည် မိဖုရားအား ကျွန်သုံးရွာကို ပေးထားကြောင်း၊ မိဖုရား လွန်သည့်အခါ ဘုရင်က မိဖုရား၏ ရတနာတန်ဆာများနှင့် ကျွန်သုံးရွာကို သားတော် ရာဇကုမာရအား ပေးအပ်ခဲ့ကြောင်း၊ နှစ်ပေါင်း ၂၈ နှစ်မျှ ထီးနန်းစိုးစံပြီးနောက် ကျန်စစ်မင်း နာမကျန်းဖြစ်သည့်အခါ သားတော်သည် ဘုရင်မင်းကြီး၏ အထိမ်းအမှတ်အဖြစ် ဆင်းတုတော်တစ်ဆူ ကိုးကွယ်လှူဒါန်းကြောင်း၊ ကျွန်သုံးရွာကိုလည်း ဘုရားရှင်အား လှူဒါန်းကြောင်း စသည်တို့ ရေးထိုးဖော်ပြထားသည်။ ယင်းသို့ မြစေတီကျောက်စာ၌ ကျန်စစ်မင်းနှင့် သားတော်၏အကြောင်း အတ္ထုပ္ပတ္တိကို ရေးထိုးထားသဖြင့် မြန်မာစာ၏ အစကနဦးဖြစ်သော မြစေတီကျောက်စာသည်ပင် မြန်မာအတ္ထုပ္ပတ္တိစာပေ၏ အစဟု ဆိုနိုင်သည်။

မည်သို့ဆိုစေ အတ္ထုပ္ပတ္တိဟူသည်မှာ သက္ကရာဇ်စာရင်းသဖွယ် မဖြစ်သင့်ပေ။ ဥပမာအားဖြင့် “၁၉၁၅ ခုနှစ်၌ မွေးဖွား၍ ၁၉၂၃ ခုနှစ်တွင် ကျောင်းစနေပြီး ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ် ရောက်ကာ ၁၉၃၈ ခုနှစ်၌ ဘွဲ့ရ၏” စသည်ဖြင့် ရေးသားထားခြင်းမှာ စင်စစ် အတ္ထုပ္ပတ္တိအစစ် မဟုတ်၊ အတ္ထုပ္ပတ္တိ၏ အကြမ်းဖျင်းမျှသာ ဖြစ်လေသည်။ အထူးသဖြင့် သူ့တစ်သက်တာတွင် သူ၏ ဆောင်ရွက်လုပ်ကိုင်မှုများကို အဓိကထား၍ ရေးသားသင့်၏။ သို့မှသာ ထိုသူ၏ စိတ်နေသဘောထားကို စာဖတ်သူတို့ အကဲခတ်နိုင်ပေမည်။ အတ္ထု ပ္ပတ္တိဟူသည် လူတစ်ယောက်၏ ဘဝကို လေ့လာခြင်းဖြစ်၍ အကောင်းအဆိုးကို မြင်သရွေ့ အမှန်အတိုင်း ဖော်ပြရသည်။ သို့သော် စာရေးသူ၏စိတ်တွင် သူ၏အတ္ထုပ္ပတ္တိ အရေးခံပုဂ္ဂိုလ်သည် ကောင်းသည်ဟူ၍လည်း မိုးထိအောင် အထင်ကြီးခြင်းမဖြစ်၊ ဆိုးသည်ဟူ၍ လည်း နှိမ့်ချကဲ့ရဲ့လိုစိတ် မရှိဘဲ ထိုသူ၏ သဘာဝဖြစ်ပျက်သမျှကို အမှန်အတိုင်းရေးခြင်းသာလျှင် အတ္ထုပ္ပတ္တိအစစ်ဖြစ်သည်။ စာဖတ်သူ၏စိတ်၌လည်း အတ္ထုပ္ပတ္တိဖတ်ရာ၌ လူကို လေ့လာခြင်းသာဖြစ်၍ အကျိုးအပြစ်ကို လျစ်လျူရှု၍သာလျှင် အတ္ထုပ္ပတ္တိတို့ကို ဖတ်ရှုသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent